မြန်မာပြည်က လက်နက်ကိုင်ပဋိပက္ခအားလုံးချုပ်ငြိမ်းရေး

ရွှေနိုင်ငံဖြစ်အောင် ပြန်လည်ကြိုးပမ်းကြပါစို့

ငြိမ်းချမ်းရေးအသီးအပွင့်များကို ကိုယ်တိုင်ခံစားကြပါစို့

 

မြန်မာပြည်က လက်နက်ကိုင်ပဋိပက္ခအားလုံးချုပ်ငြိမ်းရေး

 

ကာဒီနယ် ချားလ်စ်ဘို

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ မြန်မာနိုင်ငံ

 

မြန်မာနိုင်ငံဟာ သမိုင်းအစဉ်အလာကြီးမားလွန်းလှပါတယ်။

 

တစ်ချိန်က မြန်မာနိုင်ငံကို သုဝဏ္ဏဘူမိ - ရွှေနိုင်ငံလို့ ခေါ်ဆိုကြပါတယ်။ မြေပေါ်မြေအောက် သယံဇာတတွေနဲ့ ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်ပါတယ်။ ကျောက်စိမ်း၊ ပတ္တမြား၊ အဖိုးတန်ကျောက်မျက်တွေ၊ ရွှေ၊ ပယင်း၊ သဘာဝ ဓာတ်ငွေ့၊ သံ၊ ခဲမဖြူ၊ စကျင်နဲ့ အခြားတွင်းထွက်ပစ္စည်း အမြောက်အမြား ထွက်ရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ “ကျွန်းရွှေဝါ” ရဲ့ထက်ဝက်လောက်ကို ပိုင်ဆိုင်ထားပါတယ်။ ကြီးမားခန့်ညားတဲ့ မြစ်ကြောင်းများစွာကလည်း သာယာလှပတဲ့ လွင်ပြင်တစ်လျှောက် ကွေ့ကောက်စီးဆင်းပြီး စိမ်းလန်းတဲ့တောတောင်တွေနဲ့ မြန်မာနိုင်ငံကို အာရှတိုက်ရဲ့ဆန်အိုးကြီးဖြစ်စေတဲ့ လယ်ကွင်းပြင်တွေကို ရေချိုပေးဝေလျက် ရှိပါတယ်။ မြန်မာနိုင်ငံဟာ ပြည်သူပြည်သားတွေကို အလေးပေး ချစ်မြတ်နိုးတော်မူတဲ့ ကရုဏာတော်အရှင် ဘုရားသခင်ရဲ့ လက်ဆောင်မွန် တစ်ခုလိုပါပဲ။

 

ကျွန်ုပ်ချစ်မြတ်နိုးရသောတိုင်းပြည်၊ ကြေကွဲစိတ်နဲ့ ဟစ်ကြွေးပါလော့။

 

များပြားတဲ့သယံဇာတတွေရှိနေပါလျက်နဲ့ ယခုအချိန်မှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှရဲ့အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ ကုလသမဂ္ဂရဲ့ “ဖွံ့ဖြိုးမှုအနိမ့်ဆုံးတိုင်းပြည်”ဆိုတဲ့သတ်မှတ်ချက်ကြောင့် နိုင်ငံတကာမှာ မျက်နှာငယ်နေရဆဲပါ။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကိုလည်း တောင်းခံနေရဆဲပါ။ ဆာငတ်နေတဲ့ပြည်သူပြည်သားတွေဆိုရင် ကမ္ဘာ့စားနပ် ရိက္ခာ အစီအစဉ်နဲ့ ဆက်လက်စားသောက်နေရဆဲပါ။ တစ်ချိန်က ကမ္ဘာက အားကျခဲ့ရတဲ့မြန်မာနိုင်ငံဟာ ရွှေခွက်နဲ့တောင်းစားနေရတဲ့မျက်မမြင်လို မိမိလိုအင်ဆန္ဒတွေကို အင်အားကြီးဒေါ်လာငွေနဲ့ ဖြည့်ဆည်းပေးမယ့် ပြည်ပကယ်တင်ရှင်တွေကို မျှော်လင့်စောင့်စားနေရပါတယ်။

 

ကျွန်ုပ်ချစ်မြတ်နိုးရသောတိုင်းပြည်၊ ကြေကွဲစိတ်နဲ့ ဟစ်ကြွေးပါလော့။

 

တစ်ချိန်က ကျွန်ုပ်တို့ကို တစ်ကမ္ဘာလုံးက အားကျခဲ့ရပါတယ်။ ၁၉၅၀ နဲ့ ၁၉၆၀ အစောပိုင်းကာလတွေမှာဆိုရင် ကျွန်ုပ်တို့ဟာ အရှေ့တောင်အာရှမှာ ချမ်းသာတဲ့နိုင်ငံတစ်ခုပါ။ အဲဒီအချိန်မှာ တရုတ်ပြည်ဟာ အပျက်အစီး ပုံအောက်မှာ ရှိနေခဲ့တယ်။ ဂျပန်နိုင်ငံဟာလည်း စစ်ကြောင့် ပြာပုံဘ၀ ရောက်ခဲ့ရတယ်။ ကိုရီးယားမှာ ပဋိပက္ခအကြီးအကျယ်ဖြစ်နေခဲ့တယ်။ စင်္ကာပူက ကိုလိုနီစနစ်ဆိုးဒဏ်ခံနေရဆဲဖြစ်ပြီး မလေးရှားကလည်း ပြည်တွင်း စစ်တွေနဲ့ ထိခိုက်ရုန်းကန်နေခဲ့ရတယ်။

 

မြန်မာနိုင်ငံကတော့ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံဖြစ်ပြီး အကောင်းဆုံးတက္ကသိုလ်တွေ၊ အဆင့်မြင့်ပညာရေးနဲ့ ဘာသာသာသနာ အစဉ်အလာကြီးတဲ့နိုင်ငံအဖြစ်နဲ့ သုခနိုင်ငံတော်ဖြစ်ခဲ့ပါတယ်။ ပြည်သူ ပြည်သားတွေဟာလည်း တိုင်းရင်းသားလူမျိုးကြီး(၈)မျိုး၊ လူမျိုးငယ်ပေါင်း (၁၃၅)မျိုးနဲ့ အရောင်အသွေးစုံလင်ခဲ့ပါတယ်။ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ အကအလှတွေနဲ့ မြန်မာနိုင်ငံဟာ ပြိုးပြက်တောက်ပနေတဲ့ သက်တံ့နိုင်ငံတော်ကြီးဖြစ်ခဲ့ပါတယ်။

 

ကျွန်ုပ်ချစ်မြတ်နိုးရသောတိုင်းပြည်၊ ကြေကွဲစိတ်နဲ့ ဟစ်ကြွေးပါလော့။

 

ကမ္ဘာပေါ်မှာ သုခနိုင်ငံတော်အဖြစ် ရပ်တည်ခဲ့တဲ့နိုင်ငံဟာ ငရဲခန်းတစ်ခုလို ဖြစ်လာခဲ့ပါပြီ။ နှစ်ပေါင်း(၆၀)လုံးလုံး ပဋိပက္ခတွေနဲ့ ချွတ်ခြုံကျခဲ့ရပါပြီ။ တိုင်းရင်းသားလူမျိုးတိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရှိနေကြပါပြီ။ ကျွန်ုပ်တို့ ရဲ့မိခင် ဧရာဝတီဟာ ဒီမြေပေါ်မှာ သွေးချောင်းစီးခဲ့တာကို တိတ်တဆိတ် ကြည့်နေခဲ့ရပါတယ်။ အချင်းချင်းအပြန်အလှန်မုန်းတီးပြီး တရားမဲ့ပြုကျင့်မှု တွေကြောင့် စိတ်ပျက်ကြေကွဲဖွယ်ကိန်းဂဏန်းတွေ အခုလိုထွက်ပေါ်လာခဲ့ ရပါတယ်။

 

* စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ဒုက္ခသည် (၁)သန်းကျော်

* ပြည်တွင်း အိုးအိမ်စွန့်ခွာဒုက္ခသည် (၁)သန်းကျော်

* တိုင်းတစ်ပါးကို သွားရောက်ပြီး ကျွန်ပြုခံနေကြရတဲ့ လူငယ်(၄)သန်းကျော်

* နိုင်ငံ့လူဦးရေရဲ့ (၂၀%)ဖြစ်တဲ့ ပြည်သူပြည်သား (၁၀)သန်းကျော်ဟာ စီးပွားရေးမှာ နလံမထူနိုင်ဖြစ်နေကြပါတယ်။ တိုင်းပြည်မှာ အားနည်းတဲ့လူ၊ ထိခိုက်လွယ်တဲ့လူတွေအတွက် မျက်ရည်ကျ စရာနဲ့ ချွတ်ခြုံကျစရာပဲဖြစ် ပါတော့တယ်။

* တိုင်းပြည်မှာ ဆင်းရဲချို့တဲ့မှုရာခိုင်နှုန်းက (၄၀)အထက်ရှိနေပါတယ်။

 

မြန်မာနိုင်ငံကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခဟာ ဆိုးဝါးတဲ့ကံကြမ္မာကြောင့် မဟုတ်ပါဘူး။ ဒါဟာ လူလုပ်တဲ့ကပ်ဆိုးကြီးပါ။ ဘုရားသခင်အလိုတော်ရှိလို့ ဖြစ်လာတာမဟုတ်ပါဘူး။ ရွှေနိုင်ငံကို ဆင်းရဲဒုက္ခတွင်းအဖြစ်ပြောင်းလဲခဲ့တဲ့ လူတွေရဲ့မိုက်မဲမှုပဲဖြစ်ပါတယ်။ ဒါဟာ လူက ဖန်တီးခဲ့တဲ့ ကပ်ဆိုးဖြစ်တာ ကြောင့် အမျိုးကောင်း သားသမီးတွေရဲ့ စိတ်ကောင်း နှလုံးကောင်းနဲ့ အပြီးအပိုင်ရပ်တန့်ပစ်လိုက်လို့ရပါတယ်။

 

အခုအချိန်မှာ အရမ်းနောက်မကျသေးပါဘူး။ မျှော်လင့်စိတ်နဲ့ ငြိမ်းချမ်းရေးမှာ ပြန်လည်အားစိုက်ထုတ်မယ်ဆိုရင် နဂိုမူလရွှေနိုင်ငံဘ၀ကို ပြန်ရောက်နိုင် ပါတယ်။ လက်နက်ရဲ့အစွမ်းကိုသာ ယုံကြည်နေသူကို ကျွန်ုပ်အလေးအနက် တောင်းဆိုချင်ပါတယ်။

 

* နှစ်ပေါင်း(၆၀)အတွင်းမှာ သေခြင်းနဲ့ မျက်ရည်တွေကလွဲလို့ ဘယ်သူ့အတွက်မှ ကျေနပ်စရာရလဒ်မထွက်ပေါ်ခဲ့ပါဘူး။

 

* ငြိမ်းချမ်းရေးအတွက် အလားအလာရှိနေပါတယ်။ ငြိမ်းချမ်းရေးသာ တစ်ခုတည်းသောထွက်ပေါက်ပါ။ သေနတ်တွေဟာ ပဋိပက္ခတွေကို မဖြေရှင်း ပေးနိုင်ဘူးဆိုတာ သက်သေပြခဲ့ပြီးပါပြီ။

 

* ပင်လုံငြိမ်းချမ်းရေးလမ်းကြောင်းဟာ ပြီးပြည့်စုံတဲ့လမ်းကြောင်းမဟုတ်ပေမဲ့ အဲဒီကနေပဲ စတင်လုပ်ဆောင်ရပါလိမ့်မယ်။ သေနတ်သံတွေရပ်စဲလိုက်ပါ။ ငြိမ်းချမ်းဖို့အတွက် အခွင့်အရေးပေးလိုက်ပါ။ ကျွန်ုပ်တို့ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ပြည်ထောင်စုသွေးချင်းအကြားမှာပဲ ဖြစ်ပွားနေတာပါ။မြန်မာနိုင်ငံ ဆိုတာ ကျွန်ုပ်တို့ရဲ့မိသားစုပါ။ ကောင်းကျိုးချမ်းသာ ခံစားရတဲ့ မိသားစုဖြစ်ဖို့ ကျွန်ုပ်အချင်းချင်း ငြိမ်းချမ်းရေးလက်ဆောင် ပေးရပါလိမ့်မယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ ဒီနိုင်ငံကို စောင့်မျှော်နေပါတယ်။ အမုန်းတရားတွေနဲ့ စစ်ပွဲတွေကို ရပ်တန့်ကြပါ။

 

* တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးဟာ ဧရာဝတီမြစ်လို စီးဆင်းနေပါစေ။ စစ်မှန်တဲ့ နိုင်ငံရေး၊ စီးပွားရေး ဖက်ဒရယ်စနစ်ကြောင့် လူ့အသိုင်းအ၀ိုင်းအကြား ယုံကြည်မှု တည်ဆောက်နိုင်ကြပါစေ။ ပွင့်လင်းမြင်သာမှုရှိကြပါစေ။ အတူတကွပါဝင်ခွင့်ရှိတဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကို အစိုးရက ဖော်ဆောင်ပေးခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ဒဏ်ရာတွေ ပြန်ကောင်းလာ ပါလိမ့်မယ်။ ပဋိပက္ခတွေဟာလည်း အတိတ်သမိုင်းမှာပဲ ကျန်ခဲ့ပါလိမ့်မယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးက သေနတ်သံတွေကို ရပ်စဲနိုင်ပါ တယ်။ ငြိမ်းချမ်းရေးအတွက်ကိုပဲ ကြိုးစားတိုက်ပွဲဝင်ကြပါ။ ကျွန်ုပ်တို့အတွက် တပ်မတော်တစ်ခုရှိရင် လုံလောက်ပါပြီ။ အဲဒီတပ်မတော်ဟာလည်း တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့တပ်မတော်ဖြစ်ရပါလိမ့်မယ်။

 

* မြန်မာပြည်စောင့်စားခဲ့ရတဲ့နှစ်တွေကြာညောင်းလှပါပြီ။ ရွှေနိုင်ငံဖြစ်အောင် ပြန်လည်ကြိုးပမ်းကြပါစို့။

 

ငြိမ်းချမ်းရေးအတွက် အလားအလာရှိနေပါတယ်။

ငြိမ်းချမ်းရေးသာ တစ်ခုတည်းသောထွက်ပေါက်ပါ။

 

လွတ်လပ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအိပ်မက်တွေနဲ့အတူ

ကျွန်ုပ်ရဲ့တိုင်းပြည်နိုးကြားထကြွနိုင်ပါစေ။

 

ကာဒီနယ် ချားလ်စ်ဘို၊ SDB

Add new comment

16 + 1 =