ဩစတြေးလျ၊ ဆစ်ဒနီ ကက်သလစ် သာသနာမှ ဂိုဏ်းချုပ် ဆရာတော် အန်တိုနီဖစ်ရှာ၏ ရဟန်းမင်းကြီး ဘက်နဒစ် ပျံလွန်တော်မူခြင်း အပေါ် ရေးသားချက်

Archbishop Anthony Fisher OP

ဩစတြေးလျ၊ ဆစ်ဒနီ ကက်သလစ် သာသနာမှ ဂိုဏ်းချုပ် ဆရာတော် အန်တိုနီဖစ်ရှာ၏ ရဟန်းမင်းကြီး ဘက်နဒစ် ပျံလွန်တော်မူခြင်း အပေါ် ရေးသားချက်

ရဟန်းမင်းကြီး ဖရန်စစ်နှင့် အတူ ကမ္ဘာအဝှမ်းရှိ ခရစ်ယာန်များ၊ အထူးသဖြင့် ဆစ်ဒနီ သာသနာနယ်နှင့် သြစတြေးလျ နိုင်ငံ အသင်းတော် တစ်ရပ်လုံးသည် ခရစ်ယာန် အသင်းတော်၏ နှစ် ၂၀၀၀ သမိုင်းကြောင်းတွင် အကြီးမြတ်ဆုံး သီသြလော်ဂျီ ပညာရှင် တစ်ဦးဖြစ်သူ ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ပျံလွန်တော်မူခြင်း အပေါ် ဝမ်းနည်းပူဆွေးလှပါသည်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ ငယ်နာမည်မှာ ဂျိုးဇက် ရက်ဇင်ဂါ ဖြစ်ပြီး သူသည် နှစ်ပေါင်း ၇၀ ကြာအောင် သီသြလော်ဂျီ ပညာရှင် - ရဟန်း၊ သိုးထိန်းကောင်း - ဘိရှော့ ဆရာတော်၊ ဗာတီကန် ဌာနမှူး - ကာဒီနယ်၊ သွန်သင်သူ - ပုပ်ရဟန်းမင်းကြီးနှင့် အဆုံးတွင် အနားယူသွားသည့် ရဟန်းမင်း ကြီး အဖြစ် ခရစ်တော်သခင်နှင့် သူ၏ အသင်းတော်အား အစေခံခဲ့ပါသည်။

အလွန် ဉာဏ်ရည်မြင့်မားပြီး ယုံကြည်ခြင်း အားကောင်းလှသည့် လူပုဂ္ဂိုလ် တစ်ဦး အဖြစ် ဂျိုးဇက် ရက်ဇင်ဂါ (ရဟန်းမင်းကြီး ဘက်နဒစ် ၁၆) သည် ၁၉၆၀ ပြည့်နှစ်များတွင် ကျင်းပသည့် ဒုတိယမြောက် ဗာတီကန် ကောင်စီ၊ သာသနာ့ အစည်းအဝေးကြီး၌ (ကျွမ်းကျင်သူ ပညာရှင် အကြံပေး တစ်ဦး) Peritus အဖြစ် တာဝန်ယူခဲ့သလို ဗာတီကန် ကောင်စီ ၂ ၏ ထုတ်ပြန်ချက် စာချွန်တော်များကိုလည်း အဓိပ္ပာယ် ဖွင့်ဆိုသူ၊ လက်တွေ့ အကောင်အထည် ဖော်ဆောင်သူ အဖြစ် တာဝန်ယူခဲ့ပါသည်။

ရဟန်းမင်းကြီး ဒုတိယ‌မြောက် ဂျွန်‌ပေါလ် လက်ထက်တွင် ကာဒီနယ် ဂျိုးဇက် ရက်ဇင်ဂါသည် ယုံကြည်ခြင်း သွန်သင်ချက်ဆိုင်ရာ ဗာတီကန် ဌာနတွင် ဌာန အကြီးအကဲ (Prefect of the Congregation for the Doctrine of the Faith) အဖြစ် တာဝန်ထမ်းဆောင်ရင်း ပုပ်ဂျွန်ပေါလ် ၂ နှင့် အနီးကပ် ပူးတွဲ ဆောင်ရွက်ခဲ့ကာ အဆက်ပြတ်နေသော ခရစ်ယာန်များနှင့် ဧဝံဂလိ တရားတော်အား မကြားဖူးသူများသို့ ဦးတည်၍ “သတင်း ကောင်း ကြေညာခြင်း ပုံစံသစ်” (New Evangelization) အတွက် အလွန် စိတ်အားထက်သန်ကာ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

ကာဒီနယ် ဂျိုးဇက် ရက်ဇင်ဂါသည် ရဟန်း မင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်ထံ အကြိမ်ကြိမ် နှုတ်ထွက်စာ တင်၍ မွေးရပ်မြေ ဗာဗေးရီးယား ပြန်ကာ စာကြည့်တိုက်မှူးလုပ်ကာ စာဖတ်၊ စာရေးခြင်း၊ ဗီသိုဗင် တေးသွားများ တီးခတ်ခြင်းဖြင့် နေလိုကြောင်း အကြိမ်များစွာ ခွင့်ပန်သော်လည်း ရဟန်းမင်းကြီး ဂျွန်ပေါလ် ၂ က သူ၏ နှုတ်ထွက်စာအား အစဉ်အမြဲ ပယ်ချခဲ့သည်။

၂၀၀၅ ခုနှစ်တွင် ကာဒီနယ် အဖြစ်မှ ရာထူးမှ နှုတ်ထွက်အနားယူမည့် အချိန်တွင် ကာဒီနယ် ဂျိုးဇက် ရက်ဇင်ဂါသည် ရဟန်းမင်းကြီး အဖြစ် ရွေးကောက်ခံခဲ့ရသည်။ ရဟန်းမင်းကြီး ရွေးကောက်ပွဲ (Conclave) တွင် သူ့အား ရဟန်းမင်းကြီး အဖြစ် ဆုံးဖြတ်ရန် ကာဒီနယ်များက အဆိုပြု တင်မြှောက်သည့် အချိန်တွင် သူသည် နှိမ့်ချစွာ လက်ခံခဲ့ကာ ရဟန်းမင်းကြီး တာဝန်အား ထွေးပိုက်လက်ခံခဲ့သည်။ ရဟန်းမင်းကြီး အဖြစ် သူသည် အသင်းတော်၏ သွန်သင်ချက်များအား ဟောပြောခြင်း၊ ရေးသားထုတ်ပြန်ခြင်း၊ ကမ္ဘာအဝှမ်း နိုင်ငံစုံသွားကာ သွန်သင်ခြင်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကဏ္ဍကဲ့သို့ အရေးပါလှသော အသင်းတော်တွင်း ပြုပြင်ပြောင်းလဲမှုများအား အကောင် အထည် ဖော်ခဲ့ခြင်းတို့အား ဆောင်ရွက်ခဲ့သည်။

ရဟန်းမင်းကြီး အဖြစ် ၈ နှစ်တာ ဦးစီးတာဝန် ထမ်းဆောင်ပြီးနောက် ၂၀၁၃ ခုနှစ်တွင် သူသည် ရဟန်းမင်းကြီး တာဝန်ထမ်းဆောင်ခြင်းမှ အနားယူခဲ့ကာ အသင်းတော် အတွက် ဆုတောင်းခြင်းဖြင့် ဆပ်ကပ်နေခဲ့သည်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ နာရေးသတင်းကြောင့် ဝမ်းနည်းပါသော်လည်း သူ၏ သက်တော်ရှည်ကြာ နေခဲ့မှု၊ ခရစ်ယာန် ယုံကြည်ခြင်း အတွက် အစဉ်ထာဝရ တည်မည့် သူ၏ ဆောင်ရွက်ချက်များကြောင့် ရဟန်းမင်းကြီး ဘက်နဒစ်အား ကျွန်ုပ်တို့အားလုံး ကျေးဇူးတင်ရှိပါသည်။

၂၀၀၈ ခုနှစ်၊ “ကမ္ဘာ့လူငယ်များနေ့”အား သြစတြေးလျတွင် ကျင်းပခဲ့သည့် ရဟန်းမင်းကြီး အဖြစ် သြစတြေးလျရှိ ကက်သလစ် ဘာသာဝင် အားလုံး၏ နှလုံးသားတွင် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ အတွက် အထူး နေရာပေးထားပါသည်။ ၂၀၀၈ ခုနှစ်တွင် အသင်းတော် သွန်သင်ချက်များ ကြားနာနိုင်ရန်နှင့် အသင်းတော်၏ ဝတ်ပြုကိုးကွယ်ခြင်းတွင် ပါဝင်နိုင်ရန် ကျွန်ုပ်တို့ သြစတြေးလျ နိုင်ငံ၏ ကမ်းနားမြို့တော်သို့ သိန်းနှင့် ချီသော လူငယ်များကို ဖိတ်ခေါ်ခဲ့ပါသည်။ ရဟန်းမင်းကြီးအား လူငယ်များက ချစ်ဖွယ်ကောင်းလှသော ဝိညာဉ်ရေးရာ အဖိုးတစ်ဦး အဖြစ် ကြိုဆိုလက်ခံခဲ့ကာ ၂၀၀၈ ခုနှစ်၊ သြစတြေးလျတွင် ကျင်းပခဲ့သော ကမ္ဘာလူငယ်များ ပွဲနေ့၏ သက်ရောက်မှုများအား ယနေ့အချိန်အထိ ကျွန်ုပ်တို့ စံစားရရှိနေဆဲ ဖြစ်ပါသည်။ ကျွန်ုပ်တို့ ရဟန်း၊ ဆရာတော်များသည်လည်း သူ၏ လှပသော သွန်သင်ချက်များအား ကြားနာခဲ့ရင်း ကျွန်ုပ်နှင့် ရဟန်းမင်းကြီး ဘက်နဒစ် အကြားတွင် တထူးတခြား စကားပြောခွင့် ရရှိခဲ့သလို နောက်ပိုင်းတွင်လည်း ရဟန်းမင်းကြီးက ကျွန်ုပ်တို့နှင့် အချိန်ယူခဲ့မှု အပေါ် ပြန်ပြောင်းပြောပြနေဆဲ ဖြစ်ပါသည်။

၂၀၁၀ ခုနှစ်တွင် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ သည် သြစတြေးလျ နိုင်ငံ၏ ပထမဆုံး စိန့်၊ရဟန္တာ အဖြစ် St Mary of the Cross Mackillop အား သတ်မှတ်ကြေညာပေးခဲ့သည့် အတွက် ရဟန်းမင်းကြီးအား သြစတြေးလျ ကက်သလစ် အသင်းတော် အနေဖြင့် လွန်စွာ လေးစားကြည်ညိုခဲ့မိပါသည်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ သည် သူ၏ သွန်သင်ချက်များ၊ သူ၏ ပုံဥပမာကောင်းများဖြင့် ခရစ်တော်ထံသို့ လူအမြောက်အများအား ပို့ဆောင်နိုင်ခဲ့သည်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ သည် လွန်ခဲ့သော နှစ် ၂၀၀၀ အတွင်း စိန့်ပီတာ၏ အရိုက်အရာအား ဆက်ခံသူများတွင် အထက်မြက်ဆုံး၊ ယုံကြည်မှုအား အကောင်းဆုံး ရဟန်းမင်းကြီး တစ်ပါး အဖြစ် ရပ်တည်ခဲ့ပါသည်။ ခရစ်ယာန် သွန်သင်ချက် အခြေပြုသည့် အမှန်တရားဖြင့် ညွှန်ကြားသွန်သင်ခြင်း၊ ထိုအမှန်တရားအား သူ၏ ဟောပြောချက်၊ သွန်သင်ချက်များတွင် ထည့်သွင်းဖော်ပြနိုင်သည့် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ စွမ်းရည်သည် ယနေ့ခေတ်အခါကဲ့သို့ ခက်ခဲမွန်းကြပ်လှသည့် ခေတ်အခါတွင် အမိအသင်းတော် အတွက် ကျေးဇူးတော်ကြီး တစ်ရပ် ဖြစ်ပါသည်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ သည် ကျောပေးသည့် ထုံးတမ်းအစဉ်အလာ မစ္ဆားတရားတော်မြတ် ပုံစံအား အလွန် မြတ်နိုးသူ ဖြစ်ရာ သူ၏ သီသြလော်ဂျီအား စားပွဲထက်တွင် ထိုင်ကာ ရေးသားသည် သာမက ဒူးထောက် ဆုတောင်းခြင်းဖြင့် သူ၏ သီသြလော်ဂျီ သဘောတရားများအား သုံးသပ်သွန်သင်ခဲ့ပါသည်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ သည် သူ၏ သက်တာအားဖြင့် ကျွန်ုပ်တို့ ကက်သလစ် ဘာသာဝင်များ အားလုံး ကျွန်ုပ်တို့ ကက်သလစ် ယုံကြည်ခြင်းအား အခြေပြုရာ၌ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အတွက် အစဉ် မှန်ကန်သော မွန်မြတ်သည့် နှုတ်ကပါတ်တော်နှင့် အသင်းတော်၏ ထုံးတမ်း အစဉ်အလာ အပေါ်တွင် အခြေပြုကြရန် စဉ်ဆက်မပြတ် တိုက်တွန်းအားပေးခဲ့ပါသည်။

ကျွန်ုပ်တို့ ခေတ်၊ ခက်ခဲလှသည့် အချိန်တွင် ကက်သလစ် အမှန်တရားသည် များစွာ သွန်သင်လမ်းပြနိုင်ကြောင်း ရဟန်းမင်းကြီး ဘက်နဒစ်က ယုံကြည်လက်ခံခဲ့ပါသည်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ ရေးသားချက် များစွာအား နောင်မျိုးဆက်သစ်များ စိတ်ဝင်တစား ဆက်လက် လေ့လာနေကြဦးမည် ဖြစ်ကာ လာမည့် ရာစုနှစ်များတွင် ကက်သလစ် အသင်းတော် အတွင်းနှင့် ပြင်ပမှ ပညာရှင်များသည် သူ၏ သွန်သင်ရေးသားချက်များအား အထူးပြု လေ့လာနေကြဦးမည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။ ရဟန်းမင်းကြီး စိန့်ယောဟန်ပေါလ်လု ၂ ကဲ့သို့ပင် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ သည်လည်း တစ်နေ့တွင် အသင်းတော်၏ ရဟန္တာ၊စိန့် ဖြစ်လာမည် ဖြစ်ကြောင်း၊ အသင်းတော်၏ ပညာရှင် သုခမိန် (Doctor of the Church) တစ်ပါး အဖြစ် သတ်မှတ်ခံရနိုင်ကြောင်း မျှော်လင့်နိုင်သည်ဟု ကျွန်ုပ် ယူဆမိပါသည်။

ရဟန်းမင်းကြီး အဖြစ် ရွေးကောက်ခံရသည့် ၂၀၀၅ ခုနှစ်တွင် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ သည် “သခင် ခရစ်တော်၏ စပျစ်ခြံ အတွင်း ရိုးရှင်း၊ နှိမ့်ချစွာ အစေခံသော လုပ်သားတစ်ဦး” အဖြစ် မိမိကိုယ်ကို ကိုးကား ဖော်ညွှန်းခဲ့ကာ ယုံကြည်သူ အပေါင်း၏ ဆုတောင်းခြင်းကို တောင်းခံခဲ့ပါသည်။

ကျွန်ုပ်သည် သူနှင့် တွေ့ဆုံမှုများ၌ ရဟန်းမင်းကြီး ဘက်နဒစ်၏ ရိုးရှင်းမှု၊ သိမ်မွေ့နှိမ့်ချမှုကို သက်သေခံရုံမျှမက သူ၏ သန့်ရှင်းမွန်မြတ်သော သက်သာကိုလည်း သက်သေခံပါသည်။

စကြဝဠာ တစ်ရပ်လုံးနှင့် ဆိုင်သော အမိအသင်းတော် တစ်ရပ် အနေဖြင့် ယနေ့တွင် သခင်ခရစ်တော်၏ နှိမ့်ချသိမ်မွေ့သော အစေခံ ဖြစ်သူ ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ အတွက် ဆုတောင်းပေးနေပါသည်။

အိုသခင်၊ ကိုယ်တော်ရှင်အား အလွန် ချစ်မြတ်နိုး၍ ထိုက်တန်စွာ အစေခံခဲ့သူ ကိုယ်တော်ရှင်၏ အစေခံ ဘက်နဒစ် ၁၆ အား ချစ်ခြင်းမေတ္တာဖြင့် ပြည့်နှက်နေသော ကိုယ်တော်၏ ရင်ခွင် အတွင်းသို့ ကြိုဆိုလက်ခံတော်မူပါ။

အာမင်။

Reference

https://fb.watch/hLYNJlV2jb/

အာဗီအေဘာသာပြန်- Lawrence Jangma Mung Song

Add new comment

8 + 10 =