ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ နောက်ဆုံး စကား

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ နောက်ဆုံး စကား

“အိုသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် ချစ်ပါတယ်။”

‘Signore ti amo!’

(ဆစ်ညောရယ် တီ အားမို)

Lord, I love you.

ရဟန်းမင်းကြီး ဘက်နဒစ် ပျံလွန်တော်မူသော အခါ ပထမဆုံး ရောက်လာသူမှာ ရဟန်းမင်းကြီး ဖရန်စစ် ဖြစ်သည်။

ဇန်နဝါရီလ ၁ ရက်နေ့ ညနေပိုင်းတွင် ရဟန်းမင်းကြီး ဘက်နဒစ်၏ နောက်ဆုံး စကားနှင့် ပတ်သက်၍ ကနဦး သတင်းတင်ပြမှုများအပေါ် အနည်းငယ် အပြောင်းအလဲ ပြု၍ ဗာတီကန် သတင်းဌာနက ပြန်လည် အတည်ပြု ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့၊ နံနက် ၃ နာရီတွင် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ က မကွယ်လွန်ခင် ၆ နာရီခန့်က နောက်ဆုံးစကားကို ပြောကြားခဲ့ကြောင်း ဂိုဏ်းချုပ်ဆရာတော်ကြီး ‌ ဂျော့ ဂန်းဆဝိုင်းက ပြန်လည်ပြောပြခဲ့သည်ဟု သတင်းသမား ဖြစ်သူ Andrea Tornielli က အစီရင်ခံ တင်ပြခဲ့သည်။

နောက်ဆုံး မကွယ်လွန်မှီ နာကျင်ဝေဒနာ ခံစားရချိန်၌ ပြုစုစောင့်ရှောက်သူများက အလှည့်ကျ တာဝန်ယူကာ ရဟန်းမင်းကြီး ဘက်နဒစ်အား အားပေး ပြုစုခဲ့ကြသည်။ ဂျာမန် စကားမပြောသော သူနာပြုတစ်ဦး၏ အလှည့်တွင်

“ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ က အသံတိုးပေမယ့်လည်း ပြတ်သားကြည်လင်တဲ့ အသံနဲ့ ‘Signore ti amo!’ (ဆစ်ညောရယ် တီ အားမို) – ‘အိုသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် ချစ်ပါတယ်၊’ လို့ အီတလီလို ပြောခဲ့တယ်လို့ တာဝန်ကျ သူနာပြုက ကျွန်မကို ပြန်ပြောပြတယ်။ အဲဒီအချိန်မှာ ကျွန်မ မရှိဘူး။ အဲဒီစကားကိုဘဲ ရှင်းရှင်းလင်းလင်း ပြောပြီးနောက်မှာတော့ သူ စကားကောင်းကောင်း မပြောနိုင်တော့ဘူး။”ဟု ပြန်ပြောပြခဲ့သည်။

ကနဦး သတင်းတင်ပြချက်တွေ အရ “Jesus, ich liebe dich” (Jesus, I love you) - ယေဇူးသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် ချစ်ပါတယ်။”ဟု ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ က ဂျာမန်ဘာသာစကားဖြင့် နောက်ဆုံး ဆိုခဲ့ကြောင်း အာဂျင်တီးနား ဘာသာစကားဖြင့် တင်ဆက်တဲ့ ဗာတီကန် သတင်းဌာနမှ သတင်းထောက် ဖြစ်သူ Elisabetta Piqué of La Nacion က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့၌ သတင်းတင်ခဲ့သည်။

ရဟန်းမင်းကြီး ဘကန်ဒစ်က နံနက် ၉ နာရီ ၃၄ မိနစ်မှာ နောက်ဆုံး အသက်ရှုပြီး ပျံလွန်တော်မူချိန်မှာ သူ့အတွင်းရေးမှူး ဖြစ်သူ ဂိုဏ်းချုပ် ဆရာတော်ကြီး ဂျော့ ဂန်းဆဝိုင်းက ရဟန်းမင်းကြီး ဖရန်စစ်ကို ဖုန်းဆက်ပြီး နာရေး သတင်းကို အကြောင်းကြားခဲ့ပါသည်။ “ဆယ်မိနစ် အကြာမှာ အနားယူသွားပြီ ဖြစ်တဲ့ Buenos Aires သာသနာနယ်ရဲ့ ဂိုဏ်းချုပ်ဆရာတော်က အရင် ရောက်ရှိလာပြီး ရဟန်းမင်းကြီးရဲ့ ရုပ်ကလာပ် အနားမှာ နောက်ဆုံး ကောင်းချီးပေးခဲ့ကာ တိတ်ဆတ်စွာ ဆုတောင်းပေးခဲ့ပါတယ်။”ဟု အာဂျင်တီးနား သတင်းဌာနတွင် ဖော်ပြခဲ့သည်။

၂၀၁၃ ခုနှစ်၊ ဖေဖဝါရီလ ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ အနားယူ ကတည်းက နေထိုင်သည့် Mater Ecclesiae monastery ရှိ ပုဂ္ဂိုလ်များအား ရဟန်းမင်းကြီး ဖရန်စစ်က အားပေးစကား ပြောခဲ့ပါသည်။ ၎င်းနေရာတွင် တာဝန်ကျသော ဆရာဝန် ၂ ဦးနှင့် သူနာပြု ၂ ဦးတို့ကိုလည်း နှုတ်ဆက်စကား ပြောခဲ့ပြီး ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ အား နေ့တဓူဝ ပြုစုစောင့်ရှောက်ခဲ့သူ လူဝတ်ကြောင် အမျိုးသမီး ၄ ဦးနှင့် ဂျာမန် ရဟန်းမင်းကြီးရဲ့ အတွင်းရေးမှူး ဖြစ်သူ စစ္စတာ Birgit Wansing ကိုလည်း စကားပြောခဲ့ပါသည်။

La Nacion သတင်းတင်ပြချက် အရ ရဟန်းမင်းကြီး ဖရန်စစ်က ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ နာရေး သတင်းအား လူအများသိ ထုတ်ပြန်ကြေညာရန် အလိုရှိကာ ဆရာတော်ကြီး ဂန်းဆဝိုင်းက ဗာတီကန် ပြန်ကြားရေး အရာရှိ မာတေးရို ဘရူနီ Matteo Bruni ကို ရဟန်းမင်းကြီး ဘက်နဒစ်၏ နာရေး အကြောင်းအား ကမ္ဘာသိ ထုတ်ပြန်ကြေညာဖို့ မှာကြားခဲ့ပါသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရဟန်းမင်းကြီး ဖရန်စစ်က နာမကျန်းဖြစ်လာသော ရဟန်းမင်းကြီး ဘက်နဒစ်ထံသို့ လာရောက်၍ လူချင်းတွေ့ဆုံခဲ့ပါသည်။

ပျံလွန်တော်မူပြီးနောက်တွင် စိန့်ပီတာ ဗာဆီးလီကာ ကျောင်းတော် အတွင်း ကျင်းပသည့် ကျေးဇူးတင် သန်းခေါင် မစ္ဆားအတွင်း ရဟန်းမင်းကြီး ဖရန်စစ်က “စိတ်မကောင်းခြင်းဖြင့်” “ချစ်ခင်လှပါသော ရဟန်းမင်းကြီး ဘက်နဒစ် ၁၆” အကြောင်းအား ဒေဿနာတော် ဟောပြောရာတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။

ပျံလွန်တော်မူသွားသည့် ဂျာမန်လူမျိုး ရဟန်းမင်းကြီးသည် “သိမ်မွေ့နူးညံ့သူ၊ ကြင်နာသူ” ဖြစ်ကြောင်း ပုပ်ဖရန်စစ်က ဆိုကာ ချီးမွမ်းစကား ပြောကြားခဲ့ပြီး “ဆောင်ရွက်ခဲ့သော အရာအားလုံး အတွက်၊ ယုံကြည်ခြင်းနှင့် ဆုတောင်းခြင်းဖြင့် ဆက်ကပ်ခဲ့မှု အပေါ်” ကျေးဇဓးတင်စကား ပြောခဲ့ပါသည်။

အသုဘ အခမ်းအနား

ရဟန်းမင်းကြီး ဘက်နဒစ်သည် ၎င်း၏ ရုပ်ကလာပ်အား စိန့်ပီတာ ဗာဆီလီကာ ကျောင်းတော်၏ ပင်မ အလွှာသို့ ပြောင်းရွှေ့ မြုပ်နှံခြင်း မပြုမီ ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန် ပေါလုအား မြေချခဲ့ရာ နေရာ၌ပင် ၎င်း၏ ရုပ်ကလာပ်အား ထားရှိပေးရန် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ က ‌တောင်းဆိုခဲ့ပါသည်။

ရဟန်းမင်းကြီး ဘက်နဒစ်နှင့် အင်တာဗျူးပြီး ထုတ်ပြန်ခဲ့သော ရဟန်းမင်းကြီး ဘက်နဒစ်၏ စာအုပ် The Last Testament - နောက်ဆုံး ထွက်ဆိုချက် အပြန်အလှန် ဆွေးနွေးမှုအား ဤသို့ ဖော်ပြထားပါသည်။

အင်တာဗျူးသူ Seewald က

"Cooperatores Veritatis" (Cooperators of the Truth) အမှန်တရား၌ ပူးပေါင်းဆောင်ရွက်သူ ဆိုတဲ့ ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ရဲ့ ဆောင်ပုဒ်ကတော့ ကိုယ်တော် ဆုံးသွားရင် သင်္ချိုင်းအုတ်ဂူမှာ ရေးထိုးထားမယ့် စကားပဲ ဖြစ်မယ်။”ဟု ပြောသောအခါ

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ က

“ဟုတ်တယ်။ သေချာတာပေါ့။ ဒါက ကျွန်တော့်ရဲ့ ဆောင်ပုဒ် ဖြစ်နေပြီ ဆိုမှတော့ ကျွန်တော့် သင်္ချိုင်းအုတ်ဂူပေါ်မှာ ဒါကိုဘဲ ရေးထိုးရမယ်လို့ ကျွန်‌တော် ပြောရမှာပဲ။”

 

အာဗီအေဘာသာပြန်- Lawrence Jangma Mung Song

https://bit.ly/3Z7xBuP

Add new comment

2 + 4 =