အစွန်အဖျားမှ ထောက်ရှုဆင်ခြင်သုံးသပ်ချက်

အစွန်အဖျားမှ ထောက်ရှုဆင်ခြင်သုံးသပ်ချက်

 အာရှနိုင်ငံများနှင့် အာရှတိုက်သားများအပေါ် ထားရှိသော

ဘုရားသခင်၏ အနန္တ မေတ္တာတော်

 ကာဒီနယ် ချားလ်စ်ဘို၊

ရန်ကုန် ကက်သလစ်ခရစ်ယာန် သာသနာပိုင် ဆရာတော်၊ မြန်မာနိုင်ငံ

၁၅ ရက် သြဂုတ်လ ၂၀၁၉

 

နိဒါန်း

ယေဇူးခရစ်တော်သခင်သည် ကျွန်ုပ်တို့မည်သို့ကျင့်ကြံရမည်၊ တစ်ပါးသူတို့အပေါ် မည်သို့သော စိတ်ထားမျိုးရှိရမည် စသည်တို့ကို ရှင်မာတေးဦးဧဝံဂေလိကျမ်းတွင် လှပရှင်းလင်းစွာ သွန်သင် ထားသည်။ ကိုယ်တော်ဘုရားရှင်မည်သို့အမိန့်တော်ရှိသည်ကို ထောက်ရှုကြည့်ကြပါစို့။

အကြောင်းမူကား ငါသည် ဆာလောင်သောအခါ သင်တို့သည် ငါ့အား စားစရာပေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့အား သောက်ရေကို ပေးကြ၏။ ငါသည် သူစိမ်း ဧည့်သည် ဖြစ်သောအခါ သင်တို့သည် ငါ့အား ပျူငှာစွာ ကြိုဆိုကြ၏။ ငါ၌ အဝတ်မရှိသောအခါ သင်တို့သည် ငါ့ကို အဝတ်နှင့်လွှမ်းခြုံ ပေးကြ၏။ ငါသည် ဖျားနာသောအခါ သင်တို့သည် ငါ့ကို ကြည့်ရှုကြ၏။ ငါသည် ထောင်ထဲ၌ ရှိနေသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏ဟု မိန့်တော်မူလိမ့်မည်။ ထိုအခါ ဖြောင့်မတ်သောသူတို့က အရှင်၊ ကိုယ်တော် ဆာလောင်နေသည်ကို မည်သည့်အခါ၌ အကျွန်ုပ်တို့ မြင်၍ ကိုယ်တော့်ကို ကျွေးမွေးခဲ့ပါသနည်း။ သို့မဟုတ် ကိုယ်တော်ရေငတ်နေသည်ကို မည်သည့် အခါ၌မြင်၍ ကိုယ်တော်အား သောက်စရာကို ပေးခဲ့ပါသနည်း။ ထို့အတူ ကိုယ်တော် ဧည့်သည် ဖြစ်သည်ကို မည်သည့်အခါ၌ အကျွန်ုပ်တို့မြင်၍ ကိုယ်တော်အား ပျူငှာစွာ ကြိုဆိုခဲ့ပါသနည်း။ သို့မဟုတ် ကိုယ်တော်၌ အဝတ်မရှိသည်ကို မည်သည့်အခါ၌ မြင်ရ၍ ကိုယ်တော်အား အဝတ်နှင့် လွှမ်းခြုံပေးခဲ့ပါသနည်း။ ကိုယ်တော်ဖျားနာသည်ကိုလည်းကောင်း၊ ထောင်ထဲမှာ နေရသည်ကိုလည်း ကောင်း မည်သည့်အခါ၌ အကျွန်ုပ်တို့မြင်ရ၍ အထံတော်သို့ လာရောက်ကြည့်ရှုကြပါသနည်းဟု ပြန်လည် လျှောက်ထားကြလိမ့်မည်။ ထိုအခါ ဘုရင်က သင်တို့အား ငါအမှန်ဆိုသည်ကား အသိမ် ငယ်ဆုံးသော ဤ ငါ၏ညီအစ်ကိုတို့တွင် တစ်ဦးကို သင်တို့ပြုစုခဲ့ကြလျှင် ငါ့ကိုပင် ပြုစုကြပြီဟု သူတို့အား ပြန်ပြောတော်မူလိမ့်မည်။” (မာတေးဦး ၂၅း၃၅-၄၀)

ယနေ့ မြန်မာနိုင်ငံတွင် ဆာလောင်ငတ်မွတ်သူ၊ အဝတ်အစားမရှိသူ၊ ဖျားနာသူ၊ အကျဉ်းကျသူ အမြောက်အမြားပင်ရှိနေဆဲဖြစ်သည်။ အိုးအိမ်စွန့်ခွာရသူ၊ အိမ်ယာမဲ့နေသူ၊ လူကုန်ကူးခံရသူ၊ မူးယစ်ဆေးစွဲနေသူ၊ ကျွန်ပြုခံရသူ၊ မတရားပြုကျင့်ခံရသူ၊ နှိပ်စက်ညှဉ်းပန်းခံရသူ၊ မြေယာအသိမ်း ခံရသူ၊ ဘိုးဘွားပိုင်မြေမှ နှင်ထုတ်ခံရသူ၊ သတ်ဖြတ်ခံရသူ၊ မတရားမှုကို နေ့စဉ် ကြုံတွေ့နေရသူ အမြောက်အမြားပင် ရှိနေဆဲဖြစ်သည်။ ကျွန်ုပ်သည် ကက်သလစ်သာသနာတော်၏ သံဃာတော် တစ်ပါး အနေဖြင့်သော်လည်းကောင်း၊ ခရစ်တော်ဘုရားရှင်၏ အမှုတော်ဆောင် အစေခံတစ်ဦး အနေ ဖြင့်သော်လည်းကောင်း တတ်အားသမျှ လိုအပ်သည့်နေရာတိုင်း၌ စိတ်နှလုံး တစ်လုံးတစ်ဝတည်းဖြင့် ကိုယ်တိုင်ကိုယ်ကျဖြစ်စေ၊ တစ်နည်းတစ်ဖုံအားဖြင့်ဖြစ်စေ၊ ဝိညာဉ်ရေးအရဖြစ်စေ ထိုသူတို့အား ကျွေး မွေးရန်၊ အဝတ်အစားဆင်မြန်းရန်၊ ဂရုစိုက်ရန်၊ သွားရောက်ကြည့်ရှုရန် တာဝန်ရှိပါသည်။ ထိုကဲ့သို့ ကရုဏာလုပ်ငန်းများကို လုပ်ဆောင်ရာတွင် တရားမျှတမှုကိုပါ ရှာဖွေရန် လိုအပ်သည်။ ပုပ်ရဟန်း မင်းကြီး ဖရန်စစ်အရှင်သူမြတ်ကလည်း “ကျွန်ုပ်တို့ ခံယူရရှိသည့် ဘုရားသခင်၏ စစ်မှန်သော မဟာ ကရုဏာတော်က တရားမျှတမှုကို ရှာဖွေရန် ကျွန်ုပ်တို့အား တောင်းဆိုနေပါသည်။ ထို ကရုဏာ တော်က ဆင်းရဲသားများအား နောက်တစ်ဖန်ဆင်းရဲခြင်း မရှိမည့်နည်းလမ်းကို ဖော်ဆောင်ရန် တောင်း ဆို ထားပါသည်။”

ကျွန်ုပ်သည် နိုင်ငံရေးသမားမဟုတ်၊ ဘာသာရေးခေါင်းဆောင်တစ်ဦးသာ ဖြစ်ပါသည်။ ပုပ်ရဟန်း မင်းကြီး ဘက်နဒစ်(၁၆) (ငြိမ်း)က သူ၏စာချွန်တော်ဖြစ်သော “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ တော်အရှင် ဖြစ်တော်မူ၏” (Deus Caritas Est) တွင် “ကက်သလစ်သာသနာတော်သည် တရား မျှတသောလူမှုအသိုင်းအဝိုင်း ပေါ်ပေါက်လာစေရန် နိုင်ငံရေးအခင်းအကျင်းဖြင့် လုပ်ဆောင်ခြင်း မရှိစေရ။ သာသနာတော်သည် နိုင်ငံ၏နေရာ၌ အစားထိုးလုပ်ဆောင်၍မရနိုင်” ဟု ရေးသားတော်မူ ခဲ့သည်။ သို့ပင်သော်လည်း ၄င်းက ဆက်လက်၍ “တစ်ချိန်တည်းတွင် သာသနာတော်သည် တရား မျှတမှုအတွက် အတိုက်အခံမလုပ်ဘဲ မဆိုင်သကဲ့သို့နေ၍ မရနိုင် ... အများကောင်းကျိုးအတွက် စိတ် နှလုံးကို ကြိုးစားဖွင့်လှစ်ပေးခြင်းအားဖြင့် တရားမျှတမှုကို ဖော်ဆောင်ခြင်းသည် ကက်သလစ် သာသနာတော် အလေးအနက်ထားသောအရာဖြစ်သည်” ဟု မိန့်ကြားခဲ့သည်။ ဗြိတိန်နိုင်ငံမှ ရာဘီ ဆရာ အကြီးအကဲဟောင်းတစ်ဦးဖြစ်သော Lord Sacks က ၄င်းရေးသားသော “ကျွန်ုပ်တို့ အတူတကွ တည်ဆောက်သောအိမ်” စာအုပ်တွင် ဤသို့ဆိုထားသည်။ “ဘာသာတရားဆိုတာ ဩတ္တပ္ပစိတ်ကို အသုံးပြုခြင်းဖြစ်ပါတယ်။ နိုင်ငံရေးကတော့ အာဏာကို အသုံးပြုခြင်းဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဘာသာ တရားတစ်ခုထက်ပိုပြီးရှိနေရင် အဲဒီနိုင်ငံမှာ ယုံကြည်ရာဘာသာနဲ့ အာဏာကို ခွဲခြားထားဖို့ လိုပါလိမ့်မယ်။ ပရောဖက်တစ်ပါးဟာ အာဏာပိုင်ထံမှာ အမှန်တရားကို ပြောဆိုရပါတယ်။ သူဟာ အမှန်တရားပေါ်ပေါက်ဖို့ ဆိုပြီး အာဏာမသုံးတတ်ပါဘူး။ ပညာရှိဆိုရင် ဒီအချက်ကို ဘယ်တော့မှ မမေ့ရဘူးဆိုတာ သိပါတယ်။”

ထိုအချက်ကို အခြေခံပြီးလျှင် ယနေ့ မြန်မာနိုင်ငံသားများကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် ပတ်သက်၍ အထူးသဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းပြည်က ပြင်ဆင်မှုများ ပြုလုပ် နေသည်နှင့်အညီ ကက်သလစ်သာသနာတော်၏ပူပန်မှုများကို ပြောဆိုရန် ကျွန်ုပ်ရေးသား နေခြင်း ဖြစ်ပါသည်။ ကျွန်ုပ်ပြောဆိုရာတွင် မည်သည့်ဘက်ကိုမျှ ဘက်လိုက်ခြင်းမရှိဘဲ ငြိမ်းချမ်းခြင်း၊ တရား မျှတခြင်း၊ ပြန်လည်သင့်မြတ်ခြင်း၊ လူ့ဂုဏ်သိက္ခာနှင့် ချစ်ခြင်းမေတ္တာတို့ကိုသာ အလေး အနက်ထား ပြောဆိုခြင်းဖြစ်ပါသည်။ (Deus Caritas Est) စာချွန်တော်တွင် ရေးထားသော စကားလုံးများ၏ အလင်းပေးမှုဖြင့် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ တော်အရှင် ဖြစ်တော်မူသည် ကိုလည်း ကောင်း၊ ကက်သလစ်သာသနာတော်သည် ခရစ်တော်၏ ဝိညာဉ်တော်က ဖြစ်ပေါ်စေသော ချစ်ခြင်းမေတ္တာ အားဖြင့် နိုးကြားတက်ကြွလျက် ကြိုးစားလုပ်ဆောင်နေသည်ကိုလည်းကောင်း၊ ကျွန်ုပ်အား လိုအပ်သူ၊ ကျွန်ုပ်ကူညီနိုင်သူမှန်သမျှသည် ကျွန်ုပ်နှင့် နီးစပ်သောသူဖြစ်သည် ကိုလည်းကောင်း နှလုံးသွင်းလျက် ယခုကဲ့သို့ရေးသားခြင်းဖြစ်ပါသည်။ မြန်မာပြည်သူပြည်သားတိုင်းသည် ကျွန်ုပ်၏ ညီအစ်ကို မောင်နှမ များဖြစ်သည့်အလျောက် ကျွန်ုပ်နွေးထွေးပွင့်လင်းစွာ ပြောဆိုပါသည်။ ကျွန်ုပ်အား လိုအပ်သူ၊ ကျွန်ုပ် ကူညီနိုင်သူ ဟူသမျှကို အကူအညီပေးရန် ကျွန်ုပ်အဆင်သင့်ရှိပါသည်။ ကျွန်ုပ်တို့ နိုင်ငံအတွင်း ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို ရပ်တန့်ရန် အတူတကွ လုပ်ဆောင် ကြပါစို့။ မည်သည့် လူမျိုးဖြစ်စေ၊ မည်သည့်ဘာသာတရားဖြစ်စေ မြန်မာ့မြေပေါ်တွင် မွေးဖွားသော ယောကျာ်း၊ မိန်းမ များကို လူသားမျိုးနွယ် ညီအစ်ကိုမောင်နှမများအဖြစ်လည်းကောင်း၊ ကျွန်ုပ်တို့၏ ပြည်သူ ပြည်သား ချင်းအဖြစ်လည်းကောင်း သိမှတ်လက်ခံနိုင်သည့် မြန်မာနိုင်ငံတော်တစ်ရပ် ထူထောင်ရန် အတူတကွ လုပ်ဆောင်ကြပါစို့။ ထိုအခြေအနေမျိုးဖြစ်ပေါ်လာသည့်တိုင်အောင် ကျွန်ုပ် ကြိုးစားအား ထုတ်ပါမည် ဟုလည်း စိတ်ပိုင်းဖြတ်ထားပါသည်။ လူမျိုးမရွေး၊ ဘာသာမရွေး ကျွန်ုပ်နှင့်အတူလက်တွဲ လုပ်ဆောင် မည့် ညီအစ်ကိုမောင်နှမများ အားလုံးကိုလည်း ဖိတ်ခေါ်လိုပါသည်။

ရပိုင်ခွင့်များနှင့် တာဝန်များ

ကက်သလစ်သာသနာတော်၏လူမှုရေးဆိုင်ရာသွန်သင်ချက်များအကြောင်း အနှစ်ချုပ်ဖော်ပြသည့် စာအုပ်တွင် “အမှန်တရား၊ လွတ်လပ်မှုနှင့် တရားမျှတမှု၏တန်ဖိုးများသည် နက်ရှိုင်းသော ချစ်ခြင်း မေတ္တာမှ မွေးဖွားလာပြီး တိုးတက်ဖွံ့ဖြိုးလာရ၏။ လူ့အသိုင်းအဝိုင်းအတွင်းရှိ လူသားဘဝသည် အမှန် တရားအပေါ်တွင် အခြေခံထားလျှင် စနစ်တကျဖြစ်လာပြီး ကောင်းကျိုးဖြစ်ထွန်းစေကာ လူ့ဂုဏ်သိက္ခာ အတွက်လည်း အကျိုးပြုမည်ဖြစ်သည်။ ထို့အတူ လူတစ်ဦး၏ရပိုင်ခွင့်များကို လေးစားပြီး မိမိ လုပ်ဆောင်ရမည့်တာဝန်ဝတ္တရားများကို သစ္စာရှိရှိလုပ်ဆောင်ရှင်သန်ပါကလည်း အလားတူ အကျိုး ခံစားရလိမ့်မည်။ အတ္တမဖက်ဘဲ တစ်ပါးသူ၏ လိုအပ်ချက်ကို မိမိ၏ လိုအပ်ချက်အဖြစ် ခံယူကာ ဝိညာဉ်ရေးတန်ဖိုးများ ပေါင်းစည်းခြင်းကို အလေးပေးလုပ်ဆောင်ပြီး  ရုပ်ဝတ္ထုပစ္စည်းချို့တဲ့မှုများအပေါ် ပူပန်မှုရှိပါကလည်း တူညီသောအကျိုးခံစားရလိမ့်မည်။ မိမိတို့၏အပြုအမူ များအတွက် တာဝန်ယူ စိတ်ရှိသော အမျိုးသား၊ အမျိုးသမီး ဂုဏ်သိက္ခာနှင့်လျော်ညီသည့် လွတ်လပ်မှုမျိုးဖြင့် ထွက်ပေါ်လာ သောလူသားဘဝသည်လည်း ထိုနည်းတူပင် အကျိုးပြုပေလိမ့်မည်။ ဤတန်ဖိုးများသည် ဘဝနှင့် ကိုယ်ကျင့်တရားတည်ဆောက်ရာတွင် တည်ငြိမ်၍ ခွန်အားဖြစ်စေသော မဏ္ဍိုင်များကို ထူထောင် ပေးသည်။ ထိုဘဝတန်ဖိုးများသည် လူမှုရေးအသင်းအဖွဲ့များနှင့် ၄င်းတို့၏ လုပ်ဆောင်ချက်များ အရည်အသွေးပြည့်ဝ ခြင်းရှိမရှိ ဆုံးဖြတ်ပေးသောဘဝတန်ဖိုးများဖြစ်သည်” ဟု ဆိုထားသည်။

လွန်ခဲ့သောနှစ်ပေါင်း(၅၀)က ကာလအတော်များများတွင် မြန်မာပြည်သူပြည်သားတို့သည် လွတ်လပ် ခြင်းကို မခံစားခဲ့ရပေ။ ၄င်းတို့၏ရပိုင်ခွင့်များ၊ လူ့ဂုဏ်သိက္ခာနှင့် ပင်ကိုစရိုဏ်များမှာ ဖိနှိပ်ခံ ခဲ့ကြရသည်။ လွန်ခဲ့သော နှစ်ပေါင်း (၇၀) ၏ကာလ အတော်များများတွင် မြန်မာပြည်သူပြည်သားတို့ သည် ငြိမ်းချမ်းခြင်းကို မခံစားခဲ့ရပေ။ ပြည်တွင်းစစ်မီးသည် တိုင်းပြည်အတွင်း တစ်နေရာမဟုတ် တစ်နေရာ၌ လောင်မြိုက်နေခဲ့သည်။

လွန်ခဲ့သော(၇)နှစ်က အရုဏ်သစ်အစပြုပြီဟု ကျွန်ုပ်တို့တွေးထင်သောအရာများဖြစ်လာခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ခဲ့ကြသည်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ကြသည်။ လူထုနှင့် မီဒီယာဥပဒေများကို ဖြေလျှော့ပေးခဲ့ကြသည်။ နိုင်ငံရေးခေါင်းဆောင်များအကြား အပြန် အလှန်ပြောဆိုဆွေး နွေးခြင်းဖြင့် ရာစုနှစ်၏လေးပုံတစ်ပုံခန့်ကာလအတွင်း နိုင်ငံတကာက အသိ အမှတ်ပြုသည့် ဒီမိုကရေစီနည်းလမ်းကျ ပထမဆုံးရွေးကောက်ပွဲကို ကျင်းပကာ ၂၀၁၅ ခုနှစ်တွင် အရပ်သားအစိုးရတက်လာခဲ့သည်။

သို့သော် မကြာမီနှစ်များက တိမ်စိုင်မည်းများပြန်လည်ထွက်ပေါ်လာခဲ့ပြီး လင်းစပြုနေပြီဖြစ်သည့် အရုဏ်ဦးအလင်းတန်းများကို ဖုံးအုပ်သွားခဲ့သည်။ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများ၊ အလွဲသုံး ဖိနှိပ်မှုများ၊ ဘာသာရေးနှင့် လူမျိုးရေးအမုန်းတရားများပျံ့နှံ့စေခြင်းတို့သည် နိုင်ငံတစ်ဝန်းရှိ ပြည်သူ ပြည်သားတို့၏ မျှော်လင့်ချက်များ၊ လွတ်လပ်မှုများ၊ လူ့ဂုဏ်သိက္ခာများကို ခြိမ်းခြောက် လျက်ရှိသည်။ ထို့ကြောင့် လွန်ခဲ့သော (၅)နှစ်က ခရစ္စမတ်ဩဝါဒတွင် ကျွန်ုပ်ပြောကြားခဲ့သည့်အတိုင်း ထပ်မံ ပြောကြားလိုပါသည်။ “မကြောက်ကြပါနှင့်။ လူ့ဂုဏ်သိက္ခာနှင့်အညီ ရထိုက်သော သင်တို့၏ အခွင့် အရေးများကို တောင်းဆိုရန် မကြောက်ကြပါနှင့်။ မတရားမှုကို ဆန့်ကျင်ရန် မကြောက်ကြပါနှင့်။ တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းတရားများ မြစ်ကဲ့သို့ တသွင်သွင်စီးဆင်းနေသော မြန်မာ နိုင်ငံ တော်သစ်ကို စိတ်ကူးပုံဖော်ရန် မကြောက်ကြပါနှင့်။” ဖိနှိပ်ခံလူတန်းစားကို ခွန်အားသစ် ပေးခြင်းမှာ ကက်သလစ်သာသနာတော်၏ ရည်မှန်းချက်ဖြစ်ပြီး ထိုနည်းဖြင့် နိုင်ငံတော်ကို အကျိုးပြုနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ဒဏ်ရာဒဏ်ချက်များဖြင့်ပြည့်သောနိုင်ငံ၊ သွေးယိုစီးနေသောနိုင်ငံဖြစ်သည်။ ဒဏ် ရာဟောင်းများ မကျက်မီ ဒဏ်ရာသစ်များထပ်မံရရှိလာခဲ့သည်။ ကြောက်ရွံ့ခြင်းမှ လွတ်မြောက်သည့် စစ်မှန် သောလွတ်လပ်မှုကို ကျွန်ုပ်တို့မရရှိသရွေ့ ထိုဒဏ်ရာများသက်သာ ပျောက်ကင်းလိမ့်မည် မဟုတ်။ လူ့အခွင့်အရေး ဆိုးဆိုးရွားရွားချိုးဖောက်မှုများမရပ်တန့်သရွေ့ ကျွန်ုပ်တို့၌ ကြောက်ရွံ့ခြင်း ကွယ်ပျောက်လိမ့်မည်မဟုတ်။ နိုင်ငံ၏ဒေသအသီးသီးမှ အမျိုးသမီးတိုင်းသည် အဓမ္မပြုခံရမည့်အရေး၊ လူကုန်ကူးခံရမည့်အရေးတို့ကို တွေးတောပူပန်စရာမလိုဘဲ သွားလာလှုပ်ရှားခြင်း မပြုနိုင်သရွေ့ ကျွန်ုပ်တို့ လွတ်လပ်လိမ့်မည်မဟုတ်။ သတင်းသမားတိုင်းသည်လည်း ဖမ်းဆီးထောင်ချခံရမည့်အရေး ကို ပူပန်စရာမလိုဘဲ မိမိတို့၏ သတင်းလုပ်ငန်းများကို မလုပ်ဆောင်နိုင်သရွေ့ လွတ်လပ်မှုအရသာကို မည်သူမျှခံစားရလိမ့်မည် မဟုတ်။ နိုင်ငံသားတိုင်းသည် ဘာသာမရွေး၊ လူမျိုးမရွေး တန်းတူ အခွင့် အရေး ရရှိပြီး လေးစားမှုခံရကာ နိုင်ငံ၏အနာဂတ်တွင် သာတူညီမျှ ပါဝင်နိုင်မှု မရှိသရွေ့ ကျွန်ုပ်တို့၏ ဒဏ်ရာများဆက်လက်ဆိုးရွားနေမည်သာဖြစ်သည်။ ထို့ကြောင့် စစ်မှန်သောတရားမျှတမှုနှင့် လွတ် လပ်မှုကို အခြေခံ၍ ငြိမ်းချမ်းရေးအစစ်အမှန်ကို ရှာဖွေရန် အချိန်ရောက်ပြီဖြစ်သည်။

သို့သော် ရပိုင်ခွင့်များနှင့်အတူ ပါလာသောအရာမှာ တာဝန်ဝတ္တရားများဖြစ်သည်။ လွတ်လပ်မှုနှင့် အတူပါလာသောအရာမှာ တာဝန်သိစိတ်ဖြစ်သည်။ ကျွန်ုပ်တို့အားလုံး၌ မိသားစုအတွက်ဖြစ်စေ၊ အဖွဲ့အစည်း အတွက်ဖြစ်စေ၊ နိုင်ငံအတွက်ဖြစ်စေ လုပ်ဆောင်ရမည့် တာဝန်ကိုယ်စီရှိကြသည်။ ရပိုင်ခွင့် တစ်ခုစီတိုင်းကို တာဝန်ဖြင့် ထိန်းချုပ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ တစ်ဦး တစ်ယောက်စီတိုင်းကို ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခဲ့သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၌ ဘုရားသခင်၏ပုံသဏ္ဌာန်တော်ရှိ နေခြင်းကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ‘မတို့ထိအပ်သူ’၊ ‘မသန့်ရှင်းသောသူ’၊ ‘နိမ့်ကျသောသူ’၊ ‘တိုင်းတစ်ပါးသား’၊ ‘အခြားနိုင်ငံမှ ရွှေ့ပြောင်း ဝင်ရောက်လာသူ’၊ ‘နေရပ်ပြောင်းရွှေ့ခံရသူ’၊ ‘နိုင်ငံမဲ့ဖြစ်နေသူ’ အစရှိသည်ဖြင့် နှိမ့်ချခေါ်ဝေါ်ကာ ဥပေက္ခာမပြုသင့်ပေ။ နေရပ်ပြောင်းရွှေ့ခံရသူများကိုပင်လျှင် လွဲမှားသောအရပ်သို့ ပြောင်းရွှေ့ ထား ခြင်းမျိုးမပြုအပ်ပေ။ ကျွန်ုပ်တို့တစ်ဦးစီသည် ပဋိသန္ဓေတည်ချိန်မှစ၍ ပုံမှန်အတိုင်း သေဆုံးချိန် တိုင်အောင် မွေးရာပါလူ့ဂုဏ်သိက္ခာရှိသဖြင့် ခြွင်းချက်မရှိဘဲ ရှင်သန်ရန် အခွင့်အရေးရှိကြသည်။ အကြောင်းမှာ ဘုရားသခင်သည် အမှားကျူးလွန်လေ့မရှိပေ။ ကိုယ်တော်ရှင်သည် မေတ္တာစစ်ဖြင့် ချစ်တော်မူသောကြောင့် မည်သူ့ကိုမျှ ‘ငြင်းပယ်ခံရသူ’၊ ‘မတို့ထိအပ်သူ’ ဟူ၍ ရှုမြင်တော်မမူပေ။

သို့သော်လည်း မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းလုံး၌ ဘုရားသခင်၏ ပုံသဏ္ဌာတော်ကို နေ့စဉ်နေ့တိုင်း ကြင်နာ ခြင်းကင်းမဲ့စွာဖြင့် နင်းချေလျက်ရှိကြသည်။ တချို့သောလူ့အဖွဲ့အစည်းတွင် ‘မျိုးရိုးဇာတ်’ ခွဲခြားသည့်စနစ်ဆိုးရှိ နေခြင်းကြောင့် စီးပွားရေးအခြေအနေကိုအကြောင်းပြု၍ တချို့သော လူသား များမှာ အခြားသောလူ့အဖွဲ့အစည်း၌ မွေးဖွားရှင်သန်လျှင်ပင် အကျိုးမထူးမည့်သူများကဲ့သို့ မှတ်ယူ ခံကြရသည်။ အခြားသောလူ့အဖွဲ့အစည်း တချို့တွင် တိုင်းတစ်ပါးသားများ၊ ရွှေ့ပြောင်းဝင်ရောက် သူများ၊ ဒုက္ခသည်များကိုငြင်းပယ်ခြင်း၊ သို့မဟုတ် လူမျိုးခွဲခြားဆက်ဆံခြင်း စသည်တို့ကို ပြုတတ်ကြ သည်။ လူ့အဖွဲ့အစည်းတချို့တွင် မသန်စွမ်းများအပေါ် အနိုင်အထက်ပြုခြင်း၊ ဥပေက္ခာပြုခြင်း စသည် တို့ကို မကြာခဏပြုလုပ်နေကြဆဲဖြစ်သည်။

အထင်ကရအဖွဲ့အစည်းတစ်ခုဖြစ်သည့် L’Arche ကို တည်ထောင်ပြီး ယခုနှစ်အစောပိုင်းတွင် ကွယ် လွန်ခဲ့သူ Jean Vanier က ထိုအချက်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အား များစွာသင်ပြခဲ့သူဖြစ်သည်။ သူရေးသားခဲ့သည့် “အခြေအနေနှင့် အချိန်အခါကို ကြည့်ခြင်း၊ ဒုက္ခနှင့်ပြည့်သောကမ္ဘာကြီးအတွက် မျှော်လင့်ချက်(၇)ခု” စာအုပ်တွင် Jean Vanier က “အားကြီးသူနဲ့ အားနည်းသူ အတူတကွ နေထိုင်တဲ့ အခါမှာ အကြင်နာမေတ္တာ မွေးဖွားလာပါတယ်။ အားနည်းသူများအတွက် အပြန်အလှန်ကူညီပေးမှုက ရောက်လာတတ်ပါတယ်။ သန်မာသူက အိုမင်းမစွမ်းသူထဖို့၊ အိပ်ရာဝင်ဖို့ ကူညီပေးပါတယ်။ မသန် စွမ်းတဲ့သူတွေ ရေချိုးဖို့၊ မုတ်ဆိတ်ရိတ်ဖို့၊ အဝတ်အစားလဲဖို့ သူတို့ကူညီပေးကြပါတယ်။ အားနည်းသူ တွေဟာ သန်မာသူတွေရဲ့နှလုံးသားကို နူးညံ့သိမ်မွေ့လာစေပြီး သူတို့ကို လူသားပီသစွာနဲ့ စစ်မှန် တဲ့ကြင်နာခြင်းပြသနိုင်တဲ့သူတွေဖြစ်လာဖို့ ပြောင်းလဲပေးကြ ပါတယ်။ သန်မာသူတွေဟာ အားနည်းသူ တွေကို သူတို့ရဲ့အနက်ရှိုင်းဆုံးလူ့တန်ဖိုးကို ပြသကြပါတယ်။ ဒါကြောင့် သန်မာသူဖြစ်စေ၊ အားနည်း သူ ဖြစ်စေ တထူးတခြား တန်ဖိုးရှိသူတွေဖြစ်လာကြပါတယ်။ လူ့အဖွဲ့ အစည်းအတွင်းမှာ နာမကျန်း သူတွေရှိနေခြင်းက ထိပ်ဆုံးကအဖွဲ့အစည်းနဲ့ အောက်ဆုံးက အဖွဲ့အစည်းတို့ ပေါင်းဆုံပြီး နောက်ထပ် အဖွဲ့အစည်းတွေထွက်ပေါ်လာဖို့ အခြေအနေဖန်တီးပေးပါတယ်။ ဒီကနေ့အချိန်မှာ ကျွန်ုပ်တို့ လိုအပ် နေတာ အဲဒါပါပဲ” ဟု ဆိုထားသည်။ ဤကမ္ဘာကြီးတွင် လူငယ်များအား မိမိတို့ရည်မှန်းချက် ပန်းတိုင် သို့ အရောက်သွားရန် အားပေးသင့်သကဲ့သို့ သက်ကြီးသူတို့၏ ဥာဏ်ပညာကိုလည်း အစဉ်လေးစား တန်ဖိုးထားတတ်ရန် လိုအပ်သည်။

ကက်သလစ်သာသနာတော်၏ လူမှုရေးသွန်သင်ချက်အနှစ်ချုပ်စာအုပ်တွင် “လူကို ဘုရားသခင်၏ပုံ သဏ္ဌာန်တော်အတိုင်း ဖန်ဆင်းသည့်နေရာတွင် အထင်ရှားဆုံးသော အမှတ်လက္ခဏာမှာ ‘လွတ်လပ် ခွင့်’ ဖြစ်သည်” ဟု ဆိုထားသည်။ “လူအချင်းချင်းဆက်ဆံရာတွင် ထိုလွတ်လပ်ခွင့်ကို ကျင့်သုံးရ သည်။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခြင်းခံရသော လူသားတိုင်းကို လွတ်လပ် သော၊ တာဝန်သိသော သက်ရှိအဖြစ် မှတ်ယူရမည်။ တစ်ဦးအပေါ်တစ်ဦး ထိုလေးစားမှုမျိုး ပြသ ရန်လည်း တာဝန်ရှိသည်။ အထူးသဖြင့် ကိုယ်ကျင့် တရားနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များတွင် လွတ်လပ်မှုကို ကျင့်သုံးခွင့်ရှိရေးမှာ လူသားဂုဏ်သိက္ခာအတွက် မရှိမဖြစ်သော လိုအပ်ချက်တစ်ခု ဖြစ် သည်။ လူ့အသိုင်းအဝိုင်းအတွင်းရှိ လူသားတစ်ဦးစီတိုင်းက မိမိ၏ခေါ်တော်မူခြင်းပန်းတိုင်သို့ ရောက်ရှိ ရန် လျှောက်လှမ်းချိန်တွင် ထိုလွတ်လပ်မှုတန်ဖိုးကို လေးစားရမည်ဖြစ်သည်။ ခေါ်တော်မူခြင်း ပန်းတိုင် ဟု ဆိုရာတွင် အမှန်တရားကို ရှာဖွေပြီး မိမိ၏ဘာသာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး အတွေး အခေါ်များ ကို ပြောကြားခြင်း၊ မိမိ၏အမြင်ရှုထောင့်ကို တင်ပြခြင်း၊ တတ်နိုင်သရွေ့ မိမိ၏ဘဝအခြေ အနေနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ရွေးချယ်ခြင်း၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးသဘော သဘာဝ ကို နားလည်ရန် ကြိုးစားခြင်း စသည်တို့ပါဝင်သည်။ ဤဖြစ်စဉ်သည် ‘ခိုင်မာသောတရားဥပဒေမူ ဘောင်’ အတွင်း၌ ရှိနေရမည်။ အများပြည်သူအကျိုးအလို့ငှာ တာဝန်သိစိတ်အပြည့်ဖြင့် ချမှတ်ထား သော မူဘောင်အတွင်း၌ ရှိနေရမည်ဖြစ်သည်။

တရားဥပဒေစိုးမိုးမှုမရှိပါက လွတ်လပ်မှုမရှိနိုင်သကဲ့သို့ လွတ်လပ်မှုကို အကာအကွယ်ပေးဖို့ရန်လည်း မဖြစ်နိုင်ပေ။ သို့သော် တရားဥပဒေစိုးမိုးမှုဆိုသည်ကို နားလည်ရန် အရေးကြီးပေသည်။ လူအများက ဥပဒေကို လိုက်နာသော်လည်း အုပ်ချုပ်သူလူတန်းစားက မတရားမှုကို လုပ်ဆောင်ခွင့်ရနေပါက တရားဥပဒေစိုးမိုးသည် ဟု မခေါ်ဆိုနိုင်ပေ။ တရားဥပဒေစိုးမိုးမှုဆိုသည်မှာ အုပ်ချုပ်သူ လူတန်းစား ဖြစ်စေ၊ အုပ်ချုပ်ခံလူတန်းစားဖြစ် စေ ဥပဒေရှေ့မှောက်တွင် တန်းတူရှိနေခြင်းဖြစ်သည်။

လူမျိုးတစ်ခုအကြောင်း မဟုတ်မမှန်ပြောဆိုခြင်းသည် လွတ်လပ်ခွင့်ကို ထိပါးခြင်းဖြစ်သည်။ လူအများ ၏ ပျူငှါသော လက်ခံကြိုဆိုခြင်းကို မတရားအမြတ်ထုတ်သော အဖွဲ့အစည်းများမှာ အမြဲရှိနေမည် သာ ဖြစ်သည်။ သို့သော် အကြမ်းဖက်မှုများ လုပ်ဆောင်လာပါက နိုင်ငံတော်အနေဖြင့် ယင်းတို့ကို တွန်းလှန်ခွင့်ရှိသည်။ သို့သော် ဤနည်းလမ်းသည် အမြော်အမြင်ရှိသော ဖြေရှင်းမှုမျိုး မဟုတ်ပေ။ သို့သော် တစ်မြေထဲနေ တစ်ရေထဲသောက်သူအချင်းချင်း ပေါင်းစည်းပြီး တစ်ဦးကိုတစ်ဦး အကာ အကွယ်ပေးနိုင်ပါက လူမျိုးပေါင်းစုံ နေထိုင်သော မြန်မာနိုင်ငံသည် နိုင်ငံတကာအလယ်တွင် စံပြနိုင်ငံ တစ်ခု ဖြစ်လာနိုင်ပေသည်။

တရားဟောသူတို့က မေတ္တာတရားမဟောဘဲ အမုန်းစကားကိုသာ ဖြန့်ဝေပါက ၄င်းတို့ ပစ်မှတ်ထား သော လူစုအတွက်သာမက ကျွန်ုပ်တို့အားလုံးအတွက်လည်း လွတ်လပ်ခွင့် ဆိတ်သုဉ်းသွားပေလိမ့် မည်။ အမှန်တရားကို ဖော်ထုတ်ပြောဆိုခြင်းဖြင့်သာ လွတ်လပ်ခွင့်ကို ကာကွယ်နိုင်သည်။ ပုပ်ရဟန်း မင်းကြီး ဂျွန်ပေါလ်(၂) က သူ၏ စာချွန်တော်ဖြစ်သော “ယုံကြည်ခြင်းနှင့် ကျိုးကြောင်းညီစွာ တွေးခေါ် ခြင်း” (Fides et Ratio) တွင် “အမှန်တရားနှင့် လွတ်လပ်ခွင့်တို့သည် အတူတကွ ရှင်သန်ကြသည်။ ထိုသို့မဟုတ်ပါက ၄င်းတို့သည် အတူတကွပင် ပျက်သုဉ်းသွားကြသည်” ဟု ဆိုထားသည်။ လူသား တို့၏လွတ်လပ်ခွင့်ပြဿနာမှာ “အရေးကြီးသော” ပြဿနာဖြစ်သည်ဟု ၄င်းက မိန့်ကြားခဲ့သည်။

ယခုနှစ်အစောပိုင်းက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် အာလ်အာဇာ အစ္စလမ်ဘာသာရေးအဖွဲ့၏ အကြီးအကဲ အာမက်အဲလ်တာယက်တို့ အတူတကွလက်မှတ်ထိုးဖြန့်ဝေခဲ့သည့် “ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် အတူ တကွယဉ်တွဲနေထိုင်ရေးအတွက် လူတို့ထားရှိအပ်သောညီအစ်ကိုစိတ်ထား” သဝဏ်လွှာ၌ ဤသို့ဆိုထားသည်။ “လွတ်လပ်ခွင့်ဆိုသည်မှာ လူသားတိုင်းရသင့်သောအခွင့်အရေး ဖြစ်သည်။ လူ တစ်ဦးစီတိုင်းက လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ တွေးတောခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ လုပ် ဆောင်ခွင့်ရရှိရန် လိုလားကြသည်။ မတူညီကွဲပြားခြင်း၊ ဘာသာတရားကွဲပြားခြင်း၊ အသားအရောင်နှင့် ကျား/မ ကွဲပြားခြင်း၊ လူမျိုးနှင့် ဘာသာ စကားကွဲပြားခြင်းတို့မှာ လူတို့အား ကိုယ်တော်ရှင် ဖန်ဆင်း စဉ်ကတည်းက ဥာဏ်ပညာတော်ဖြင့် စီမံတော်မူခဲ့ခြင်းဖြစ်သည်။ လွတ်လပ်စွာကိုးကွယ်ခွင့်နှင့် မတူညီ ကွဲပြားခွင့်တို့မှာလည်း ထိုဥာဏ်ပညာတော်မှ ထွက်ပေါ် လာခြင်းဖြစ်သည်။ ထို့ကြောင့် ဘာသာ တရားတစ်ခု၊ သို့မဟုတ် ဓလေ့တစ်ခုခုအား လက်ခံရန် အတင်းအဓမ္မ လုပ်ဆောင်ခြင်းမျိုးကို ငြင်း ပယ်ရမည်။ ထို့အတူ အခြားသောသူတို့လက်မခံသော နေထိုင်မှုပုံစံအား အတင်းအကြပ် ဖိအားပေး ခြင်းမျိုးကို ငြင်းပယ်ရမည်။ သနားကြင်နာခြင်းကို အခြေခံသော တရားမျှတမှုမှာ လူသားအားလုံး မိမိတို့ ရပိုင်ခွင့်နှင့် လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိသော ဘဝကို ပိုင်ဆိုင်နိုင်မည့် လမ်းစဉ်ဖြစ်သည်။ အပြန် အလှန်ဆွေးနွေးခြင်း၊ နားလည်မှုပေးခြင်း၊ သည်းခံစိတ်ထားရန် ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော် ခြင်း၊ တစ်ပါးသူအား လက်ခံတတ်ခြင်း၊ ၄င်းတို့နှင့် ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်ခြင်း စသည့်ဓလေ့စရိုက်တို့သည် လူအတော်များများအား ဖိနှိပ်လေးလံစေသည့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် သဘာဝပတ်ဝန်းကျင် ပြဿနာများကို လျော့ပါးစေသည်။ နိုင်ငံသားဖြစ်ရေးမှာ တူညီ သော ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများဖြင့် တရား မျှတမှုကို အားလုံးတန်းတူညီတူ ခံစားရသော အခြေ အနေပေါ်တွင် အခြေခံထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ လူမှုဝန်းကျင်တွင် ပြည့်ဝသော နိုင်ငံသား ဘဝပုံစံကို ထူထောင်ပြီး ခွဲခြားခံရခြင်း၊ နိမ့်ကျခြင်း စသည့်ခံစားချက် များကို ဖြစ်ပေါ်စေသော အသုံးအနှုန်းများကို ငြင်းပယ်ရန် အရေးကြီးသည်။ ယင်းတို့ကို လွဲမှားစွာသုံးနှုန်းခြင်းကြောင့် အမုန်း တရားနှင့် စိတ်ဝမ်းကွဲပြားမှုတို့ဖြစ်ပေါ်လာရသည်။ ယင်းကြောင့် ရရှိခဲ့သောအောင်မြင်မှုတို့ ပျောက်ဆုံး သွားပြီး ခွဲခြားဆက်ဆံခံရသူတို့၏ ဘာသာရေးနှင့် နိုင်ငံသားအခွင့်အရေးတို့ဆုံးရှုံးသွားခဲ့သည်။ ထို့ကြောင့် လူအားလုံးတို့ လူ့ဂုဏ်သိက္ခာနှင့်ပြည့်ဝသောဘဝမျိုးရရှိစေခြင်းငှာ အခြေခံ လူ့အခွင့် အရေးများ ခိုင်မာစေရန် ကြိုးစားလုပ်ဆောင်ရေးမှာ အရေးကြီးသည်။”

နယ်လ်ဆင်မင်ဒဲလားက “ကျွန်ုပ်၏လွတ်လပ်ခွင့်ကို ကျွန်ုပ်လွန်စွာချစ်မြတ်နိုးပါသည်။ သို့သော် သင် တို့၏လွတ်လပ်ခွင့်အတွက် ကျွန်ုပ်ပို၍ပင်အရေးစိုက်ပါသည်” ဟု ဆိုခဲ့သည်။ ဝီလျံ လွိုက် ဂယ်ရစ် ဆင် ကလည်း “လူသားတစ်ယောက်ရှိတဲ့နေရာတိုင်းမှာ သူ့အတွက် ဘုရားသခင်ပေးသနားတော်မူတဲ့ ရပိုင်ခွင့်တွေရှိနေတာ ကျွန်ုပ်မြင်ရပါတယ်” ဟု ဆိုခဲ့သည်။

ငြိမ်းချမ်းရေး

ကျွန်ုပ်တို့၏သခင် ယေဇူးခရစ်တော်သည် လှည့်ဖြားခံရခြင်း၊ ဖမ်းဆီးနှိပ်စက်ခံရခြင်း၊ ကားတိုင်ပေါ်၌ အသတ်ခံရခြင်း စသည်တို့ မခံယူမီ မိမိ၏လက်တော်ကို ဆန့်တန်းလျက် “ငြိမ်းချမ်း သာယာခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်းချမ်းသာယာခြင်းကို သင်တို့အား ငါပေး၏ .... သင်တို့၏ စိတ်နှလုံး၌ ပူပန်ခြင်းမရှိစေကြနှင့်။ ကြောက်ရွံ့ခြင်းလည်း မရှိကြနှင့်” (ယော ၁၄း၂၇) ဟု မိန့် တော်မူခဲ့သည်။

သို့ပင်သော်လည်း ကျွန်ုပ်တို့၏ စိတ်နှလုံး၌ မကြာခဏ ပူပန်ခြင်းရှိပြီး ကျွန်ုပ်တို့ကမ္ဘာမှာလည်း ငြိမ်း ချမ်းမှုနှင့် ဝေးကွာနေသကဲ့သို့ရှိလေသည်။ ကျွန်ုပ်၏အမိမြန်မာနိုင်ငံ၌ပင် စစ်မှန်သောငြိမ်းချမ်းမှု မခံ စားရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီဖြစ်သည်။ လှပသောဤနိုင်ငံတော်တွင် တစ် နေရာမဟုတ် တစ်နေရာ၌ စစ်မီးတောက်လောင်နေသည်မှာ နှစ်ပေါင်း(၇၀)ပင် ကျော်ခဲ့လေပြီ။ သို့ရာတွင် မြန်မာနိုင်ငံ၌ လူမျိုးမရွေး ဘာသာမရွေး အားလုံး၏စိတ်နှလုံးတွင် ငြိမ်းချမ်းရေးကို တောင့် တနေကြသည်။

ခေတ်သစ်လူသားတစ်ယောက်ကိုကြည့်လျှင် ထိုသူသည် သိပ္ပံပညာနှင့် နည်းပညာပိုင်း၌ များစွာဖွံ့ဖြိုး တိုးတက်နေသော်လည်း စိတ်ဓာတ်ပိုင်း၌ ချွတ်ခြုံကျနေသည်ကို ကောင်းစွာတွေ့နိုင်သည်။ လေထဲ တွင် ငှက်ကဲ့သို့ ပျံသန်းနိုင်ပြီး ရေထဲတွင် ငါးကဲ့သို့သွားလာနိုင်ခဲ့သော်လည်း ကမ္ဘာမြေပေါ်တွင် လူ သားအချင်းချင်း ညီအစ်ကိုမောင်နှမစိတ်ဓာတ်ဖြင့် အတူတကွလျှောက်လှမ်းရန် မတတ်နိုင်ကြသေး ပေ။ မာတင်လူသာကင်း ဂျူနီယာပြောဆိုခဲ့သည့် အထက်ပါစကားတို့မှာ ယနေ့ခေတ် မြန်မာနိုင်ငံ အတွက် လွန်စွာမှန်ကန်နေလေသည်။

ငြိမ်းချမ်းရေးဟူသည် ကက်သလစ်သာသနာတော်၏ရည်မှန်းချက်ပန်းတိုင်တစ်ခုဖြစ်သည်။ သို့သော် ထိုငြိမ်းချမ်းရေးသည် တရားမျှတမှုနှင့် လွတ်လပ်မှုတို့ဖြင့် အတူယှဉ်တွဲနေရမည်ဖြစ်သည်။ တရား မျှတမှုမရှိပါက ငြိမ်းချမ်းရေးလည်း မရှိနိုင်ပေ။ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ပုပ်ရဟန်း မင်းကြီးရုံးတော်က ထုတ်ဝေသည့် သာသနာတော်နှင့် လူ့အခွင့်အရေးစာစောင်က ကျွန်ုပ်တို့အား “ကျွန်ုပ်တို့ ခရစ်ယာန်များသည် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသူများဖြစ်လိုကြပြီး နိုင်ငံအချင်းချင်း အကြား သဟဇာတရှိစေရန် လုပ်ဆောင်လိုကြပါက လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက်နေ ကြောင်း တွေ့လျှင် ဆိတ်ဆိတ်နေနိုင်ကြမည်မဟုတ်ချေ။ ဝမ်းနည်းဖွယ် ဆိုးဝါးသော အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေသည်ကို မြင်တွေ့ရချိန်၌ ကျွန်ုပ်တို့၏ စိုးရိမ်ပူပန်မှုများကို ဖုံးကွယ် နိုင်လိမ့်မည် မဟုတ်” ဟု ဆိုထားသည်။ ကက်သလစ်သာသနာတော်၏လူမှုရေး သွန်သင်ချက် အနှစ်ချုပ် စာအုပ် တွင်လည်း “ငြိမ်းချမ်းခြင်းသည် တရားမျှတမှု၏အသီးအပွင့်ဖြစ်သည်။ လူတစ်ဦးသည် ၄င်းရသင့် ရထိုက်သော အခွင့်အရေးများမရရှိလျှင်သော်လည်းကောင်း၊ လူ့ဂုဏ်သိက္ခာကို မလေးစားလျှင် သော် လည်းကောင်း၊ နိုင်ငံသားဘဝ၌ အများသူငါကဲ့သို့ ကောင်းကျိုးများမခံစားရလျှင်သော်လည်းကောင်း ငြိမ်းချမ်းရေးအတွက် အန္တရာယ်ရှိနေပြီဟု ဆိုနိုင်သည်။ လူတစ်ဦးချင်းစီ၌လည်းကောင်း၊ လူမျိုးများ ၌လည်းကောင်း၊ နိုင်ငံများ၌လည်းကောင်း ပြည့်ဝသောဖွံ့ဖြိုးတိုးတက်မှုရှိစေရန်နှင့်  ငြိမ်းချမ်းသာယာ သော လူ့အဖွဲ့အစည်းကို တည်ထောင်ရန် ကြိုးပမ်းရာ၌ လူ့အခွင့်အရေးကိုကာကွယ်ခြင်း၊ မြှင့်တင် ပေးခြင်းတို့မှာ မရှိမဖြစ် လိုအပ်သောအရာများဖြစ်ကြသည်” ဟု သွန်သင်ထားသည်။ ပုပ်ရဟန်း မင်းကြီး ဖရန်စစ်ကလည်း “ကျွန်ုပ်တို့ အားလုံးတန်းတူညီတူရှိ၍ တူညီသော လူ့အခွင့်အရေးများ ရှိကြ သည်။ ထိုအချက်ကို မမြင်နိုင်သောအခါ လူ့ အဖွဲ့အစည်း၌ တရားမျှတမှုမရှိတော့ပေ။ လူတို့သည် တရားမျှတမှုကို မျက်ကွယ်ပြုသဖြင့် မတရားမှုကြီးစိုး သောအခါ ငြိမ်းချမ်းမှုမရှိတော့ပေ။ ဤအချက်ကို သင်တို့နှင့်အတူ ထပ်မံရွတ်ဆိုလိုပါသည်။ တရားမျှတမှု မရှိလျှင် ငြိမ်းချမ်းမှုမရှိနိုင်ပါ” ဟု မိန့်ကြား ခဲ့သည်။

မြန်မာနိုင်ငံသည် မတူကွဲပြားသော လူမျိုးစုများ၊ ဘာသာစကားများ၊ ယဉ်ကျေးမှုများနှင့် ကိုးကွယ်ရာ ဘာသာတရားများ စုပေါင်းနေထိုင်သည့် လှပသောနိုင်ငံတစ်ခုဖြစ်သည်။ ငြိမ်းချမ်းရေးကို ကျွန်ုပ်တို့ လိုလားပါက ကျွန်ုပ်တို့နိုင်ငံ၏ မတူကွဲပြားမှုကို ချစ်မြတ်နိုးတတ်ရန်၊ ယင်းတို့အထဲ၌ စည်းလုံးမှုကို ရှာဖွေတတ်ရန် သင်ယူကြရမည်သာဖြစ်သည်။ အကြောင်းမှာ စစ်မှန်သောငြိမ်းချမ်းရေးနှင့် လွတ်လပ်မှု တို့မှာ မတူကွဲပြားသော လူမျိုးနှင့် ဘာသာတရားများအပေါ် လေးစားခြင်း၌ အခြေခံကာ ဖြစ်ပေါ် လာသောကြောင့်ဖြစ်သည်။ လူမျိုး၊ ဘာသာတရား၊ ကျား/မ ခွဲခြားမှုမရှိဘဲ လူသားတိုင်း၏ အခြေခံ လူ့အခွင့်အရေးကို အကာအကွယ်ပေးခြင်း၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးကွဲပြားမှုများကို လေးစား ခြင်း စသည်တို့မရှိပါက မည်သည့်လူ့အဖွဲ့အစည်းမျှ  ဒီမိုကရေစီနည်းကျသော၊ လွတ်လပ်သော၊ ငြိမ်း ချမ်းသော လူ့အဖွဲ့အစည်းမဖြစ်နိုင်ပေ။

ကျွန်ုပ်သည် ပန်းဥယျာဉ်များကို ချစ်မြတ်နိုးသည်။ တရားဟောစရာကိစ္စ၊ ဘာသာရေးကိစ္စများဖြင့် ခရီးထွက်ရခြင်းမရှိပါက အားလပ်ချိန်များတွင် ရန်ကုန်ရှိ ဆရာတော်ကျောင်းတိုက်၌ ငြိမ်းချမ်းရေး အိုအေစစ် သဖွယ်ဖြစ်သည့် ပန်းဥယျာဉ်တွင် တိတ်ဆိတ်စွာ ထောက်ရှုဆင်ခြင်လျက် အေးချမ်းစွာ လျှောက်လှမ်းရသည်ကို နှစ်သက်မိသည်။ ဥယျာဉ်ကို ပုံဖော်ရန်၊ စိုက်ပျိုးရန်၊ ပျိုးထောင်ပေးရန် ကူညီ ပေးခဲ့သည်။ ပြည်ပသို့ခရီး ထွက်ရချိန်၌ ပန်းဥယျာဉ်တွေ့လျှင် နားခိုရာ၊ ငြိမ်းချမ်းရာ အိမ် ဂေဟာကို ပြန်တွေ့ရသကဲ့သို့ ခံစားမိသည်။လွန်ခဲ့သောနှစ်အနည်းငယ်က ဗြိတိန်နိုင်ငံ၌ လှည့်လည် သွားလာ စရာခရီးများဖြင့်ပြည့်နေစဉ် ကျေးလက်အရပ်ရှိ တိတ်ဆိတ်ငြိမ်သက်ပြီး လှပသော အိမ် တစ်အိမ်တွင် နှစ်ရက်တာတည်းခိုခဲ့ရသည်။ ထိုနေရာ၌ တခြားမည်သည့် တာဝန်ဝတ္တရားမျှမရှိဘဲ ပန်းရနံ့များကို ရှူရှိုက်ခွင့်၊ ကျွန်ုပ်မျက်စိရှေ့ရှိ ပန်းခင်းများ၏စုံလင်သော အရောင် အသွေးများကို ငေးမောခွင့် ရခဲ့သည်။ ထိုနေရာတွင် ရက်အနည်းထပ်၍နေချင်စိတ်ပင်ဖြစ်ပေါ်ခဲ့သည်။

မှန်ပေသည်။ ကျမ်းစာကို ဥယျာဉ်ဖြင့် အစပြုခဲ့သည်။ ယေဇူးဘုရားရှင်ခံထမ်းရမည့်ဒုက္ခဝေဒနာကို ကျမ်းစာ၌ ကြိုတင်နိမိတ်ပြခဲ့သည်။ သေခြင်းကို ယေဇူးသခင်အောင်နိုင်၍ ပြန်ရှင်ထမြောက်ပြီးချိန်၌ မာရိယာမာဒလေးနာသည် ကျွန်ုပ်တို့၏သခင်ဘုရားကို ဥယျာဉ်မှူးအဖြစ် အမှတ်မှားသည်ကို ထောက် လျှင် ကျမ်းစာ ကို ဥယျာဉ်၌ပင် အဆုံးသတ်ထားကြောင်း တွေ့နိုင်သည်။

ကျွန်ုပ်သည် မြန်မာနိုင်ငံကို ဥယျာဉ်ကြီးတစ်ခုအဖြစ် မြင်မိသည်။ ထိုပန်းဥယျာဉ်တွင် အမျိုးမျိုးသော အရောင်အသွေးများ၊ ပုံသဏ္ဌာန်များ၊ အရွယ်အစားများ၊ လိုအပ်ချက်များဖြင့် ပန်းပေါင်းစုံပွင့်ဖူးပြီး အတူတကွ ရှင်သန်ကြီးထွားကြသည်။ ပန်းတစ်ပွင့်စီတိုင်းသည် လှပလျက်ရှိသည်။ ပန်းခြံ၏ စုပေါင်း အလှအပနှင့် အရောင် အသွေးက ပန်းတစ်ပွင့်ချင်းစီ၏အလှကို ငြင်းပယ်ခြင်း၊ ဖိနှိပ်ခြင်းမျိုးမရှိပေ။ ပန်းတစ်ပွင့်စီ၏အလှကို အသိအမှတ်ပြုနိုင်သကဲ့သို့ တစ်ခုချင်းစီကို စုပေါင်းအလှအဖြစ်လည်း ရှုမြင် နိုင်သည်။ ပန်းတို့သည် အချင်းချင်းတိုက် ခိုက်ခြင်း၊ ယှဉ်ပြိုင်ခြင်း၊ နေရာပြောင်းရွှေ့ခြင်း၊ လွှမ်းမိုး ချုပ် ကိုင်ခြင်းမရှိကြပေ။ ပေါင်းမြက်များကသာ ၄င်းတို့ကို ခြိမ်းခြောက်ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံ တည်းဟူသောပန်းဥယျာဉ်ကို ပျိုးထောင်ရာတွင် ပန်းတစ်ပွင့်ချင်းစီ၏အလှကို ချစ်မြတ်နိုးတတ်ရမည်။ မေတ္တာနှင့် ကရုဏာတရားတို့ဖြင့် အတူတကွရှင်သန်ပေါက် ရောက်သောမြေကို ပေါင်းဆွ၍ ရေ လောင်းရမည်။ ကျွန်ုပ်တို့၏မတူကွဲပြားသောအလှထွက်ပေါ်စေရန် မိမိ တို့ဘက်က လျှော့သင့်သည့် အရာတို့ကို လျှော့ပေးရမည်။

ထိုသို့ပြုလုပ်ရာတွင် ယုံကြည်မှုတည်ဆောက်ခြင်းနှင့် လေးစားမှုတို့ကို အခြေခံကာ အပြန်အလှန် ဆွေးနွေးပြောဆိုနိုင်ရန် ကြိုးပမ်းကြရမည်။ အပြန်အလှန်ပြောဆိုဆွေးနွေးရာတွင် တူညီသော အခွင့် အရေး ပေးရမည်။ တိုင်းရင်းသားလူမျိုးများ နှစ်ပေါင်းများစွာ ခံစားလာခဲ့ရသော ကြေကွဲဖွယ် အဖြစ် များကို နားထောင်၍ ဆွေးနွေးပေးရမည်။ ထိုသို့ဆွေးနွေးရာတွင် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အနာဂတ်အတွက် ဆုံးဖြတ်ပိုင်ခွင့်တို့ကို ရရှိစေမည့် နိုင်ငံရေးဖြေရှင်းနည်းကို ရှာဖွေရမည်။ ထိုဆွေးနွေးပွဲသည် သဘာဝသယံဇာတများကို အခွင့်ထူးခံ လူအုပ်စုတစ်ခုကသာ ချုပ် ကိုင်လွှမ်းမိုးထားခြင်းမဟုတ်ဘဲ ပြည်သူပြည်သားများ၏ ကောင်းကျိုးအတွက် ခွဲဝေသုံးစွဲနိုင်သော နည်းလမ်းများထွက်ပေါ်စေရမည်။ ဆွေးနွေးပွဲတွင် ပစ်ပယ်ခံရသကဲ့သို့ ခံစားနေသူများမရှိစေရ။ ထိုကဲ့ သို့သောဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေးလမ်းစဉ်မျိုးကသာ ထိခိုက်နာကျင်မှုများကို သက်သာ ပျောက ကင်းစေပြီး တစ်ဦးအပေါ်တစ်ဦးယုံကြည်မှုတိုးပွားကာ အဓိပ္ပာယ်ရှိသောငြိမ်းချမ်းရေးကို ထွက်ပေါ် စေလိမ့်မည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး သိုးထိန်းခရီး ကြွရောက်ခဲ့စဉ် ဒေါ် အောင်ဆန်းစုကြည် သည် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာ၌ “ကျွန်မတို့နိုင်ငံဟာ မတူကွဲပြား တဲ့လူမျိုး၊ ဘာသာစကားနဲ့ ကိုးကွယ်ယုံကြည်ရာအမျိုးမျိုးတို့ကို ပေါင်းစပ်ယက်လုပ်ထားတဲ့ လှပတဲ့ သဘာဝရောင်စုံ ပိတ်ကားတစ်ချပ်လိုပါပဲ” ဟု ဆိုခဲ့သည်။ ဆက်လက်၍ ပြောကြားရာတွင် သူမ၏ အစိုးရအနေဖြင့် “မတူကွဲပြား တဲ့အလှကို ဖော်ထုတ်ပြီး လူ့အခွင့်အရေးကာကွယ်ခြင်း၊ သည်းခံစိတ် မွေးမြူခြင်း၊ အားလုံးအတွက် လုံခြုံရေးဖန် တီးပေးခြင်း စတာတွေကို လုပ်ဆောင်ပြီး မတူကွဲပြား ခြင်းကို ခွန်အားအဖြစ် ပြောင်းလဲဖို့ရန်” ရည်ရွယ်ထား ကြောင်း ကတိပြုခဲ့သည်။

ကျွန်ုပ်အနေဖြင့် ကိုယ်တွေ့ကြုံခဲ့ရသောအဖြစ်ကြောင့် အဘယ်အရာကို ရည်ရွယ်ပြောဆိုကြောင်း သိခဲ့ရသည်။ ကျွန်ုပ်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့အနီးက မုံလှရွာတွင် ဖွားမြင်ခဲ့သည်။ မုံလှ ရွာတွင် ကက်သလစ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အတူတကွ နေထိုင်ကြသည်။ ကျွန်ုပ်၏ ဖခင်သည် လယ်သမားတစ်ဦးဖြစ်ပြီး ကျွန်ုပ်အသက်(၂)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ကျွန်ုပ်၏ မိခင်မှာ အထည်ချုပ်သူ တစ်ဦးဖြစ်ပြီး တစ်ရွာလုံးက ချစ်ကြသည်။ မိခင်သည် အိမ်နီးချင်းများနှင့် မည်သည့်အခါမျှ ရန်မဖြစ်ခဲ့ပေ။ မိခင်ဖြစ်သူသည် ညစဉ်ညတိုင်း ရဟန္တာများနှင့် ဘုန်းတော်ကြီးများ အကြောင်းပုံပြင်တို့ကို ကျွန်ုပ်အား ပြောပြကာ စိတ်ကို ဖမ်းစားနိုင်ခဲ့သည်။ ကျွန်ုပ်၏မိဘများနှင့် ကျွန်ုပ်ကိုပါချစ်သော ကျောင်းထိုင်ဘုန်းတော်ကြီး ဒွန်လူဝီကလည်း ကျွန်ုပ်ကို စိတ်ဓာတ်ခွန်အားများစွာ ပေးခဲ့သည်။ ကျွန်ုပ် အသက်(၅)နှစ်အရွယ် ရောက်သောအခါ ဘုန်းတော်ကြီးက ဘုရားစကား သင်ပေး ခဲ့သည်။ ကျွန်ုပ်သည် ဘုန်းတော်ကြီးကဲ့သို့ဖြစ်ချင်လာခဲ့သည်။

ကက်သလစ်အသိုင်းအဝိုင်း၌ ကြီးပြင်းလာခဲ့သော ကျွန်ုပ်သည် မတူကွဲပြားမှု၌ စည်းလုံးညီညွတ်သည့် သဘောတရားကို နားလည်လာခဲ့သည်။ လူငယ်များနှင့် ဆင်းရဲသားများအား တက်ကြွမှုအပြည့်ဖြင့် ဂရုတစိုက် ကူညီတတ်သော ဒွန်ဘော်စကို၏ပုံသက်သေကို ကျွန်ုပ်အားကျကာ ဆလေးရှင်း သာသနာပြုများထံမှ ပညာများ သင်ယူခဲ့ပြီး ကိုယ်တိုင်လည်း ဆလေးရှင်းသာသနာပြုတစ်ဦးဖြစ်လာ ခဲ့သည်။ သို့သော် ကက်သလစ်သာသနာ တော်သည် အခန်းများစွာရှိသော အိမ်တစ်လုံးနှင့် အလား သဏ္ဌာန်တူသည်။ တစ်ခုတည်းဖြစ်သည့် ကက်သလစ် သာသနာတော်တွင် ယေဇူးအသင်း၊ ဒေါမိနီ ကန်၊ ဘက်နဒစ်တင်း၊ ဖရန်စ္စကန်၊ ကာမယ်လိုက်နှင့် အခြားသော မတူညီသည့် သာသနာပြု အသင်းအဖွဲ့ အသီးသီးက ပညာရေး၊ ဝိညာဉ်ရေးလမ်းစဉ်များဖြင့် ခေါ်တော်မူခြင်း လမ်းကြောင်းများ ဖော်ဆောင် ထားကြသည်။ ကျွန်ုပ်တို့သည် သာသနာတော်၌ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပေါင်း စည်း ပါဝင်ကြသော်လည်း သာသနာတော်သည်ကား တစ်ခုတည်းသာဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း ထိုနည်းတူပင် ဖြစ်သည်။

ကက်သလစ်သာသနာတော်တွင် ဘာသာဝင်အများစုဖြစ်ကြသည့် ကရင်၊ ကရင်နီ၊ ချင်း၊ ကချင်နှင့် အခြားသောတိုင်းရင်းသားများအကြားတွင် ကျွန်ုပ်သည် မတူကွဲပြားစွာဖြင့် လူနည်းစုဖြစ်သော ဗမာ လူမျိုး တစ်ဦးဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဗမာလူမျိုးက အများဆုံးဖြစ်သော်လည်း ကျွန်ုပ်သည် ဗုဒ္ဓ ဘာသာ မြန်မာလူမျိုးများအကြားတွင် လူနည်းစုဖြစ်ခဲ့ပြန်သည်။ သို့သော် ထိုသို့မတူကွဲပြားခြင်းကို ကျွန်ုပ် ချစ်မြတ်နိုးတတ်လာခဲ့သည်။

တစ်ခါတရံ ကျွန်ုပ်ဒုက္ခတွေ့ရတတ်သည်။ ဗုဒ္ဓဘာသာဝင်အများစုဖြစ်သော ဗမာလူမျိုးများ ကြားတွင် ခရစ်ယာန်တစ်ယောက်ဖြစ်နေသောကြောင့် အဆင်မပြေဖြစ်ခဲ့ဖူးသည်။ တစ်ဖန် ခရစ်ယာန် ဘာသာ ဝင်များအကြားတွင် ဗမာလူမျိုးဖြစ်နေသောကြောင့် ကရင်၊ ကချင်၊ ချင်းနှင့် အခြားသော တိုင်းရင်းသား တို့က သံသယ ဖြစ်သည်ကို ကြုံခဲ့ရဖူးသည်။ ထိုသူတို့ကို အပြစ်မတင်ပါ။ ပဋိပက္ခ ဖြစ်ခဲ့သော သမိုင်းကြောင်းက ဤကဲ့သို့သော စိတ်ဒဏ်ရာများကို ဖြစ်စေခဲ့လေသည်။

သို့သော် ကျွန်ုပ်၏ရဟန်းဘဝတစ်လျှောက် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ မှ အသိမိတ်ဆွေများနှင့် အတူနေထိုင်နိုင်ခဲ့ပြီး မေတ္တာပြနိုင်ခဲ့သည်။ ကျွန်ုပ်၏ရဟန်းဘဝအချိန် အများ စုကို တိုင်းရင်းသားလူမျိုးများနေထိုင်သောပြည်နယ်နှင့် တိုင်းများတွင် ကုန်ဆုံးခဲ့သည်။ ပျိုရွယ်စဉ် ရဟန်းဘဝအချိန်က လားရှိုးမြို့အနီးတွင် အမှုတော်ထမ်းဆောင်ရသောကြောင့် ထိုဒေသသုံး ဘာသာ စကားဖြစ်သော မရူစကားကို သင်ယူခဲ့ပြီး တစ်ပတ်အကြာတွင် မရူဘာသာစကားဖြင့် တရားဟောနိုင် ခဲ့သည်။ လားရှိုး ကက်သလစ်ခရစ်ယာန်သာသနာပိုင်ဆရာတော်ဘဝသို့ ရောက်ရှိချိန်တွင် စိန်ပေါလ် အသင်းဂိုဏ်းကို ကျွန်ုပ်တည်ထောင်ခဲ့သည်။ ရည်ရွယ်ချက်မှာ ယေဇူးဘုရားရှင်၏ သတင်းကောင်းကို မကြားနာရသေးသူများအား သာသနာပြုရန်ဖြစ်သည်။ အသင်းဂိုဏ်းဝင် ညီအစ်ကိုမောင်နှမများသည် နယ်စွန်နယ်ဖျားဒေသများသို့ သွားရောက်၍ ပညာရေး၊ ကျန်းမာရေး၊ ဧဝံဂေလိ သတင်းကောင်း ဖြန့်ဝေရေးတို့၌ ပါဝင်ကူညီကြသည်။ ယနေ့အချိန်တွင် သီလရှင် အပါး(၁၀ဝ)နှင့် ရဟန်း ကိုရင် အပါး(၃၀)တို့က သာသနာ(၆)ခုတွင် အမှုတော်ဆောင်လျက်ရှိကြသည်။ သူတို့အဓိက လုပ်ဆောင် သောအရာမှာ ဘုရားကျောင်းနှင့် ခရစ်ယာန်များမရှိသောဒေသများသို့ သွားရောက်ရန်၊ လူသူ အရောက် အပေါက်နည်းသော နယ်စွန်နယ်ဖျားအရပ်ဒေသများသို့ သွားရောက်ရန်ဖြစ်သည်။

ပုသိမ် ကက်သလစ်ခရစ်ယာန်သာသနာပိုင်ဆရာတော်အဖြစ် အမှုတော်ထမ်းဆောင်စဉ် စစ်တပ်နှင့် ကရင်လူမျိုးများအကြား ပဋိပက္ခအလယ်သို့ ကျွန်ုပ်ရောက်ရှိခဲ့သည်။ ကျွန်ုပ်အနေဖြင့် ပြန်လည် သင့် မြတ်ခြင်း၊ ခွင့်လွှတ်ခြင်းနှင့် စည်းလုံးခြင်းအကြောင်း မကြာခဏ ဟောပြောခဲ့သည်။

ရန်ကုန် ကက်သလစ်ခရစ်ယာန် သာသနာပိုင်ဆရာတော် ဖြစ်လာသောအခါ၌လည်း ဆင်းရဲသားများ နှင့် ဖိနှိပ်ခံရသူများဖြစ်ကြသည့် ပျောက်သောသူ၊ နောက်ဆုံးသောသူ၊ အငယ်ဆုံးသောသူတို့ထံသို့ အရောက်သွားရန် ကျွန်ုပ်ကြိုးစားခဲ့သည်။ အားလုံးသောသူတို့အတွက် တရားမျှတမှု၊ လွတ်လပ်မှု၊ လူ့ဂုဏ်သိက္ခာတို့ကို ဖော်ထုတ်ပြောဆိုရန် ကျွန်ုပ်အစဉ်တစိုက်ကြိုးစားခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ကက်သလစ်သာသနာ တော်၏ရည်မှန်းချက်တွင် လူသားတိုင်း၌ ဘုရားသခင်၏ ပုံသဏ္ဌာန် တော်တည်ရှိတော်မူသည်ကို လွန်စွာအလေးအနက်ထားသည်ဟု ကျွန်ုပ်နားလည်ထားသောကြောင့် ဖြစ်သည်။

ကျွန်ုပ်ထမ်းဆောင်ရမည့်အမှုတော်မှာ အမြဲရှင်းလင်းပြတ်သားခဲ့သည်။ ယင်းအမှုတော်မှာ မြန်မာ ပြည်သူပြည်သားများ တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးရန်နှင့် အစေခံရန်အတွက် လွတ်မြောက်ခြင်းသို့ ရောက်ရှိရန် ဖြစ်သည်။ ထိုပန်းတိုင်သို့ ရောက်ရှိရန်အတွက် အပြစ်၊ စွဲလန်းမှု၊ မတရားမှု၊ ခွဲခြား ဆက်ဆံမှု၊ တရားမျှတမှုမရှိသော စစ်အင်အားသုံးမှုတို့ကို ကျွန်ုပ်တို့ထံမှ လည်းကောင်း၊ နိုင်ငံမှ လည်း ကောင်း ဖယ်ရှားရန်လိုအပ်သည်။ လွတ်လပ်မှုကို အပြည့်အဝခံစားရန်အတွက် အရာရာ၌ အမှန်တရား ရှိရန် လိုအပ်သည်။ ရဟန်းဘဝသို့ ရောက်ရှိခဲ့စဉ်က “Omnia possum in Eo” ဟူသော အပိုဒ်ကို ကိုယ်ပိုင်ဆောင်ပုဒ်အဖြစ် ခံယူခဲ့သည်။ အဓိပ္ပာယ်မှာ “ကိုယ်တော်၌ ခပ်သိမ်းသောအမှုတို့ကို ငါ တတ် စွမ်းနိုင်၏” (ဖိလိပိ ၄း၁၃) ဟူ၍ ဖြစ်သည်။ ဆရာတော်ဘဝနှင့် ကာဒီနယ်ဘဝသို့ ရောက်သောအခါ ၌လည်း ထိုဆောင်ပုဒ်ကို ဆက်လက်စွဲကိုင်ထားသည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် နေပြည်တော်၌ ဩဝါဒမိန့် ကြားခဲ့ရာတွင် “တရားမျှတမှုအတွက် တစိုက်မတ်မတ်လုပ်ဆောင်ပြီး လူ့အခွင့်အရေးကို လေးစား ခြင်းဖြင့်သာလျှင် ခက်ခဲတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံတစ်ဝန်း ပြန်လည်သင့်မြတ်ခြင်း လုပ်ငန်း စဉ်တို့ဟာ ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့အနာဂတ်ဟာ ငြိမ်းချမ်းရေးပဲဖြစ်ရပါမယ်။ အဲဒီ ငြိမ်းချမ်းရေးဟာ လူ့အသိုင်းအဝိုင်းအတွင်းက တစ်ဦးစီရဲ့လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို လေး စားခြင်း၊ တိုင်းရင်းသားလူမျိုးစုနဲ့ ၄င်းတို့ရဲ့ ကိုယ်ပိုင်လက္ခဏာကို လေးစားခြင်း၊ တရားဥပဒေ စိုးမိုးခြင်းကို လေးစားခြင်း၊ အများကောင်းကျိုး အတွက် တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းက မိမိတို့ တတ်နိုင်တဲ့ ဘက်က တရားသဖြင့် ပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းစဉ်ကို လေးစားခြင်း စတာတွေအပေါ်မှာ အခြေခံ ရပါမယ်” ဟု ဆုံးမခဲ့သည်။ ပုပ်ရဟန်းမင်းကြီး၏မိန့်ကြားချက် မှာ လွန်စွာ မှန်ကန်လှပေသည်။

‘မတူကွဲပြားခြင်း၏ဂုဏ်သိက္ခာ’ စာအုပ်တွင် လော့ဒ်ဆက်စ်က “ချိတ်ဆက်လုပ်ဆောင်နေရတဲ့ကမ္ဘာ ကြီးမှာ မတူကွဲပြားခြင်းကြောင့် ခြိမ်းခြောက်မှု မခံစားရဘဲ တိုးတက်ကျယ်ပြန့်လာတယ်လို့ ခံစား တတ်ဖို့ ကျွန်ုပ်တို့သင်ယူရပါလိမ့်မယ်” ဟု ဆိုခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ငြိမ်းချမ်းရေးရရှိလိုပါက ထိုကဲ့သို့ သင်ယူရန် လိုအပ်ပေသည်။

ကာကွယ်ရေး

နိုင်ငံတစ်နိုင်မှစစ်တပ်၏တရားဝင်အခန်းကဏ္ဍကို မှန်မှန်ကန်ကန်နားလည်မှသာလျှင် ရေရှည်တည် တံ့သောငြိမ်းချမ်းရေးရရှိနိုင်မည်ဖြစ်သည်။ ကက်သလစ်သာသနာတော်၏ လူမှုရေးဆိုင်ရာ သွန်သင် ချက်အနှစ်ချုပ်စာအုပ်တွင် “မုန်းတီးဖိနှိပ်လိုစိတ်ဖြင့် စစ်ပွဲဆင်နွှဲခြင်းသည် အမှန်စင်စစ် မကောင်းသော အကျင့်သာဖြစ်သည်” ဟု ရှင်းလင်းစွာ သွန်သင်ထားသည်။ တိုက်ခိုက်ခြင်းခံရသော နိုင်ငံတစ်နိုင်ငံ သည် လိုအပ်ပါက လက်နက်ကိုင်စွဲ ၍ ခုခံခွင့်နှင့် ကာကွယ်ရမည့်တာဝန်ရှိလေသည်။

ကက်သလစ်သာသနာတော်က လက်ခံထားသည့် “တရားသောစစ်ပွဲ” တွင် လက်နက်စွဲကိုင်၍ ခုခံခြင်း ကို တရားဝင်သည်ဟု သတ်မှတ်သော်လည်း ယင်းသည် နောက်ဆုံးမလွှဲမရှောင်သာအခြေအနေမှသာ လိုအပ်သလောက် ခုခံကာကွယ်ခြင်းမျိုးဖြစ်သည်။ ဆက်လက်၍ ကက်သလစ်သာသနာတော်က “ရန်လိုတိုက် ခိုက်ခြင်းကို ခံရသူများသည် မိမိတို့ကိုယ်ကို ခုခံနိုင်စွမ်းမရှိပါက ၄င်းတို့အား အကာ အကွယ်ပေးရန် တာဝန်ရှိသည်” ဟု ဆိုထားသည်။ မကြာခဏဆိုသကဲ့သို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများတွင် အရပ်သားများသည် စစ်ပွဲ၏ပစ်မှတ်များဖြစ်လာခဲ့ပြီး အိုးအိမ်ရွှေ့ပြောင်း ရသည့်ဒုက္ခနှင့် တစ်ခါတရံ အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခံရသည့်ဘေးကိုပင် ကြုံကြ ရသည်။ ကက်သလစ်သာသနာတော်၏ သွန်သင်ချက်အရ ဆိုလျှင် “ထိုသို့သော ကပ်ဆိုးများကြုံတွေ့ ရပါက လူသားချင်းစာနာထောက်ထားမှုအကူအညီများသည် အရပ်သားများထံသို့ ရောက်ရှိရမည် ဖြစ်ပြီး ထိုအကူအညီရယူသူတို့အား မည်သို့သောဖိအားတစ်စုံတရာကိုမျှ မပေးကြရပေ။ ပဋိပက္ခဖြစ် ပွားနေသော နှစ်ဖက်အဖွဲ့အစည်း၏တောင်းဆိုချက်ထက် လူသားတို့၏ ကောင်းကျိုးချမ်းသာကို ဦးစား ပေး ဖြည့်ဆည်းရမည်။”

ဤသတင်းစကားကို မြန်မာနိုင်ငံ၌ ကြားသိရန် လိုအပ်သည်။ မြန်မာနိုင်ငံ၏အချို့ဒေသများ အထူး သဖြင့် ကချင်၊ ရှမ်းနှင့် ရခိုင်ဒေသများမှ အရေးပေါ်အကူအညီလိုအပ်နေသူများမှာ ကူညီထောက်ပံ့မှု များ ဖြတ်တောက်ခံထားကြရသည်။ ထိုဒေသများတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီ များ သွားရောက် ပေးအပ်ရန် ဟန့်တားခံကြရသည်။ ကျွန်ုပ်တို့နိုင်ငံ၌ ကွဲပြားသောအဖွဲ့ အစည်း များ အကြား ပဋိပက္ခဖြစ်ပွားပါက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ မည်သူ့ကိုမျှ အစာရေစာ၊ အမိုးအကာ၊ ဆေးဝါးနှင့် ပညာရေးအထောက်အပံ့ အစရှိသည့်အခြေခံရပိုင်ခွင့်များ မရရှိရန် ငြင်းပယ်ခြင်း မပြုသင့်ပေ။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းတို့ ရရှိလိုပါက စစ်တပ်အနေဖြင့် မိမိတို့၏ တာဝန်မှာ တိုင်းပြည်ကို အုပ်ချုပ်ရန်မဟုတ်ဘဲ အကာအကွယ်ပေးရန်ဖြစ်ကြောင်း နားလည် လာမည့် အခြေအနေသို့ ရောက်ရှိရန် ကျွန်ုပ်တို့ကြိုးစားကြရမည်ဖြစ်သည်။ လက်ရှိကာလ ကျွန်ုပ်တို့၏ အထိခိုက်မခံ သောဒီမိုကရေစီအခြေအနေကြောင့် စစ်တပ်၏အကူအညီနှင့် အကာအကွယ်ပေးမှုကို ကျွန်ုပ်တို့အမှန် တကယ်လိုအပ်ပေသည်။

နိုင်ငံတိုင်း၌ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိသည်။ နိုင်ငံ၏စစ်တပ်မှာလည်း အခြေခံဥပဒေနှင့် တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုရန် တည်ထောင်ထားခြင်းဖြစ်သည်။ ထိုကဲ့သို့ အပေး အယူမျှတသောလူ့အဖွဲ့အစည်းများတွင် လက်နက်ကိုင်အဖွဲ့အစည်းများသည် လွတ်လပ်ရေးကို ကာ ကွယ်ရန်၊ ကူညီထောက်ပံ့ရန်၊ နိုင်ငံ၏ခေါင်းဆောင်၊ လွှတ်တော်နှင့် တရားရေးဌာနတို့ကို တာဝန်ခံ ပေးရန် အသင့်ရှိနေကြသည်။ စစ်တပ်ကို စတင်ထူထောင်ပေးခဲ့သည့် ကျွန်ုပ်တို့နိုင်ငံ၏ အမျိုးသား ခေါင်းဆောင်၊ နိုင်ငံ၏လွတ်လပ်ရေး လှုပ်ရှားမှု၌ ဦးဆောင်သူ၊ ဒီမိုကရေစီခေါင်းဆောင်နှင့် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ဖခင်  ဗိုလ်ချုပ်အောင်ဆန်း၏ စံနမူနာကို မြင် ယောင် ကြည့်နိုင်ပါသည်။

ယေဇူးသခင်က “မိမိ၏မိတ်ဆွေများအဖို့ မိမိ၏အသက်ကို စွန့်လွှတ်သော ချစ်ခြင်းမေတ္တာထက် ပို၍ကြီးမြတ်သော ချစ်ခြင်းမေတ္တာမျိုး အဘယ်သူတွင်မျှမရှိ” (ယော ၁၅း၁၃) ဟု မိန့်ဆိုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မိမိနိုင်ငံ၏အကျိုးအတွက် မိမိအသက်ကိုပင် စွန့်လွှတ်ပေးဆပ်ခဲ့သူ ဖြစ် သည်။ သူတည်ထောင်ခဲ့ သောစစ်တပ်သည် ပြည်သူပြည်သားများအတွက် အမှုထမ်းရန် အသင့်ရှိ နေမည်ဟု သူယုံကြည်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ဖခင်သည် “တပ်မတော်ကို တရားမျှတမှုနှင့် ဂုဏ်သိက္ခာဖြင့် ပြည့်ဝ သောတပ်မတော်ဖြစ်စေလိုကြောင်း၊ တပ်မတော်ကို အစိုးရ၏အုပ်ချုပ်ရေးပိုင်း၌ ပါဝင်စေရန် မည်သည့် အခါကမျှ မရည်ရွယ်ခဲ့ကြောင်း” ပြောဆိုခဲ့ဖူးသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံသဘော တူညီချက်၏ ရည်မှန်းချက်နှင့်ပတ်သက်၍ မည်သည့်ဘက်ကိုမျှ အလေးပေးဘက်လိုက်ခြင်းမရှိဘဲ မြန်မာနိုင်ငံအတွက် ဖက်ဒရယ်စနစ်ရရှိစေရန် ကြိုးပမ်းသည့်အနေဖြင့် ဂျူဘီလီဟောတွင် ဤသို့ ရှင်းပြခဲ့သည်။ “ကျွန်တော့်အမြင်မှာတော့ ဗဟိုအုပ်ချုပ်ရေးစနစ်ကိုထူထောင်ဖို့ဟာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ဟာ နိုင်ငံတော်ရဲ့တိုင်းရင်းသားတွေရသင့်တဲ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ စနစ် တကျဖွဲ့ထားတဲ့နယ်ပယ်တွေပေါင်းစည်းထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ရမှာဖြစ်တယ်။”

ပြည်ထောင်စုတည်ထောင်စဉ်က ထားရှိခဲ့သောရည်ရွယ်ချက်ကို ကျွန်ုပ်တို့ပြန်လည်အမှတ်ရကြလျက် ကျမ်းစာတော်မြတ်က ပညာအလိမ္မာကျမ်း၌ ဆိုထားသောကျမ်းချက်ကို အောက်မေ့ဆင်ခြင်ကြရမည်။ “ရည်မှန်းချက် မရှိလျှင် လူတို့သည် ပျက်စီးမည်။” (သုတ္တံကျမ်း ၂၉း၁၈)

ကျွန်ုပ်တို့၌ မည်မျှပင်အာဏာရှိပါစေ၊ ဥပဒေ၏ အထက်၌ မည်သူမျှမရှိရပေ။ နိုင်ငံရေးခေါင်းဆောင် များ၊ ပြည်သူနှင့် ဘာသာရေးခေါင်းဆောင်များ၊ စစ်ခေါင်းဆောင်များအနေဖြင့် ဘုရားသခင်သည် မတရားမှုကို ရွံမုန်းတော်မူ၍ တရားမျှတမှု၏ ဘုရားသခင်ဖြစ်တော်မူကြောင်းကို လည်းကောင်း၊ ယောကျာ်း မိန်းမရှိသမျှတို့သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် တာဝန်ခံစိတ် အပြည့်ရှိရ မည့်အကြောင်းကိုလည်းကောင်း မေ့လျော့ခြင်းမရှိဘဲ စံနမူနာပြ၍ ဦးဆောင်ကြရမည်။

ဓမ္မသစ်ကျမ်းတွင် ယေဇူးကိုယ်တော်နှင့် စစ်သားတစ်ဦး စိတ်ဝင်စားဖွယ် ဆုံတွေ့သည့်အကြောင်း ပါရှိသည်။ (မာတေးဦး ၈း၉) ယေဇူးသခင်အား မိမိ၏ နာမကျန်းဖြစ်နေသောအစေခံကို ကုသ စေလိုသည့် စစ်သားက မိမိ၏လုပ်ပိုင်ခွင့်ကို ကျင့်သုံးခြင်းနှင့်ပတ်သက်၍ ကောင်းစွာသိရှိထားသည်။ သူက “အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မင်းအာဏာစက်အောက်တွင် နေရသူဖြစ်ပြီး အကျွန်ုပ်၏ လက်အောက်တွင် လည်း စစ်သားများရှိပါ၏။ အကျွန်ုပ်က တစ်ယောက်ကို သွားလော့ဟု ဆိုလျှင် ထိုသူသည် သွားပါ၏။ အခြားတစ်ယောက်ကို လာခဲ့ဟုဆိုလျှင် ထိုသူသည် လာပါ၏။ အကျွန်ုပ်၏ အစေခံကိုလည်း ဤအမှုကို ပြုလော့ဟုဆိုလျှင် သူသည် ပြုလုပ်ပါ၏ဟု” လျှောက်လေ၏။ ထိုစစ်သား သည် ဖြောင့်မတ်သောသူဖြစ်ပြီး မိမိ၏လုပ်ပိုင်ခွင့်အတိုင်းအတာကို နားလည်ကာ မိမိ၏ အထက် အကြီးအကဲအား တာဝန်ခံသူဖြစ်ကြောင်းကို ယေဇူးဘုရားရှင်သိရှိတော်မူလေသည်။ ဘုရားသခင်၏ သားတော်သည်လည်း မိမိ၏လွန်စွာကြီးမြတ်လှသော တန်ခိုးတော်ဖြင့် စစ်သား၏အစေခံကို လုံးဝ ပျောက်ကင်းချမ်းသာစေရန် ကုသပေးတော်မူခဲ့သည်။

ယေဇူးဘုရားရှင်သည် စစ်သားကို လက်မခံခြင်း၊ သူ၏တောင်းဆိုချက်အား ငြင်းပယ်ခြင်း စသည်တို့ ကို မပြုလုပ်ခဲ့ပေ။ ကိုယ်တော်ရှင်သည် သူ့အပေါ် လေးစားမှုပြတော်မူခဲ့သည်။ အကြောင်းမှာ စစ်သားသည် ရိုးသားစွာ ရှင်သန်ပြီး မိမိ၏လုပ်ပိုင်ခွင့်၌ အကန့်အသတ်ရှိသည်ကိုလည်း နားလည် သောကြောင့်ဖြစ်သည်။

ထို့အတူ ရှင်လုကာဧဝံဂေလိကျမ်း (၁၆း၁၉-၃၁)တွင် ဖော်ပြထားသော လာဇရုနှင့် သူဌေးကြီးပုံပြင် ကိုလည်း ကျွန်ုပ်ဆင်ခြင်ထောက်ရှုခဲ့ပါသည်။ မိမိ၏စားပွဲမှကျသော ပေါင်မုန့်အစအနကိုပင် ဆင်းရဲ သားအား ပေးရန် ငြင်းပယ်ခဲ့သည့်သူဌေးကြီးအပေါ် စီရင်ခဲ့သောငရဲဒဏ်မှာ ကျွန်ုပ်တို့အားလုံး ကောင်းစွာ ထောက်ရှု သင့်သောသင်ခန်းစာတစ်ခုဖြစ်သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာတွင် မြန်မာနိုင်ငံသို့ ကြွရောက်ခဲ့စဉ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူ မြတ်က ကျွန်ုပ်တို့၏ စစ်ဦးစီးချုပ်အား ၄င်းအနေဖြင့် အရပ်သားအစိုးရကို တောင့်တင်းခိုင်မာစေပြီး မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးဖော်ဆောင်ပေးနိုင်သည့် မွန်မြတ်သောလုပ်ငန်းစဉ်ကို ထမ်းဆောင်ရန် တာဝန်ရှိကြောင်း မြွက်ကြား ခဲ့သည်။

မကြာသေးမီက ကျွန်ုပ်ပြောကြားခဲ့သည့်အတိုင်း “တရားမျှတမှုနှင့် ငြိမ်းချမ်းရေးသည် ဧရာဝတီမြစ် ကဲ့သို့ တသွင်သွင်စီးဆင်းပါစေ။ စစ်မှန်သော နိုင်ငံရေးနှင့် စီးပွားရေးဖက်ဒရယ်စနစ်သည် အသိုင်း အဝိုင်းများအကြား ယုံကြည်မှုကို တည်ဆောက်နိုင်ပါစေ။ ပွင့်လင်းမြင်သာမှုလည်း ရှိပါစေ။ ဒီမိုကရေစီ လမ်းကြောင်း၌ မှန်ကန်စွာ ပါဝင်ခြင်းအားဖြင့် မျှတမှုကို အစိုးရတစ်ရပ်အနေဖြင့် ဖော်ဆောင်ပေးနိုင် ပါက ကျွန်ုပ်တို့၏ ဒဏ်ရာအနာတရများလည်း သက်သာပျောက်ကင်းပြီး ပဋိပက္ခများသည်လည်း သမိုင်းထဲ၌သာ ကျန်ရစ်ခဲ့ပေလိမ့်မည်။ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက မိမိသေနတ်သံများကို တိတ်ဆိတ်နိုင်စွမ်းရှိကြပါသည်။ ငြိမ်းချမ်းရေးတိုက်ပွဲကိုသာ ဆင်နွှဲကြပါ။ စစ်တပ်တစ်ခုရှိလျှင် လုံ လောက်ပြီဖြစ်သည်။ ထိုစစ်တပ်သည်လည်း တရားမျှတမှုနှင့် ငြိမ်းချမ်းရေး၏စစ်တပ်ဖြစ်ရန် လို အပ်သည်။”

ယဉ်ကျေးသောလူ့အဖွဲ့အစည်းတွင် မည်သည့်စစ်တပ်မျှ ဥပဒေ၏အထက်တွင် မရှိပါ။ နူးညံ့သိမ်မွေ့ သောလူ့အဖွဲ့အစည်းတွင် မည်သည့်စစ်သားကိုမျှ ရာဇဝတ်မှုကျူးလွန်နိုင်သောအခွင့်ကို မပေးထား ချေ။ စစ်သားများသည် လေးစားချစ်ခင်မှုကို ခံယူလိုပါက လွှတ်တော်အတွင်း၌ ရှိမနေဘဲ မိမိတို့ စစ်တန်းလျား၌ နေရာယူကာ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရ၏ အုပ်ချုပ်မှု အောက်၌ တိုင်းပြည်ကို အစေခံကြရမည်ဖြစ်သည်။ ဒီမိုကရေစီဖြစ်ထွန်းသော လူ့ဘောင် အသိုင်း အဝိုင်းတွင် နိုင်ငံရေးခေါင်းဆောင်များသည် ကာကွယ်ရေးဦးစီးချုပ်၏ အမြော်အမြင်ကြီးမှုအပေါ် များစွာ မှီခိုအားထားကြသည်။ ထိုကဲ့သို့လေးစားမှု မျိုးရှိရန်မှာ လွန်စွာအရေးကြီးသော အချက်ဖြစ် သည်။ သို့သော် ကာကွယ်ရေးဦးစီးချုပ်သည် ရွေးကောက်တင် မြှောက်ထားသော အရပ်သား ခေါင်း ဆောင်၏ အုပ်ချုပ်မှုအောက်၌ အမှုထမ်းပြီး ၄င်းတို့အား ခြိမ်းခြောက်ခြင်း မပြုမှသာ ရိုသေ လေးစားခံရ မည်ဖြစ်သည်။ တရားမျှတခြင်းနှင့် တရားဥပဒေစိုးမိုးရေးကို ခိုင်မာစေရမည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသား၊ အမျိုးသမီးရှိသမျှတို့သည် ဘုရားသခင်၏မျက်မှောက်တော်တွင် တာဝန်ခံ သူများဖြစ်ကြ ရမည်။ ထိုဘုရားသခင်သည် တရားမျှတမှု၏ဘုရားသခင်၊ မတရားမှုကို ရွံရှာမုန်းတီးတော်မူသော ဘုရားသခင်ဖြစ်တော်မူသည်။

ယူနီဖောင်းဝတ်စုံဖြင့် အမှုထမ်းသူတို့၏အကျင့်စရိုက်သည် လူတို့က ၄င်းတို့အား ကြောက်ရွံ့ခြင်းထက် လေးစားခြင်း၊ ချစ်ခင်မြတ်နိုးခြင်းရှိသည့် လူ့အဖွဲ့အစည်းမျိုးဖြစ်လာရန် ကျွန်ုပ်တို့ ကြိုးစား လုပ်ဆောင် ကြရမည်။ မိမိ၏အစေခံကို ကုသပေးရန် ယေဇူးသခင်ထံတော်သို့ လာရောက်တောင်းပန်ခဲ့သော ရောမတပ်မှူး၏ ယုံကြည်ခြင်းနှင့် နှိမ့်ချခြင်းမျိုး ကျွန်ုပ်တို့၏စစ်သားများတွင် ရှိလာရန် ကျွန်ုပ်တို့ ကြိုးစားကြရမည်။ ရှင်မာတေဦး ဧဝံဂေလိကျမ်း (၈း၅-၁၃)တွင် ကျွန်ုပ်တို့ကြားနာခဲ့သည့်အတိုင်း ယေဇူးကိုယ်တော်သည် စစ်သား၏အစေခံ ကို သွားရောက်ကုသပေးရန် လုပ်ဆောင်တော်မူစဉ် ထိုစစ်သားက ထပ်မံလျှောက်တင်ခဲ့သည်။ ၄င်း၏စကားကို မစ္ဆားတရားတော်မြတ်အတွင်း ကိုယ်တော် မြတ် စက္ကရမင်မင်္ဂလာမပင့်ယူမီ ကျွန်ုပ်တို့ထပ်ခါထပ်ခါ ရွတ်ဆိုကြရသည်။ “သခင်ဘုရား၊ တပည့် တော်၏ အိမ်မိုးအောက်သို့ ကိုယ်တော်ဝင်ရောက်ရန် တပည့်တော်သည် မထိုက်တန်ပါ။ သို့သော် တစ်ခွန်းမျှသာ အမိန့်ရှိတော်မူပါလျှင် ကျွန်ုပ်၏အစေခံသည် သက်သာပျောက်ကင်း ပါလိမ့်မည်။” ယေဇူးဘုရားသည် လူတစ်ရာတပ်မှူး၏ယုံကြည်ခြင်းကိုမြင်လျှင် လွန်စွာအံ့ဩ၍ အစေခံအားလည်း ကုသပေးတော်မူလေသည်။

ဘုန်းတော်ကြီးတစ်ပါးအနေဖြင့် ဝိညာဉ်များအား ကယ်တင်ခြင်းသို့ ပို့ဆောင်ခြင်းအမှုအတွက် ကျွန်ုပ်  ဝမ်းမြောက်မိသည်။ ထိုကယ်တင်ခြင်း ဆုကျေးဇူးတော်သည် လူသားတိုင်းရရှိနိုင်သော ဆုကျေးဇူး တော်ဖြစ်သည်။ ကယ်တင်ခြင်းမရနိုင်သူဟူ၍မရှိပါ။ ရှေးဦးအသင်းတော်ကာလ၌ သာသနာတော်ကို အပူတပြင်းနှိပ်ကွပ်ခဲ့သော ဆောလုသည် ဒါမာစကုမြို့သို့ သွားရာလမ်းတွင် ကိုယ်တော်ရှင်နှင့် ဆုံတွေ့ပြီး ရှင်ပေါလုဖြစ်လာခဲ့သည်။ သူသည် ကျွန်ုပ်တို့၏သခင်ဘုရားပါရှိလျက် ရှင်ပေတရုနှင့်အတူ လက်တွဲကာ သာသနာတော်ကို တည်ထောင်ရာ အုတ်မြစ်ကျောက်တိုင်ဖြစ်လာခဲ့သည်။ ရှင်ပေတရု သည်လည်း ကယ်တင်ခြင်းမရနိုင်သူမရှိသည့်အကြောင်းကို ပြသခဲ့သည်။ သူသည် ကိုယ်တော်ရှင် ကားတိုင်တင်သတ်ခြင်းမခံရမီ ကိုယ်တော်ရှင်အား သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့သူဖြစ်သည်။ သို့တစေ ယေဇူးဘုရားရှင်သည် “ကျောက်” ဟု အဓိပ္ပာယ်ရသော ပေတရုအပေါ်တွင် မိမိ၏သာသနာတော်ကို တည်ထောင်ရန် ဆုံးဖြတ်တော်မူခဲ့သည်။ ငရဲ၏တံခါးတို့သည်လည်း ဤသာသနာတော်ကို အောင်နိုင်ခြင်း မရှိနိုင်ကြောင်း ကြေညာတော်မူခဲ့သည်။ သို့ရာတွင် စိတ်နှလုံးပြောင်းလဲခြင်းမရှိပါ က ကယ်တင်ခြင်းမရနိုင်ပေ။ ထိုအချက်သည် ခွန်အားကြီးသူအတွက် မှန်ကန်သကဲ့သို့ ခွန်အားနည်းသူ အတွက်လည်း မှန်ကန်ခြင်းရှိလေသည်။ အပြစ်ဖြေခြင်းစက္ကရမင်မင်္ဂလာသည်လည်း ကျွန်ုပ်တို့အား အပြစ်ခွင့်လွှတ် ခြင်းရရန် ဖိတ်ခေါ်နေလေသည်။ သို့မှသာ ကျွန်ုပ်တို့သည် ထာဝရအသက်၏ ဝမ်းမြောက်ခြင်းကို ဆုံးရှုံးမည့်ဘေးမှ ကင်းလွတ်နိုင်ပေလိမ့်မည်။ အပြစ်၏ ခွင့်လွှတ်ခြင်းကို ကျွန်ုပ်တို့ တောင်းခံသောအခါ ကျေအေးခြင်း ရရှိပေလိမ့်မည်။ ဘုရားသခင်၏ စစ်မှန်သောမေတ္တာတော်သည် အတိုင်းအဆမရှိပေ။

ဘာသာရေးလွတ်လပ်ခွင့်

အားလုံးသောလူ့အခွင့်အရေးတို့သည် အရေးကြီးပြီး တစ်ခုနှင့်တစ်ခု ဆက်နွယ်လျက်ရှိကြသည်။ သို့သော် အခြေခံကျသောအရာကိုပြပါဆိုလျှင် ဘာသာရေးလွတ်လပ်ခွင့်၊ သို့မဟုတ် လွတ်လပ်စွာ ကိုးကွယ်ဝတ်ပြုခွင့်ကို ပြရပေလိမ့်မည်။ ယခင်က ကျွန်ုပ်ဆိုခဲ့သည့်အတိုင်း လွတ်လပ်စွာတွေးခေါ်ခြင်း၊ ယုံကြည်ကိုး ကွယ်ခြင်းတို့မှာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ်(၁၈)တွင် အသေးစိတ်ဖော်ပြထားသည့်အတိုင်း အဖိုးတန်ဆုံးဖြစ်သော၊ အခြေခံအကျဆုံးဖြစ်သော လွတ်လပ် ခွင့်ပင်ဖြစ်သည်။ ကျွန်ုပ်တို့ယုံ ကြည်ကိုးကွယ်ရာကို ရွေးချယ်ရန်၊ ကျင့်ကြံရန်၊ ဟောပြောဝေမျှရန်၊ ပြောင်းလဲရန် လွတ်လပ်ခွင့်မရှိပါက လွတ်လပ်ခွင့်လုံးဝမရှိဟုပင် ဆိုရပေလိမ့်မည်။ ခရစ်နှစ် ၂၁၂ တွင် တာတုလီယန်က “လူတိုင်းသည် မိမိယုံ ကြည်သည့်အတိုင်း ကိုးကွယ်ဝတ်ပြုခွင့်သည် အခြေခံကျ သော လူ့အခွင့်အရေးဖြစ်သည်” ဟု ဆိုခဲ့သည်။ ၁၈၁၉ ခုနှစ်၌ သောမတ်စ်ဂျက်ဖာဆင်က “အခြေခံ ဥပဒေ၌ ပြဋ္ဌာန်းထားသည့် ဘာသာရေးလွတ်လပ်ခွင့် သည် လူ့အခွင့်အရေးအားလုံးတွင် အမွန်မြတ် ဆုံး နှင့် ငြင်းပယ်ရန်မဖြစ်နိုင်သောအချက်တစ်ခုဖြစ်သည်” ဟု ဆိုခဲ့သည်။

ကက်သလစ် သာသနာတော်သည် ဒုတိယဗာတိကန်ညီလာခံ ကျင်းပချိန် ၁၉၆၅ ခုနှစ်၌ လူသား အား လုံးအတွက် ဘာသာရေးလွတ်လပ်ခွင့်နှင့်ပတ်သက်သည့် အဓိကသွန်သင်ချက်များကို “လူသားတို့၏ ဂုဏ် သိက္ခာ” (Dignitatis Humanae) စာချွန်တော်တွင် ထည့်သွင်းရေးသားခဲ့သည်။ ၄င်းက ဘာသာ ရေးလွတ်လပ်ခွင့်ကို ကာကွယ်ရန်မှာ အမှန်တရားရှာဖွေသည့် လူတိုင်း၏ တာဝန်ဟူ၍ လည်းကောင်း၊ မိမိ၏ ဩတ္တပ္ပစိတ်အတိုင်း အမှန်တရားကို လွတ်လပ်စွာရှာဖွေခွင့် ဟူ၍လည်းကောင်း ဖွင့်ဆိုထားပြီး ထိုလွတ်လပ်ခွင့်ကို လူသားတို့၏ ဂုဏ်သိက္ခာအပေါ်၌ ထားရှိဖော်ပြခဲ့သည်။ ထိုစာချွန်တော်တွင် “ဘုရားသခင်အား ကိုးကွယ်ဝတ်ပြုရမည့် တာဝန်ကို ဖြည့်ဆည်းရန် လိုအပ်သည်ဟု လူတို့ တောင်း ဆိုသည့်အတိုင်း ဘာသာရေးလွတ်လပ်ခွင့်အပေါ် လူ့အဖွဲ့အစည်းက ဖိအားပေးမှုများမရှိစေရပေ။ လူတိုင်း၌ ဘာသာရေးလွတ်လပ်ခွင့်ရှိသည်။ ထိုလွတ်လပ်ခွင့်အရ တစ်ဦးတစ်ယောက်ကဖြစ်စေ၊ လူမှု အဖွဲ့အစည်းများကဖြစ်စေ၊ လူတို့၏လုပ်ပိုင်ခွင့်အာဏာအရဖြစ်စေ မည်သူ့ကိုမျှ ချုပ်ကိုင်ထားခြင်း မရှိနိုင်ပေ။ တိတ်တဆိတ်ဖြစ်စေ၊ လူသိရှင်ကြားဖြစ်စေ၊ တစ်ဦးတည်းဖြစ် စေ၊ အခြားသောသူများနှင့် တွဲဖက်၍ဖြစ်စေ မိမိ၏ယုံကြည်ချက်နှင့်ဆန့်ကျင်၍ ဝတ်ပြုကိုးကွယ်ရန် မည်သူ့ကိုမျှ အတင်းအကြပ် လုပ်ဆောင်ခွင့်မရှိပေ}}ဟု ဆိုထားသည်။

ညီလာခံက ထုတ်ပြန်ခဲ့သောစာချွန်တော်မှာ အာမေးနီးယန်းလူမျိုးတို့အား အမြစ်ပြတ်ချေမှုန်းသည့် အဖြစ်ဆိုးမှ လွတ်မြောက်လာသူများ ပုပ်ရဟန်းမင်းကြီး စိန့်ဂျွန်(၂၃)နှင့် တွေ့ဆုံရာ၌ မြစ်ဖျားခံလာ ခဲ့ခြင်းမှာ သာမန်တိုက်ဆိုင်မှု သက်သက်မဖြစ်နိုင်ပေ။ ကျွန်ုပ်အနေဖြင့် ဤအဖြစ်အပျက်နှင့် ဂျူးလူမျိုး တို့အား နာဇီတို့ လက်မှ ကယ်တင်ခဲ့သည့် စိန့်ဂျွန်၏ကြိုးပမ်းမှုအဖြစ်အပျက်တို့တွင် စိတ်လှုပ်ရှားဖွယ် ကောင်းသော စံနမူနာကို တွေ့ခဲ့ရသည်။

ယင်းအဖြစ်အပျက်ကို အာရုံခံပြီးလျှင် ကျွန်ုပ်တို့သခင်ဘုရား၏ ဒုက္ခဝေဒနာခံထမ်းခြင်းကို အောက်မေ့ သတိရသည့်အနေဖြင့် ယမန်နှစ်က ပြုလုပ်ခဲ့သော ခြေဆေးခြင်းအခမ်းအနားကျင်းပရာ ကြာသာ ပတေးနေ့ကြီး၌ ကျွန်ုပ်သည် ခရစ်ယာန်များ၏ခြေထောက်ကိုသာမက ပရိုတက်စတင့်များ၊ မွတ်ဆလင် များ၊ ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ၏ခြေထောက်ကိုလည်း ဆေးကြောခဲ့သည်။ ဘာသာရေး ကြောင့်ဖြစ်စေ၊ ဘဝအခြေအနေကြောင့်ဖြစ်စေ၊ မလိုမုန်းထားခြင်းကြောင့်ဖြစ်စေ ရာထူး ဂုဏ်သိမ် အဆင့်ဆင့်ခွဲခြားလိုသော လူ့အသိုင်းအဝိုင်းတွင် ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် ခွဲခြားဆက်ဆံမှု မရှိ သင့်ကြောင်း ပြသသည့် အပြုအမူ တစ်ရပ်ဖြစ်သည်။

ထိုနည်းတူစွာပင် ကျွန်ုပ်၏ဆရာတော်ဝါ ငွေဂျူဘီလီပြည့်မြောက်သည့်ပွဲကို မန္တလေးမှ (၄)နာရီကြာ သွားရသည့် ဇာတိမြေဖြစ်သောမုံလှရွာတွင် ဘာသာတရားအချင်းချင်း ချစ်ကြည်ရင်းနှီးရေးပွဲအဖြစ် ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းမှာလည်း ထိုအချက်ကြောင့်ပင်ဖြစ်သည်။ ပွဲတော်၏ ညနေခင်းတစ်ခုတွင် ဗုဒ္ဓဘာသာဝင်ဆရာတော်၊ မွတ်ဆလင်ဘာသာရေးခေါင်းဆောင်၊ ဟိန္ဒူဘာသာရေးခေါင်းဆောင်၊ ပရိုတက်စတင့် သင်းအုပ်ဆရာ စသည်တို့ စုရုံးရောက်ရှိလာကြပြီး ဘာသာရေးလွတ်လပ်ခွင့်နှင့် ဘာသာတရားအချင်းချင်း အတူတကွယှဉ်တွဲနေထိုင်ရေးအတွက် မိမိတို့၏အမြင်ရှုထောင့်များကို ဆွေး နွေးပြောဆိုခဲ့ကြသည်။ ကျွန်ုပ်တို့အားလုံးလည်း ငြိမ်းချမ်းရေးဖယောင်းတိုင်ကို အတူတကွ မီးထွန်း ညှိခဲ့ကြသည်။ ထိုကဲ့သို့သောအပြုအမူများ၊ သာဓကပြု လုပ်ဆောင်ချက်များကြောင့် ကျွန်ုပ်တို့ ပေးလို သောသတင်းစကားမှာ အခြေခံလူတန်းစားများထံသို့ ရောက်ရှိသွားပြီး မိမိတို့၏အဖွဲ့ အစည်း အသက်တာ၌ ထိုနည်းတူကျင့်ကြံပါက အပြောင်းအလဲတစ်ခုကို ဖော်ဆောင် နိုင်လေသည်။

အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၌ ဘာသာရေးလွတ်လပ်ခွင့်ရရှိရုံသာမက “လူသားတို့၏ဂုဏ် သိက္ခာ” စာချွန်တော်၌ ဆိုထားသည့်အတိုင်း ဘာသာတရားသည်လည်း လူ့အသိုင်းအဝိုင်းအား အ ထောက် အကူပြုသည့်အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိသည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းတစ်ခုတွင် ဘာသာရေးလွတ်လပ် ခွင့်ကို ငြင်းပယ်လိုက်ပါက လူတစ်ဦးစီကိုလည်းကောင်း၊ လူတို့အတွက် ဘုရားသခင်၏စီမံတော်မူချက်ကို လည်းကောင်း ထိခိုက်လေတော့သည်။ အစိုးရအနေဖြင့်လည်း လူတို့၏ဘာသာရေးအသက်တာကို အလေး ပေးသုံးသပ်ရန် လိုအပ်သည်။ အကြောင်းမှာ အများကောင်းကျိုးအတွက် ကူညီထောက်ပံ့ပေးရန်မှာ အစိုးရ၏ တာဝန်တစ်ရပ်ပင်ဖြစ်လေသည်။

မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့်အား ခြိမ်းခြောက်နေသောအရာများတိုးပွားလာသည်ကို တွေ့ရသည်။ အမုန်းစကားဟောပြောသူတို့က ငြိမ်းချမ်းသောဘာသာတရားအမည်ခံ၍ ခွဲခြား ဆက်ဆံမှုနှင့် အကြမ်းဖက်မှုတို့ကို လှုံ့ဆော်လျက်ရှိကြသည်။ မတရားသောဥပဒေနှင့် စည်းမျဉ်း များက လူနည်းစုဘာသာဝင်များအပေါ် ဘာသာရေးကန့်သတ်ချက်များထုတ်ပြန်လာကြသည်။ မိမိ၏ လူမျိုးနှင့် ဘာသာတရားကိုသာ အဓိကအလေးပေးဆောင်ရွက်သော လှုပ်ရှားမှုများကြောင့် လူမျိုးရေး၊ ဘာသာရေးနှင့် နိုင်ငံရေးတို့ရောထွေးပြီး အမုန်းတရားနှင့် သည်းခံစိတ် ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်လာ စေသည်။

ထိုအဖြစ်အပျက်မျိုးမှာ မြန်မာနိုင်ငံတွင်သာမကဘဲ အာရှတိုက်တစ်ခွင်၌လည်း ဖြစ်ပေါ်လေ့ရှိသည်။ အာရှတိုက်တွင် ကမ္ဘာ့ပေါ်ရှိ မတူကွဲပြားသောဘာသာကြီးများပေါင်းစုံ ရှိကြသည်၊ နိုင်ငံတစ်ခုတွင် လူများစု ဖြစ်သော ဘာသာဝင်တို့မှာ အခြားနိုင်ငံတစ်ခုတွင် လူနည်းစုဖြစ်နေကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အာရှတိုက် တစ်ဝှမ်း၌ လူ့အဖွဲ့အစည်းများ ပေါင်းစည်းခြင်းကို ခြိမ်းခြောက်နေသည့် သည်းမခံနိုင်သော စိတ်ထားများ ကြီးမားလာလျှက်ရှိသည်။

ဘာသာတရားနှင့် တိုင်းနိုင်ငံမခွဲခြားဘဲ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာကိုးကွယ်ခွင့် တို့အပေါ် ယုံကြည်သူများသည် အထက်ပါတန်ဖိုးများကို နေရာတိုင်းနှင့် လူတိုင်းအတွက် စုပေါင်း အင်အားဖြင့် ကာကွယ်ကြရမည်။ လွန်ခဲ့သော(၃)နှစ်က အင်ဒိုနီးရှားသမ္မတဟောင်း အဗ္ဗဒူရာမန် ဝါဟစ်၏ သမီးဖြစ်သူ အာလစ်ဆာဝါဟစ်နှင့် ကျွန်ုပ် ဝေါစထရိဂျာနယ်တွင် ပူးတွဲရေးသားခဲ့သည့် ဆောင်းပါး၌ “ကျွန်ုပ်တို့သည် လူမျိုး၊ ဘာသာတရားနှင့် နိုင်ငံရေးတို့ကို ခွဲခြားရှုမြင်တတ်ရမည်။ ဘာသာရေးလွတ်လပ်ခွင့်၊ သို့မဟုတ် အားလုံးကိုးကွယ်ယုံကြည်ခွင့်ရှိဖို့ ကျွန်ုပ်တို့ ထုတ်ဖော် ပြောဆို ရမည်” ဟု ဆိုခဲ့သည်။

လော့ဒ်ဆက်စ်က “ကွဲအက်နေသောကမ္ဘာအား ပြင်ဆင်ခြင်း” ဟု အမည်ပေးထားသည့်စာအုပ်တွင် “အမုန်းတရားကို တစ်ဖက်စွန်းရောက်ပြောဆိုနေသူများအား တန်ပြန်ရန်အတွက် မေတ္တာတရား အကြောင်း ဝေဝေဆာဆာပြောဆိုမှုများ ပြုလုပ်ကြရမည်။ ဂျူးဘာသာရေးခေါင်းဆောင်တစ်ဦးက အလင်းရောင်ငယ်လေးသည် မှောင်မိုက်ခြင်းများကို ဖယ်ရှားတတ်ကြသည်။ အကယ်၍ ကျွန်ုပ်၏ အလင်းနှင့် သင်၏အလင်း၊ သင်၏ အလင်းနှင့် တစ်ပါးသူတို့၏အလင်းပေါင်းစပ်ထားပါက တစ်ခုစီ၏ အလင်းမှာ သေးငယ်သော်လည်း အားလုံးစုပေါင်းသည့် လှပသောအလင်းဖြစ်ပေါ်လာပြီး မျှော်လင့် ခြင်းဆိုသည်မှာ ထင်ယောင်ထင်မှားဖြစ်ခြင်းမဟုတ်သည်ကို ပြသပေလိမ့်မည်။ မကောင်းမှု၊ မတရားမှု၊ ဖိနှိပ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့အတွက်လည်း နေ ရာမရှိနိုင်တော့ပေ” ဟု ဆိုထားသည်။

မြန်မာနိုင်ငံတော်ကို အစွန်းရောက်သောအမုန်းစကားနှင့် အမိုက်မှောင်တို့ဖြင့် မတည်ဆောက်ဘဲ ကြီးမားသော မေတ္တာတရား၊ တောက်ပသော အလင်းတို့ဖြင့် တည်ဆောက်ကြပါစို့။

မျှော်လင့်ခြင်းဟူသည် ထင်ယောင်ထင်မှားဖြစ်ခြင်းမျိုး မဟုတ်ဘဲ လူမျိုးမရွေး၊ ဘာသာမရွေး ငြိမ်း ချမ်းခြင်းနှင့် စည်းလုံးခြင်း၌ အတူတကွယှဉ်တွဲနေထိုင်နိုင်သော မြန်မာနိုင်ငံတော်ကို တည်ဆောက် ကြပါစို့။

လူသားဂုဏ်သိက္ခာဟူသော စကားလုံးနှင့်ကိုက်ညီသော မြန်မာနိုင်ငံတော်ကို တည်ဆောက်ကြပါစို့။  စစ်မှန်သော လွတ်လပ်မှုကို ချစ်မြတ်နိုးသူများဖြစ်လာရန် ပြုပြင်ပုံသွင်းကြပါစို့။ အကြောင်းမှာ ဘာသာရေး လွတ်လပ်ခွင့်ကို မြှင့်တင်ပေးသောလူ့အဖွဲ့အစည်းမှာ တိုးတက်ကြီးပွားပြီး ပြိုကွဲပျက်စီး လိမ့်မည်မဟုတ်သော ကြောင့်ဖြစ်သည်။

ပဋိပက္ခများ၊ အမုန်းတရားများ၊ ဖိနှိပ်ခြင်းများကို နောက်တွင် ချန်ရစ်ခဲ့ပြီး အသစ်သောမြန်မာနိုင်ငံ တော်ကို တည်ဆောက်ဖို့ ပြန်လည်ကြိုးပမ်းအားထုတ်ကြပါစို့။

ဗုဒ္ဓဘာသာက သွန်သင်သည့် မေတ္တာနှင့် ကရုဏာတန်ဖိုးများကို အခြေခံ၍လည်းကောင်း၊ အစ္စ လမ်ဘာသာက သွန်သင်သည့် ငြိမ်းချမ်းရေးကိုအခြေခံ၍လည်းကောင်း၊ ခရစ်ယာန်ဘာသာက သွန် သင်သည့် ရန်သူကိုချစ်ခြင်း၊ မိမိနှင့်နီးစပ်သူကို ချစ်ခြင်းစသည်ကို အခြေခံ၍လည်းကောင်း ကျွန်ုပ် တို့၏ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ကြပါစို့။

အခြားသောစိန်ခေါ်မှုများ

မြန်မာနိုင်ငံ၌ အခြားသောစိန်ခေါ်မှုများလည်းရှိသေးသည်။ ထိုစိန်ခေါ်မှုများမှာ များပြားလှ၍ ဤ နေရာတွင် အသေးစိတ်မရေးနိုင်ပါ။ မူးယစ်ဆေးဝါးများက လူပေါင်းများစွာ၏အသက်ကို နုတ်ယူ လျက်ရှိသည်။ ပညာပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်း၊ ကရုဏာတရားပြသခြင်းတို့ဖြင့် ယင်းကို တွန်းလှန်ရန် လိုအပ်သည်။ သဘာဝပတ်ဝန်းကျင်အပေါ် ကိုယ်ကျိုးစီးပွားရှာခြင်းက အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ကို ခြိမ်းခြောက်လျက်ရှိသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က သူရေးသားထုတ်ပြန်ခဲ့သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စာချွန်တော်ဖြစ်သည့် Laudato Si တွင် ထိုစိန်ခေါ်မှုကို သတိပြုတိုက်ဖျက်ရန် ကျွန်ုပ်တို့အား နှိုးဆော်ထားသည်။ သဘာဝ ပတ်ဝန်းကျင်အား အကြီးအကျယ်ဖျက်ဆီးနေမှု အကြောင်းကို ကျွန်ုပ်ယခင်က ပြောဆိုခဲ့ပြီးဖြစ်သည်။ ဂေဟစနစ်ပျက်စီးခြင်းကြောင့် ထိခိုက်ပျက်စီးမှုအများ ဆုံးခံစားရသူတို့မှာ ဆင်းရဲသားများသာ ဖြစ် ကြသည်။ မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်တန့်ရန် ကျွန်ုပ် ဆက်လက်၍ တောင်းဆိုလိုပါသည်။ ထိုစီမံကိန်းဆက်လက်လုပ်ဆောင်ပါက သန်းပေါင်းများစွာသောလူတို့၏ လယ်ယာမြေများနှင့် အသက် မွေးဝမ်းကျောင်းမှုများပျက်စီးဆုံးရှုံးမည်ဖြစ်ကာ သဘာဝပတ်ဝန်းကျင်ကပ်ဘေးနှင့် စီးပွားရေး ကပ်ဆိုး တို့ကို ကျွန်ုပ်တို့ရင်ဆိုင်ကြရမည်ဖြစ်သည်။

ပညာရေးကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်နေသော ကဏ္ဍတစ်ရပ်ဖြစ်သည်။ လူငယ်များ ပညာ သင်ယူခွင့်ဆုံးရှုံးပါက ခေတ်သစ်ကျွန်စနစ်၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးခြင်း၏ သားကောင်များ အဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။ အသိပညာရှိခြင်းသည် ခွန်အားတစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံ သည် တစ်ချိန်က ဒေသအတွင်း၌ ပညာရေးအဆင့်အတန်းမြင့်မားသောနိုင်ငံများထဲတွင် တစ်ခု အပါ အဝင်ဖြစ်ခဲ့သည်။ ကျွန်ုပ်တို့၏ တက္ကသိုလ်ကျောင်းများကို အခြားသောနိုင်ငံတို့က အားကျခဲ့ကြသည်။ သို့သော် ယခုအခါ ကလေးသူငယ်တို့၏ (၆၀)ရာခိုင်နှုန်းသည် မူလတန်းပညာကို ဆုံးခန်းတိုင်အောင် မသင်ယူနိုင်ကြပေ။ ထိုဖြစ်ရပ်မျိုး ဆက်လက်ဖြစ်ပွားဖို့ရန် မသင့်ပေ။

မြန်မာနိုင်ငံသည် ဤကဏ္ဍ၌လည်းကောင်း၊ အခြားသောစိန်ခေါ်မှုများ၌လည်းကောင်း အခြေအနေ ဆိုးရွားနေသည့် တစ်ခုတည်းသောနိုင်ငံမဟုတ်ချေ။ ကမ္ဘာတစ်ဝန်းလုံးတွင် လူပေါင်း(၂၇)သန်းခန့်မှာ ကျွန်ပြုခံနေကြရသည်။ ယင်းတို့တွင် ကလေးသူငယ်အရေအတွက်မှာ (၈.၄)သန်းခန့်ရှိသည်။ လူ ပေါင်း(၇)သိန်းခန့်မှာ နှစ်စဉ်နှစ်တိုင်း လူကုန်ကူးခံနေကြရသည်။ ကမ္ဘာတစ်ဝန်းရှိ အနည်းဆုံး လူပေါင်း (၁၂.၃)သန်းခန့်မှာ   အဓမ္မအလုပ်စေခိုင်းခံရသူများဖြစ်ကြသည်။ လူကုန်ကူးခြင်းမှ ရရှိသောဝင်ငွေမှာ စနစ်တကျစီစဉ်သောရာဇဝတ်မှုများတွင် တတိယအများဆုံးဝင်ငွေဖြစ်ပြီး တစ်နှစ်လျှင် ဒေါ်လာ(၇) ဘီလီယံအထိ ရှိတတ်သည်။ ယင်းတို့မှာ ကမ္ဘာတစ်ဝန်းကြုံတွေ့နေရသော စိန်ခေါ်မှုများဖြစ်သော် လည်း မြန်မာနိုင်ငံကိုမူ အကြီးအကျယ် ထိခိုက်နစ်နာစေလေသည်။ မြန်မာပြည်သူ ပြည်သား(၁)သန်း ကျော်မှာ နိုင်ငံပြင်ပတွင် ဒုက္ခသည်များအဖြစ် နေထိုင်ကြရသည်။ ယင်းသည် ကမ္ဘာပေါ်၌ စတုတ္ထ အများဆုံး ဒုက္ခသည်အရေအတွက်ဖြစ်သည်။ ပြည်တွင်း၌လည်း လူဦးရေ(၁)သန်းကျော်မှာ နေရပ် ရွှေ့ပြောင်းခြင်းခံကြရသည်။ လူဦးရေ၏(၄၀)ရာခိုင်နှုန်းကျော်မှာ ဆင်းရဲပင်ပန်းစွာ နေထိုင်အသက် ရှင်ကြရသည်။

ကျွန်ုပ်တို့အနေဖြင့် ထိုစိန်ခေါ်မှုများကို တွန်းလှန်ရန်၊ လူ့ဂုဏ်သိက္ခာထိခိုက်စေသော လုပ်ရပ်များကို ရပ်တန့်ရန်၊ ငြိမ်းချမ်းခြင်းနှင့် ပြန်လည်သင့်မြတ်ခြင်းကို ရှာဖွေရန်၊ လွတ်လပ်မှုနှင့် အမှန်တရားကို ချစ် မြတ်နိုးရန်၊ မတူကွဲပြားခြင်း၏အလှကို ဝမ်းမြောက်စွာလက်ခံရန်၊ ဖန်ဆင်းခံသဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုးထဖို့ အချိန်ကျရောက်လေပြီ။

ထိုသို့ပြုလုပ်ခြင်းအားဖြင့် မည်သည့်လူ့အဖွဲ့အစည်းမှ လာသည်ဖြစ်စေ ကျွန်ုပ်တို့အားလုံးစွန့်စား လုပ်ဆောင်ကြရမည်သာဖြစ်သည်။ ဘာသာရေးခေါင်းဆောင်တစ်ဦးအနေဖြင့် ပြောဆိုရာ၌ ပြဿနာ ကို ချဉ်းကပ်ပုံ၊ ဖြေရှင်းပုံတို့မှာ ပြောင်းလဲနိုင်သည်။ လူသိရှင်ကြားပြောဆိုသောအခါများ ရှိသကဲ့သို့ သီးသန့် ပြောဆိုသောအခါများလည်းရှိသည်။ တွန်းတွန်းတိုက်တိုက်ပြောဆိုသောအခါများရှိသကဲ့သို့ မသိမသာပြော ဆိုရသောအခါများလည်းရှိသည်။

ဥပမာပေးရလျှင် ပုပ်ရဟန်းမင်းကြီး ပီဦး(၁၂)သည်လည်း နာဇီဂျာမနီတို့က ဂျူးလူမျိုးများအား သုတ် သင်သည့်ကာလက ယတိပြတ်မဆုံးဖြတ်နိုင်သောအတွေးများဖြင့် လုံးပန်းခဲ့ရပေလိမ့်မည်။ ပြောသင့် သလောက်မပြောဆိုခဲ့ဟု အထင်အမြင်မှားခြင်းခံရပြီး မှားယွင်းစွာဝေဖန်မှုများကိုလည်း ခံခဲ့ရသည်။ တကယ့် အဖြစ်အခြေအနေတွင် ပုပ်ရဟန်းမင်းကြီး ပီဦး(၁၂)သည် အစ္စရေးသံတမန်ဟောင်းနှင့် သမိုင်းသုတေသီဖြစ်သူ ပင်းချပ်လဲပိုဒ်၏လေ့လာမှုအရ ဂျူးလူမျိုး (၇၀ဝ၀ဝ၀) နှင့် (၈၆၀ဝ၀ဝ) အကြားကို နာဇီတို့လက်၌ သေကြေ ပျက်စီးမည့်ဘေးအန္တရာယ်မှ လွတ်မြောက်စေရာတွင် အဓိက ကျသောအခန်းကဏ္ဍက ပါဝင်ခဲ့သူဖြစ်ကြောင်း သိလာရသည်။ နာဇီတို့ကိုယ်တိုင်က ပုပ်ရဟန်းမင်းကြီး ပီဦး(၁၂)အား “ဆိုရှယ်လစ်ဝါဒကို မနှစ်မြို့သူ”၊ “ဂျူးလူမျိုးတို့အား ချစ်မြတ်နိုးသူ” ဟု သတ်မှတ် ခဲ့ကြလေသည်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးသောအခါ နာဇီအကျဉ်းစခန်းမှ အသက်မသေလွတ်မြောက်လာသူများက ပုပ် ရဟန်းမင်းကြီး ပီဦး(၁၂)ကို ကျေးဇူးတင်ခဲ့ကြသည်။ ယင်းတို့တွင် အစ္စရေးနိုင်ငံ၏ ပထမဆုံး သမ္မတ ဖြစ်သူ ခမ်းဝိန်းဇ်မန်နှင့် ရာဘီဆရာအကြီးအကဲဖြစ်သူ အိုက်ဇက်ဟာဇော့တို့လည်း ပါဝင်ခဲ့ကြသည်။ ရောမရှိ ရာဘီဆရာအကြီးအကဲဖြစ်သော အစ္စရာအဲလ်ဇိုလီမှာ ကက်သလစ်ဘာသာဝင်ဖြစ်လာပြီး ပုပ်ရဟန်းမင်းကို ဂုဏ် ပြုသောအားဖြင့် ၄င်း၏နာမည်ကို ခံယူခဲ့သည်။ ၁၉၅၈-ခုနှစ်၌ ပုပ်ရဟန်း မင်းကြီး ပီဦး (၁၂)ပျံလွန်တော်မူ ခဲ့ပြီးနောက် အစ္စရေးနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသူ ဂိုလ်ဒါးမီအိက “နာဇီလက်ထဲမှာ သေဆုံးဖို့ ဆယ်စုနှစ်တစ်ခု လောက်ဒုက္ခခံနေရတဲ့အချိန်မှာ ပုပ်ရဟန်းမင်းကြီးက ဂျူး သုံ့ပန်းတွေအတွက် ကာကွယ်ပြောဆိုခဲ့ပါတယ်” ဟု ဆိုခဲ့သည်။ ဂျူးလူမျိုးတို့၏မှတ်တမ်း၌ အောက်ပါ အတိုင်း ရေးသားခဲ့သည်။

“နာဇီ၊ ဖက်ဆစ်နှင့် ကွန်မြူနစ် စနစ်ဆိုးများ၏ရိုက်ခတ်မှုကြုံရချိန်တွင် ပုပ်ရဟန်းမင်းကြီးသည် လူသား တို့ကျင့်ကြံအပ်သောပါရမီများနှင့် ကရုဏာတရားများကို ထပ်ခါတလဲလဲဟောကြားခဲ့လေသည်။ နာဇီ တို့၏လက်မှ ထွက်ပြေးလာသည့် ဂျူးလူမျိုးရာပေါင်းများစွာမှာ ဗာတိကန်၌ ခိုလှုံရာတွေ့ခဲ့ကြသည်။ ထိုသို့သော လုပ်ဆောင်ချက်များကို ထာဝစဉ်အောက်မေ့သတိရအပ်ပေသည်။”

၁၉၄၀ ခုနှစ်တွင် အဲလ်ဘတ်အိုင်းစတိုင်းက ဤသို့ဆိုခဲ့သည်။ “အမှန်တရားကို ဖိနှိပ်ဖို့ လုပ်ဆောင် နေတဲ့ဟစ်တလာရဲ့လမ်းစဉ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ဆန့်ကျင်ခဲ့တာ ကက်သလစ် သာသနာတော် တစ်ခုပဲရှိပါတယ်။ အရင်တုန်းက မုန်းတီးခဲ့တဲ့အရာကို အခုတော့ အစွမ်းကုန်မချီးမွမ်းဘဲ မနေနိုင် အောင်ဖြစ်ရတာကိုတော့ မဖြစ်မနေ ဝန်ခံရပါတော့မယ်။” ပုပ်ရဟန်းမင်းကြီး ပီဦး(၁၂)သည် ကျယ် ကျယ်လောင်လောင်ပြောဆိုနေခြင်းထက် ထိထိရောက်ရောက်လုပ်ဆောင်ခြင်းက ပိုမိုသင့်လျော် မည်ကို တွက်ချက်ကာ အပြောထက် အလုပ်ကိုသာ အာရုံစိုက်ခဲ့သည်။

 

နာဇီတို့၏ နာမည်ကျော်ဩခ်ျဝစ်အကျဉ်းစခန်းတွင် အသတ်ခံခဲ့ရသည့် စိန့်မက်ဆီမီလျံကိုးဘေ၏ ပွဲ နေ့ကို မကြာမီက ကျွန်ုပ်တို့ကျင်းပခဲ့ကြသည်။ သူသည် နိုင်ငံရေးအကျဉ်းသားများ၊ မိသားစုများ၊ သတင်း သမားများ၊ ပဋိသန္ဓေဖျက်ချခြင်းကို တားဆီးကန့်ကွက်သူများအား ကူညီမှိုင်းမတော်မူသော ရဟန္တာဖြစ်သည်။ သူက “ကျွန်ုပ်တို့ခေတ်ကာလမှ ဝင်ပါသင့်တာကို မပါဘဲနဲ့ ဘာသိဘာသာ နေ ခြင်းက အန္တရာယ်အရှိဆုံးအဆိပ်ပါပဲ” ဟု သတိပေးခဲ့သည်။ ကျွန်ုပ်တို့၌ ထိုသို့မဖြစ်စေရန် သတိပြု ရမည်ဖြစ်သည်။

အခြားတစ်ဖက်တွင် စိန်ဂျွန်ပေါလ်(၂)ကလည်း ကွန်မြူနစ်တို့၏ဖိနှိပ်ချုပ်ခြယ်မှုများကို ရဲရဲဝံ့ဝံ့ဖြင့် တစိုက်မတ်မတ်ဆန့်ကျင်ပြောဆိုခဲ့ပြီး လူထုအတွက် ပရောဖက်သဖွယ် ရပ်တည်ခဲ့သည်။ သူဆန့်ကျင် ပြောဆိုသောသူများက သူ့အား လုပ်ကြံရန် ကြိုးစားကြသော်လည်း သူသည် စိုးရွံ့ခြင်းအလျှင်းမရှိဘဲ အာဏာပိုင်များကို အမှန်တရားအတိုင်း ပြောဆိုခဲ့သည်။ ၁၉၇၉-ခုနှစ်၊ ဇွန်လတွင် ၄င်း၏ ဇာတိမြေ ဖြစ်သော ပိုလန်နိုင်ငံ သို့ ပုပ်ရဟန်းမင်းကြီးဘဝဖြင့် ပထမဆုံြးွကရောက်သာခရီးစဉ်၌ ဝါဆောမြို့၏ အောင်မြင်ခြင်းရင်ပြင်တော် တွင် ဩဝါဒပေးပြီးနောက် အောက်ပါမေတ္တာဖြင့် အဆုံးသတ်ခဲ့သည်။

“ပိုလန်နိုင်ငံသားလည်းဖြစ်၊ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်(၂) လည်းဖြစ်သော ကျွန်ုပ်ငိုကြွေးပါ၏။ ဤထောင်စုနှစ်၏ အနက်ရှိုင်းဆုံးအရပ်မှ ကျွန်ုပ်ငိြုွေကးပါ၏။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ပွဲနေ့အဖိတ်ည၌ ကျွန်ုပ်ငိုကြွေးပါ၏။ ကိုယ်တော်ဝိညာဉ်တော်မြတ်ကို ဆင်းကြွစေတော်မူပါ။ ကိုယ် တော်၏ဝိညာဉ်တော် မြတ်ဆင်းကြွလာတော်မူ၍ ကမ္ဘာမြေနှင့် ဤနိုင်ငံကို အသစ်ပြုပြင်စေတော်မူပါ။”

ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်(၂)သည် လွတ်လပ်မှုကို ကာကွယ်ရန်အတွက် မမောမပန်းနိုင်ဘဲ လူသိရှင်ကြား အတိုက်အခံပြုပြောဆိုခြင်းကြောင့် ပိုလန်နှင့် အခြားနိုင်ငံများတွင် “စည်းလုံးရေး အတွက်” လှုပ်ရှားမှုကြီးဖြစ်ပေါ်ခဲ့ကာ အရှေ့ဥရောပတစ်လျှောက်၌ ကွန်မြူနစ်စနစ်ကျဆုံးခဲ့ရကြောင်း လူအများယုံကြည်ခဲ့ကြသည်။ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်(၂)ဆုတောင်းခဲ့သည့်အတိုင်း ကျွန်ုပ်သည် လည်း ယနေ့ မြန်မာနိုင်ငံအတွက် ရည်ရွယ်၍ ဆုတောင်းပါသည်။ “မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် ကျွန်ုပ်ငိုကြွေးပါ၏။ ကိုယ်တော်၏ ဝိညာဉ်တော်မြတ်ဆင်းကြွလာတော်မူ၍ ကမ္ဘာမြေနှင့် ဤနိုင်ငံကို အသစ်ပြုပြင်စေတော်မူပါ။”

အထက်တွင် ဆိုခဲ့သောအရာတို့သည် ပြဿနာဖြေရှင်းနည်းတစ်ခုကို ချဉ်းကပ်ရာ၌ ဖြစ်ပေါ်လာမည့် ကောင်းကျိုး၊ ဆိုးကျိုးများကို ချင့်ချိန်တွက်ဆပြီးနောက် ကျွန်ုပ်တို့အားလုံး ကြုံတွေ့ရတတ်သည့် ဝေခွဲဆုံးဖြတ်မရသော အခြေအနေမျိုးဖြစ်သည်။ ထိုအချိန်တွင် ကျွန်ုပ်အဓိကသတိပြုရမည့်အရာမှာ မည်သူမျှထိခိုက်မှုမရှိဘဲ ကောင်းကျိုးရလဒ်ထွက် ပေါ်စေရန်၊ ကျွန်ုပ်တို့တာဝန်ခံထားသော အရာများ ပျက်စီးခြင်းမရှိဘဲ အကျိုးခံစားရစေရန်၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးမည့် အပြန်အလှန် ဆွေးနွေး ခြင်းတို့ ဖြစ်ပေါ်လာရန်၊ အထူးသဖြင့် အားလုံးအတွက် လူ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန်တို့ဖြစ်သည်။

 

ချဉ်းကပ်သည့်လမ်းကြောင်း အမျိုးမျိုးပြောင်းလဲနိုင်သော်လည်း အဓိက ရည်မှန်းချက်နှင့် တန်ဖိုးများ မှာ မည်သည့်အခါမျှ ပြောင်းလဲမသွားရပေ။ စွန့်စားလုပ်ဆောင်ရသည့်အခါများလည်း ရှိနိုင်သည်။ သို့သော် ပုပ်ရဟန်းမင်းကြီး ပီဦး(၁၂) မိန့်ဆိုခဲ့သည့် “စွန့်စားမှုမရှိဘဲ နေထိုင်အသက်ရှင်ခြင်းသည် အသက် မရှင်သန်ရန် စွန့်စားခြင်းပင်ဖြစ်သည်” ဟူသောစကားကို နှလုံးသွင်းအပ်သည်။

ဂျာမန်လူမျိုး ဓမ္မပညာရှင်ဖြစ်သူ ဒီထရစ်ခ်ျဘာတီဖက်က “မကောင်းမှုဖြစ်ပွားနေချိန်တွင် ဆိတ်ဆိတ် နေခြင်းကိုယ်နှိုက်က မကောင်းမှုပင်ဖြစ်လေသည်။ ယင်းအတွက် ဘုရားသခင်က ကျွန်ုပ်တို့အား အပြစ်ကင်းသူအဖြစ် မှတ်ယူတော်မူမည်မဟုတ်။ ထုတ်ဖော်ပြောဆိုခြင်းကို ဖိနှိပ်ထားချိန်၌ ထုတ်ဖော် ပြောဆိုရမည်သာ ဖြစ်သည်။ လုပ်ဆောင်ခြင်းကို ဖိနှိပ်ထားချိန်၌ လုပ်ဆောင်ရန်သာရှိလေသည်” ဟု သွန်သင်ခဲ့သည်။ ဆက်လက်၍ ၄င်းက “ကျွန်ုပ်တို့အနေဖြင့် မကောင်းမှုကို ဆန့်ကျင်ပြောဆိုနေရုံမျှဖြင့် မပြီးဘဲ မကောင်းမှုဖြစ်ပေါ်စေသည့်စနစ်ကိုပါ တိုက်ဖျက်ပစ်ရမည်။ ဒဏ်ရာရသူ၏ အနာကို မတရားမှု ဘီးလုံးအောက်၌ ဖုံးကွယ်ထားခြင်းထက် ထိုဘီးလုံးအား ဝင်ရိုးအသစ်တပ်၍ ပြောင်းလဲအသုံးပြုရမည် ဖြစ်သည်” ဟု ဆိုခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ပီဦး(၁၂)က မိမိနောက်ဆုံးရေးသားခဲ့သော “ပြန်လည်အောက်မေ့ခြင်းသည် အထောက်အကူပြုလေပြီ” (Meminisse Iuvat) စာချွန်လွှာတွင် “ဘာသာတရားက လူတို့အား ဥပဒေကို လိုက်နာရန်၊ ကရုဏာနှင့် တရားမျှတခြင်း၌ ရှင်သန်ရန် တိုက်တွန်းလေသည်။ ထို့အတူ မကောင်းမှုကို လက်မခံဘဲ ရှုတ်ချလေသည်။ ၄င်းသည် နိုင်ငံသားတို့အား သီလပါရမီနောက်သို့ လိုက်စေပြီး သူတို့၏အတွင်းစိတ်နှင့် အကျင့်များကို ထိန်းကျောင်းလမ်းညွှန်ပေးသည်။ ဘာသာ တရားက လူတို့အား သွန်သင်သည်မှာ ချမ်းသာကြွယ်ဝမှုကို အကြမ်းဖက်မှု၊ ဆူပူအြွုံကမှုတို့ဖြင့် မျှယူခံစားခြင်းမရှိစေဘဲ သင့်တင့်လျောက်ပတ်သော စည်းမျဉ်းဥပဒေများဖြင့် အားလုံးအတူတကွ မျှဝေခံစားရမည်ဖြစ်သည်။ သို့မှသာ လူ့ဘဝ၏ ချမ်းသာသုခကို မခံစားရသည့်အခြေခံ လူတန်းစား များအနေဖြင့် ပင်ပင်ပန်းပန်းရုန်းကန်ရခြင်းမရှိဘဲ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာမည် ဖြစ် သည်။ ယခုထောက်ရှုချက်ကို ရေးသားရာတွင် အထက်ပါစည်းမျဉ်းစည်းကမ်းများအတိုင်း ကျွန်ုပ် ရေးသားခြင်းဖြစ်သည်” ဟု မိန့်ဆိုခဲ့သည်။

နောက်ဆုံးဆိုရလျှင် ဤထောက်ရှုဆင်ခြင်ချက်ကို မေတ္တာဖြင့် ပုံဖော်ပြီး တရားမျှတမှုလိုလားသော ဆန္ဒဖြင့် အသက်သွင်းကာ ကရုဏာတရား၌ အခြေခံထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ချစ်ခြင်း မေတ္တာ၊ တရားမျှတမှုနှင့် ကရုဏာသနားခြင်းတည်းဟူသောပါရမီသုံးပါးကို အလွန်အမင်း လိုအပ် လျက်ရှိသည်။ လွန်ခဲ့သောသုံးနှစ်က “သနားကြင်နာခြင်းနှစ်” ကို ကျွန်ုပ်တို့ ကျင်းပခဲ့ကြသည်။ ထို အချိန်၌ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က “ဘုရားသခင်၏ နာမတော်သည် သနားကြင်နာ ခြင်း ဖြစ်တော်မူ၏” ဟု ကျွန်ုပ်တို့ အား သွန်သင်သတိပေးခဲ့သည်။ “ထို့အတူ သာသနာတော်သည် လည်း သနားကြင်နာခြင်းတည်ရာ၊ ပေးကမ်းစွန့်ကြဲရာ၊ လူတိုင်းအား ကြိုဆိုလက်ခံပြီး ချစ်မြတ်နိုး၍ ခွင့်လွှတ်တတ်သောစိတ်ဖြင့် ဧဝံဂေလိတရားတော်အတိုင်း ကောင်းမွန်သောဘဝအသက်တာကို ရှင် သန်ရန် အားပေးရာဌာနတစ်ခုဖြစ်ရမည်” ဟု ဆုံးမခဲ့လေသည်။

ထို့ကြောင့် မြန်မာပြည်ကက်သလစ်သာသနာတော်သည်လည်း လူအားလုံးတို့အဖို့ သနားကြင်နာခြင်း တည်ရာဒေသဖြစ်ရန်နှင့် ပြန်လည်သင့်မြတ်ခြင်း၏ဗဟိုဌာနဖြစ်ရန် အသင့်ရှိနေရမည်။ ထိုမျှမက အမုန်းတရားကို ချစ်ခြင်းမေတ္တာဖြင့် တုန့်ပြန်ကာ အကာအရံ အဆီးအတားများကို ဖယ်ရှားပြီး လူမျိုး မရွေး၊ ဘာသာမရွေး၊ ဒေသမရွေး အားလုံးသောသူတို့၏ရပိုင်ခွင့်ကို ကာကွယ်ပေးရန် အသင့်ရှိ နေရ မည်သာ ဖြစ်ပေတော့သည်။

 

ကျွန်ုပ်၏လက်စွဲဆောင်ပုဒ်အတိုင်း တစ်ဖန်ပြန်လည်ရွတ်ဆိုလိုပါသည်။

“ကိုယ်တော်၌ ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏”

“Omnia possum in Eo” (ဖိလိပိ ၄း၁၃)။

 

ကာဒီနယ် ချားလ်စ်ဘို

ရန်ကုန်ကက်သလစ်သာသနာပိုင်ဆရာတော်၊ မြန်မာနိုင်ငံ

မွန်မြတ်သောအမိမယ်တော် ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရသောပွဲနေ့

၂၀၁၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ တွင် ထုတ်ပြန်လိုက်သည်။

Add new comment

9 + 5 =