ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ စျာပန အခမ်းအနား အစီအစဉ်နှင့် ရဟန်းမင်းကြီး အဆောင်အယောင် အစီအမံများ

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ စျာပန အခမ်းအနား အစီအစဉ်နှင့် ရဟန်းမင်းကြီး အဆောင်အယောင် အစီအမံများ

ရဟန်းမင်းကြီး ဖရန်စစ်သည် ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ စျာပန အခမ်းအနားအား ရဟန်းမင်းကြီး အဆောင်အယောင် အပြည့်အစုံနှင့် ကျင်းပမည်။

ရဟန်းမင်းကြီး ဘက်နဒစ် အတွက် စျာပန မစ္ဆား အခမ်းအနား (Requiem Mass) အား ရောမစံတော်ချိန် နံနက် ၉ နာရီခွဲ၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်၊ ကြာသပတေးနေ့တွင် ကျင်းပမည် ဖြစ်သည်။

ရဟန်းမင်းကြီး ဘက်နဒစ် အတွက် စျာပန မစ္ဆား အစီအစဉ် စာအုပ်ငယ် Booklet အား ပုံနှိပ်ထုတ်ဝေလိုက်ပြီး အစီအစဉ် အရ ရဟန်းမင်းကြီး ဘက်နဒစ်အား ရဟန်းမင်းကြီး အဆက်ဆက်၏ စျာပန အခမ်းအနားနှင့် အညီ ကျင်းပသွားမည် ဖြစ်ကာ လက်ရှိ အုပ်ချုပ်နေသော ရဟန်းမင်းကြီး (ဖရန်စစ်) ဆက်လက် စိုးစံနေသေးသည် ဖြစ်သောကြောင့် ၎င်းနှင့် ကိုက်ညီသော အခမ်းအနားစာ/ အသုံးအနှုန်းများအား ပြင်ဆင်ထားသည်။

လက်ရှိအချိန်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်မှ ၄ ရက်နေ့ အထိ ၃ ရက်တိုင်တိုင်၊ လူအများအပြား လာရောက် အရိုအသေပေးနိုင်ရန် ရဟန်းမင်းကြီး ဘက်နဒစ်အား ရဟန်းမင်းကြီး အဆက်အဆက်၊ အသုဘ အခမ်းအနားတွင် ဝတ်ဆင်လေ့ရှိသော သင်္ကန်းအနီရောင်အား ဆင်မြန်းထားကာ စိန့်ပီတာ ဗာဆီလီကာ ကျောင်းတော်ကြီး၏ ဗဟိုတွင် ထားရှိပါသည်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ အား နေ့စဉ် လူပေါင်း ၃ သောင်းခွဲခန့် လာရောက်ကြည့်ရှုမည်ဟု ကနဦး ခန့်မှန်းထားသော်လည်း အမှန်တကယ်တွင် နေ့စဉ် လူပေါင်း ၁ သိန်း ၃ သောင်းခွဲကျော် လာရောက်အရိုအသေပေးကြောင်း သိရှိရသည်။

ရဟန်းမင်းကြီး ဖရန်စစ်သည် ရဟန်းမင်းကြီး ဘက်နဒစ် အတွက် စျာပန မစ္ဆား၊ တရားဟောခြင်းနှင့် (နောက်ဆုံး ဘုရားရှင်ထံ ဆက်ကပ်ခြင်း/ နှုတ်ဆက်ခြင်း) Rites of Commendatio and Valedictio အခမ်းအနားဖြင့် ရွတ်ဆိုအဆုံးသတ်မည် ဖြစ်သည်။

စျာပန မစ္ဆားတွင် ဖတ်ရှုမည့် ဧဝံဂလိကျမ်းမှာ ရှင်လုကာ (၂၃:၃၉-၄၆) မှ ကောက်နှုတ်ထားသည် ဖြစ်ပြီး ၎င်းကျမ်းပိုဒ်တွင် ကားတိုင်ထက်မှ ယေဇူးသခင်က ဘေးတွင် ကားတိုင် တင်ခံထားရသူအား ကောင်းကင်နိုင်ငံ၊ ပါရာဇီဒူးတွင် သူနှင့် အတူ ရှိမည်ဟု ဆိုသည့် ကျမ်းပိုဒ် ဖြစ်သည်။

ယေဇူး၏ နောက်ဆုံး စကားမှာ “အိုအဖ၊ ကျွန်ုပ်၏ ဝိညာဉ်အား ကိုယ်တော်၏ လက်တော်၌ အပ်နှံ့ပါသည်။”ဟု ဆိုသည့် ကျမ်းပိုဒ် ဖြစ်ပါသည်။

ယေဇူးသခင်၏ နောက်ဆုံးစကားသည် “အိုယေဇူးသခင်၊ ကိုယ်တော်အား ကျွန်ုပ် ချစ်မြတ်နိုးပါသည်။”ဟု ဆိုခဲ့သော ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ နောက်ဆုံးစကားနှင့် များစွာ မကွာခြားပေ။

စျာပနအခမ်းအနား အသေးစိတ်

ရဟန်းမင်းကြီး ဘက်နဒစ်၏ ရုပ်ကလာပ်အား ခေါင်းတလား ၃ ခုဖြင့် ဌာပနာ ထည့်သွင်းထားမည် ဖြစ်သည်။၎င်းတို့မှာ ထင်းရူး (Cypress) ခေါင်းတလား၊ (Zinc) ဇင့် ခေါင်းတလားနှင့် အမ်းသစ် (elm) ခေါင်းတလားတို့ ဖြစ်သည်။

ရဟန်းမင်းကြီး ရုပ်ကလာပ်အား ထင်းရူးသားဖြင့် ပြုလုပ်ထားသော ခေါင်းတလား အတွင်း ထည့်မည် ဖြစ်ကာ ၎င်းခေါင်းတလား အတွင်း ရွှေ၊ ငွေနှင့် ကြေးဒင်္ဂါး အထုပ်များလည်း ထည့်သွင်းထားပါမည်။

ထင်းရူးသားဖြင့် ခေါင်းတလား သွင်းခြင်း ဟူသည်မှာ ရဟန်းမင်းကြီးသည်လည်း လူသား တစ်ဦးပင် ဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်ပြီး ထင်းရူးခေါင်းတလားအား ခဲ ခေါင်းတလားသို့ မသွင်းမီ၊ ထင်းရူးခေါင်းတလားအား ဖဲကြိုး ၃ ခုဖြင့် စည်းနှောင်သည်။

ယင်းနောက် ထင်းရူး ခေါင်းတလားအား ဇင့်သတ္တုဖြင့် ပြုလုပ်ထားသော ခေါင်းတလား အတွင်း ထည့်သည်။ ဇင့်ခေါင်းတလားမှာ အပေါ်တွင် ရဟန်းမင်းကြီး ဘက်နဒစ်၏ အမည်၊ ရဟန်းမင်းကြီး အဖြစ် အုပ်စိုးသည့် နှစ်သက္ကရာဇ် ကာလတို့အား ဖော်ပြထားကာ လူရိုးခေါင်းနှင့် လက်ဝါးကားတိုင် အမှတ်ကိုလည်း ထွင်းထားသည်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ထုတ်ပြန်ခဲ့သော အခရာကျသော ရဟန်းမင်းကြီး စာချွန်တော်များကိုလည်း ထိုဇင့် ခေါင်းတလား အတွင်း ထည့်သွင်းသည်။ ဇင့် ခေါင်းတလားမှာ တောင့်တင်းခိုင်မာမှု ရှိကာ ခြစားပျက်စီးရန် မလွယ်ပေ။

အမ်းသစ် (elm) ခေါင်းတလား အတွင်း ဇင့် ခေါင်းတလားအား ထည့်သည်။ ဇင့် ခေါင်းတလားနှင့် အမ်းသစ် ခေါင်းတလား အတွင်း မာဘယ်ကျောက်ပြားကို ခံသည်။ အမ်းသစ် ခေါင်းတလားမှာ အီတလီနိုင်ငံရှိ အလွန် ရှားပါးသော သစ်တစ်မျိုး ဖြစ်ကာ ၎င်းအမ်းသစ် ခေါင်းတလားအား ရွှေသံချောင်းများဖြင့် ဖုံးသည်။ အဓိပ္ပာယ်မှာ ရဟန်းမင်းကြီး၏ မြင့်မြတ်မှုအား ဖော်ကျူးသည့် သဘော ဖြစ်သည်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ အား ဆင်မြန်းထားသည့် သင်္ကန်းအရောင်မှာ နီအိုရောင် ဖြစ်ပြီး ၎င်းအား ရွှေရောင် အနားသတ်ကွပ်ထားသည်။ ၎င်းသင်္ကန်း နီအိုရောင်သည် သြစတြေးလျတွင် ကျင်းပသည့် ကမ္ဘာ့လူငယ်များနေ့တွင် ဆင်မြန်းသော အနီရောင်တောက်တောက်နှင့် ထပ်တူတော့ မကျပေ။

ရဟန်းမင်းကြီး ဆဋ္ဌမမြောက် ပေါလ်လု ကွယ်လွန်သည့် ၁၉၇၈ ခုနှစ် ကတည်းက ရဟန်းမင်းကြီးများ၏ စျာပန အခမ်းအနား သင်္ကန်းအရောင်မှာ နီအိုရောင် ဖြစ်သည်။

စျာပန အခမ်းအနားတွင် (အဖြူရောင် ဦးပေါင်း/ ရွှေရောင်ကွပ်) ရဟန်းမင်းကြီး ဦးပေါင်း၊ ရဟန်းမင်းကြီးသာ ဆွဲသော ပါလီယမ် (Pallium) တို့အား ရဟန်းမင်းကြီး ဘက်နဒစ်ကို ဆင်မြန်းထားမည် ဖြစ်သလို ရဟန်းမင်းကြီး ဘက်နဒစ်၏ အမှတ်တံဆိပ်၊ ရဟန်းမင်းကြီး ဘက်နဒစ် လက်ထက် သူ၏ ရုပ်ပုံနှင့် ဒင်္ဂါးပြား စသည့် အမှတ်သင်္ကေတများလည်း ပါဝင်ပါမည်။

စျာပန မစ္ဆားပြီးသွားသော အခါ ရဟန်းမင်းကြီး ဘက်နဒစ်၏ ရုပ်ကလာပ်အား စိန့်ပီတာ ဗာဆီလီကာ ကျောင်းတော်၏ မြေအောက်အလွှာရှိ ရဟန်းမင်းကြီးများ ဂူသွင်းထားရှိရာ အထပ်တွင် ထားရှိမည် ဖြစ်သည်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ မကွယ်လွန်မီ သူ့အား မြုပ်နှံပါက နေရာသစ်မပြင်ဆင်ဘဲ ယခင် ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန် ပေါလ်လု မြုပ်နှံရာ နေရာတွင်ပင် မြုပ်နှံပေးဖို့ တောင်းဆိုခဲ့သည်။
ထိုသို့ တောင်းဆိုခြင်းသည်ပင်လျှင် ရဟန်းမင်းကြီး ဘက်နဒစ်၏ နှိမ့်ချမှု ပါရမီအား ပြသနေပါသည်။

Reference
Vatican News
https://bit.ly/3vzYTMI

Papal funeral appearance
https://bit.ly/3ImTKiP

Papal casket
https://bit.ly/3ihhUQT

အာဗီအေဘာသာပြန်- Lawrence Jangma Mung Song

Add new comment

5 + 1 =