ရဟန်းမင်းကြီး ပျံလွန်လျှင် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ

ရဟန်းမင်းကြီး ပျံလွန်လျှင် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ

ရဟန်းမင်းကြီး တစ်ပါး ပျံလွန်လျှင် ရဟန်း မင်းကြီး အိမ်တော်ထိန်း ကာဒီနယ် Camerlengo of the Holy Roman Church နှင့် ဗာတီကန် ကျန်းမာရေး ဝန်ဆောင်မှု ဒါရိုက်တာတို့၏ မျက်မှောက်တွင် ဆရာဝန် တစ်ဦးသည် ရဟန်းမင်းကြီး သေဆုံးကြောင်း အတည်ပြုရသည်။

ရဟန်းမင်းကြီး ပျံလွန်ကြောင်း သတ်မှတ်သည့် အနေဖြင့် စိန့်ပီတာ ဗာဆီလီကာ ကျောင်းတော်ကြီးရှိ ခေါင်းလောင်းများအား တရစပ် တီးရသည်။ ယင်းနောက် ရဟန်း မင်းကြီး သေဆုံးသည့် သတင်းအား ထာဝရမြို့တော်၊ ရောမမြို့ အဝှမ်း ကြားသိစေရန် ရောမမြို့ အဝှမ်းရှိ ဘုရားကျောင်းများ အား လုံးက ခေါင်းလောင်းတီးခြင်းဖြင့် လည်း ကောင်း၊ နှုတ်အားဖြင့် လည်းကောင်း ကြေညာအကြောင်းကြားရသည်။

ထုံးတမ်း အစဉ်အလာ အရ ရောမသာသနာနယ်၏ Vicar General အကြီးအကဲ ဖြစ်သူ Cardinal Vicar of Rome က ရဟန်း မင်း ကြီး နာရေး သတင်းအား အများရှေ့တွင် လူသိရှင်ကြား ထုတ်ပြန်ကြေညာရသည်။

ရဟန်းမင်းကြီး ဈာပန အတွက် ဝမ်းနည်းခြင်း ကာလအား တရားဝင် ၉ ရက် တိတိ သတ်မှတ်ထားကာ ဈာပန အခမ်းအနား အတွက် လာရောက်မည့် နိုင်ငံ့ခေါင်းဆောင်များ၊ ကာဒီနယ်များနှင့် သာမန် ပြည်သူများ အတွက် ခရီးသွားပြင်ဆင်ချိန် သတ်မှတ်သည့် သဘော ဖြစ်သည်။

ရဟန်းမင်းကြီး၏ ရုပ်ကလာပ်အား ရဟန်းမင်းကြီး နန်းတော် အတွင်း ထားရှိကာ ကာဒီနယ်ကြီးများနှင့် ဆရာတော်များက အရိုအသေပေးခွင့် ရရှိကြမည်။ ယင်းနောက် ရုပ်ကလာပ်အား စိန့်ပီတာ ဗာဆီလီကာ ကျောင်းတော်ကြီးသို့ ပြောင်းရွှေ့ထားကာ ဈာပန အခမ်းအနားလာကြသော သာမန်ပြည်သူများက အရိုအသေ ပေးခွင့် ရကြမည် ဖြစ်သည်။

သို့သော် အနားယူသွားပြီဖြစ်သော ရဟန်းမင်းကြီး ပျံလွန်ပါက ဗာတီကန်၏ ဈာပန အခမ်းအနားဆိုင်ရာ လုပ်ထုံးလုပ်နည်းသည် အပြောင်းအလဲ ရှိနိုင်ပါသည်။

ရဟန်းမင်းကြီး ဘက်နဒစ်သည် ၈ နှစ်တာ ဦးစီးတာဝန် ထမ်းဆောင်ခဲ့သည် ဖြစ်ရာ ရဟန်းမင်းကြီး ဖရန်စစ်သည် ရဟန်း မင်းကြီး ဘက်နဒစ်၏ ဈာပနအား ရဟန်း မင်းကြီး အ‌ဆောင်အယောင်ဖြင့် ကျင်းပရန် ခွင့်ပြုကောင်း ခွင့်ပြုနိုင်ပါသည်။

ထိုသို့ ခွင့်ပြုပါက စိန့်ပီတာ ရင်ပြင်တွင် ရဟန်းမင်းကြီး ဘက်နဒစ် အတွက် ဗာတီကန် နိုင်ငံတော် ဈာပန အခမ်းအနားအား စီစဉ်ကျင်းပပါလိမ့်မည်။

ရဟန်းမင်းကြီး ဈာပန အခမ်းအနား အတွက် ကာဒီနယ် တစ်ပါးကသာ ဦးဆောင် မစ္ဆား ကျင်းပလေ့ရှိပါသည်။ ဥပမာ၊ ရဟန်းမင်း ကြီး ဒုတိယမြောက် ယောဟန် ပေါလ်လူး ပျံလွန်သော အခါ ကာဒီနယ် ဂျိုးဇက် ရက်ဇင်ဂါက ဈာပန မစ္ဆားတရားအား ဦးဆောင်ကျင်းပခဲ့ပါသည်။ သို့သော် လက်ရှိအချိန်တွင် သက်ရှိထင်ရှား ရဟန်းမင်းကြီး တစ်ပါး ရှိနေသည် ဖြစ်ရာ အနားယူသွားသည့် ရဟန်း မင်းကြီး အတွက် ဈာပန မစ္ဆားအား ပုပ်ဖရန်စစ် ကိုယ်တိုင် ဦးဆောင်ကျင်းပပေးပါလိမ့်မည်။

ရဟန်းမင်းကြီး ဟူသည်မှာ ဗာတီကန် နိုင်ငံတော်၏ ဥသျှောင် ဖြစ်သည်နှင့် အညီ ရဟန်းမင်းကြီး၏ ဈာပန အခမ်းအနားမှာ ဗာတီကန်၏ နိုင်ငံတော် ဈာပန အခမ်းအနား ဖြစ်လာပါလိမ့်မည်။

ရဟန်းမင်းကြီး ဈာပန အခမ်းအနားတွင် နိုင်ငံ့ခေါင်းဆောင်များ၊ သံတမန်များ၊ ကိုယ်စား လှယ်များ တက်ရောက်နိုင်ပါသည်။

ရဟန်းမင်းကြီး ဈာပန အခမ်းအနား ပြီး ဆုံးသည်နှင့် ရုပ်ကလာပ် ခေါင်းတလားအား ပုပ်ဘက်နဒစ်၏ တောင်းဆိုမှု အရ စိန့်ပီတာ ဗာဆီးလီကာ ကျောင်းတော်ကြီး အတွင်းရှိ ရဟန်းမင်းကြီး ရုပ်ကလာပ်များ ထားရှိရာ နေရာသို့ ပို့ဆောင်ပါမည်။

ထိုနေရာတွင် ဘာသာတူများသည် အနားယူသွားပြီ ဖြစ်သော ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ ရုပ်ကလာပ်အား လာရောက် အရို အသေပြုနိုင်ပါလိမ့်မည်။

ရဟန်းမင်းကြီး၏ ရုပ်ကလာပ်ကို စိန့်ရဟန်းမင်းကြီး ယောဟန် ၂၃ အား ၃၈ နှစ်ကြာ မြုပ်နှံထားသည့် နေရာ၊ စိန့်ရဟန်း မင်းကြီး ဒုတိယမြောက် ယောဟန်ပေါလ်လုစ်အား ၈ နှစ်ကြာ မြုပ်နှံထားသည့် နေရာတွင် မြုပ်နှံမည် ဖြစ်ကာ ဖော်ပြပါ ရဟန်းမင်းကြီး ရုပ်ကလာပ် ၂ ခုအား ဗာဆီလီကာ ကျောင်းတော် အထက်နေရာသို့ ပြောင်းရွှေ့မည် ဖြစ်ပါသည်။

ရဟန်းမင်းကြီး ဘက်နဒစ်၏ ဈာပန အခမ်း အနား ပြီးစီးပါက ရဟန်းမင်းကြီး အသစ် ရွေးကောက်ပွဲ ရှိလိမ့်မည် မဟုတ်ဘဲ ရဟန်း မင်းကြီး ဖရန်စစ်က စိန့်ပီတာ၏ အရိုက်အရာ ဆက်ခံသူ ရဟန်းမင်းကြီး အဖြစ် ဆက်လက် ဦးဆောင်သွားပါလိမ့်မည်။

၃၀ ဒီဇင်ဘာလ ၂၀၂၂ ခုနှစ်

အာဗီအေဘာသာပြန်- Lawrence Jangma Mung Song

https://bit.ly/3VCaaXg

Add new comment

5 + 4 =