မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အွန်လိုင်းစိပ်ပုတီး "ခရူးဆေဒ်" ကမ်ပိန်း ဉီးဆောင်သူ Fr. David Michael နှင့်အင်တာဗျူး

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အွန်လိုင်းစိပ်ပုတီး "ခရူးဆေဒ်" ကမ်ပိန်း ဉီးဆောင်သူ Fr. David Michael နှင့်အင်တာဗျူး

အမိမယ်တော်ထံအားကိုး ဆုတောင်းတဲ့ "ခရူးဆေဒ်" စိပ်ပုတီးစိပ်ဆုတောင်းခြင်းကို စက်တင် ဘာလ ၈ ရက်နေ့၊ မယ်တော်သခင်မ မွေးနေ့ပွဲကနေ အောက်တိုဘာလကုန် စိပ်ပုတီးလရဲ့နောက်ဆုံးရက်အထိ ၅၄ ရက်နေ့ တိုင်အောင် အွန်လိုင်းကနေ ပြုလုပ်ဘို့အတွက် အမေရိကားရောက် ဖာသာရ်ဒေးဗစ် မိုက်ကယ်က အွန်လိုင်းကမ်ပိန်းတခုပြုလုပ်ခဲ့ပါတယ်။

ဒီအစီအစဉ္ဟာ အွန်လိုင်းကနေ ပါ၀င်ရတာ ဖြစ်တဲ့အတွက် ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ဘယ်အချိန်မှာဖြစ်ဖြစ်ပါ၀င်နိုင်တာမျိုးပါ။

ဒီ ၅၄ ရက်အတွင်း ၂၄နာရီမှာ ၂၄ယောက် အဆက်မပြတ်ဆုတောင်းနိုင်ဖို့စီစဉ်ခဲ့တဲ့အစီအစဉ်လည်းဖြစ်ပါတယ်။

ဒီအတွက် အွန်လိုင်း စိပ်ပုတီး ခရူးဆေဒ် စတင်သူ ဖာသာရ်ဒေးဗစ်မိုက်ကယ်ကို အာဗီအေမြန်မာက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားထားပါတယ် ......

မေး။ ။ ဖာသာရ် အွန်လိုင်းကနေ စိပ်ပုတီးစိပ်အစီအစဉ်လေး ကို ဉီးဆောင် နေတယ်လို့သိရပါတယ်။ ဘာကြောင့်ဒီအစီအစဉ္လေးလုပ်ဖြစ်လည်းဆိုတာ သိပါရစေ။

ဖြေ။ ။ "အွန်လိုင်းကနေဒီစိပ်ပုတီးစိပ်ဖို့အတွက် group လေးဖွဲ့ခဲ့တယ်ဆိုတာက အဓိကတော့ မန္တလေးသာသနာက ကျွန်တော်နဲ့ အတူ Bible Study လုပ်နေတဲ့ အဖွဲ့အစည်းကြောင့်ပါ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကတည်းက မြန်မာနိုင်ငံ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ မှ ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်၀င်း ရဲ့အားပေးမှုနဲ့ ဘာသာတူတွေအတွက် တစ်ဖက်တစ်လမ်းကနေ ဝိညာဉ်ခွန်အားရရှိဖို့ တစ်ခုခုလုပ်ပေးပါလို့တောင်းဆိုလာတဲ့အတွက် Bible study လုပ်လာတာဟာ ဆိုရင် အခု တစ်နှစ်ကျော်သွားပါပြီ။ နောက်ပိုင်းမှာ Bible study နဲ့အတူ "Making Missionary Discipleship & Leadership" ဆိုပြီးတော့ leadership formation ကိုလည်း ကျွန် တော်တို့ အွန်လိုင်းကနေ Zoom နဲ့အတူ လုပ်ခဲ့ကြတယ်။ ဒီအဖွဲ့တွေနဲ့ကျွန်တော်တို့ ၅၄ ရက် နိုဗီနား တွေလုပ်ခဲ့တယ်။ အတူတူဆုတောင်းခြင်းတွေ နတ်ဆိုးနှင်ထုတ်ခြင်းတွေ ကိုယ်တော်မြတ်ဖူးခြင်းတွေလုပ်ခဲ့ကြပါတယ်။ သူတို့နဲ့ ၅၄ ရက်စိပ်ပုတီး နိုဗီနား အတူတူလုပ်ပြီးတော့ ခု ဒုတိယအဆင့်အနေနဲ့ တစ်ခုခုဆက်ပြီးဦးဆောင်ပေးပါလို့ အကြံညဏ်ပေးလာတော့ ကျွန်တော်လည်း နှစ်ပတ်သုံးပတ်လောက် စဉ်းစားတယ် ဘာလုပ်ရင်ကောင်းမလဲပေါ့ နောက်ဆုံးတော့ ဒီစိပ်ပုတီး ကမ်ပိန်းလုပ်ဖို့ဖြစ်လာတယ်။ ဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတာကို ကိုယ်တော်မြတ်ဖူးနေရင်းနဲ့ ကျွန်တော် အကြံရလိုက်တာက ၂၄ နာရီဆုတောင်းမယ် အဲ့ဒီ၂၄နာရီမှာ ၂၄ ယောက် ဆုတောင်းမယ်ဆိုတဲ့ အိုင်ဒီယာလေး ရလာပြီးတော့ ဒီအတွက် ၅၇၆ ယောက်လိုတယ်ဆိုတာဖြစ်လာတယ်။ ရက်တွေကိုကြည့်လိုက်မယ်ဆိုရင် စက်တင်ဘာလ ၈ ရက်ကနေ အောက်တိုဘာစိပ်ပုတီးလကုန်ထိ ၅၄ ရက်အတိဖြစ်နေတယ်။ အဲ့တော့ ၅၄ ရက် နိုဗီနား ပဲပြန်လုပ်မယ်ဆိုပြီး လုပ်ဖြစ်သွားတယ်"

"အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ အမြန်ဆုံးတရားမျှတခြင်းနှင့် ငြိမ်းချမ်းခြင်းပြန်လည်စိုးမိုးဖို့အတွက်ပါ။ ကျွန်တော်တို့က တစ်ခါတလေကြတော့ ငြိမ်းချမ်းခြင်းနဲ့ တရားမျှတခြင်းလို့ပြောကြတာပေါ့လေ အဓိကကတော့ Pope Paul VI ပြောခဲ့သလို တရာမျှတခြင်းမရှိပဲငြိမ်းချမ်းခြင်းမရှိနိုင်ဘူး အဲ့တော့ မြန်မာနိုင်ငံမှာ တရားမျှတခြင်း ပြန်လည်စိုးမိုးလာရင် ငြိမ်းချမ်းခြင်းလည်း ရှိလာမယ် အဲ့ဒီရည်ရွယ်ချက်အတွက်ပဲ အဓိက ဆုတောင်းတာဖြစ်ပါတယ်။

မေး။ ။ ဒီအစီအစဉ္မှာ ဘာသာသူတွေ စိတ်အားထက်သန်စွာပါ၀င်မှုရှိလား။

ဖြေ။ ။ "ဘာသာသူတွေစိတ်အားထက်သန်စွာပါ၀င်လား မပါ၀င်ဘူးလားဆိုတာတော့ တစ်ဦးချင်းဆီဘယ်လောက်ထိဆုတောင်း နေတာလဲပေါ်မှာမူတည်တာပေါ့။ လူတိုင်းကတော့ ဆုတောင်းနေတယ်လို့ပြောကြတယ်။ ကျွန်တော်လည်း ဒီ ရီခရုကမ်ပိန်း လုပ်လိုက်တဲ့ အချိန်မှာ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ် စိတ်ဓာတ်ကျမိတယ် ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် သုံးရက်လောက် အားရပါးရ စည်းရုံးရေးဆင်းပီးချိန်မှာတောင် လူအယောက် ၁၇၀ ကျော်သာရတာမို့ တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ အဲ့တော့ကျွန်တော်တို့ Bible study အဖွဲ့ကို ကျွန်ပြန်ပြောပြတယ်။ ကျွန်တော်တို့ ဒီ ၅၇၆ ယောက်လေးမှ ရအောင်မစည်းရုံးနိုင်ဘူးဆိုရင် ကိုယ့်ရဲ့ Leadership လည်းပြန်စဉ်းစားရမလိုဖြစ်တယ်ပေါ့ ငါတို့ဘာသာတရားမှာ ဘယ်လောက်တောင်မှ အားနည်းသလဲဆိုတာမျိုးကျွန်တော် စဉ်းစားမိတာပေါ့။ အဲတော့ကျွန်တော်တို့အဖွဲအစည်းကလည်း တတ်နိုင်သလောက်သူတို့လုပ်တယ်။ ကျွန်တော်လည်းတတ်နိုင်သလောက် message တွေပေးတယ်။ အဲမှာတော်တော်လေးများလာပါတယ်။ အဓိက‌ ကတော့ စစ္စတာရ်တွေလည်းအများကြီးပါ၀င်လာတာကြောင့်ပါ။ အခုကျွ‌န်တော်တို့လူ တစ်၀က်လောက်က စစ္စတာရ် တွေဖြစ်တယ်။ သူတိုပါ၀င်လာတော့ လူတစ်ထောင်ကျော်သွားတယ်"

"စိတ်အားထက်သန်မှုကတော့ လူတိုင်းက မိမိတို့ရွေးချယ်ထားတဲ့အချိန်မှာဆုတောင်းနေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ် ။ ကျွန်တော်ကိုယ်တိုင်လည်းဆုတောင်းပါတယ်။တစ်ခါတလေ ကိုယ်သတ်မှတ်ထားတဲ့အချိန်မှာ မဆုတောင်းဖြစ်ရင်လည်း ကျွန်တော်တို့အားတဲ့အချိန်မှာ ပြန်ဆုတောင်းဖို့ ဖြစ်ပါတယ်။ အဓိကတော့ ကျွန်တော်တို့ နာရီတိုင်းမှာ စိပ်ပုတီးစိပ်နေတယ်။ ဒီ ၅၄ ရက်အတွင်းမှာပေါ့နော် ၅၄ ရက်ပြီးသွားရင်လည်း ကျွန်တော်တို့ ဒီဆုတောင်းခြင်းနဲ့ ဆက်သွားဖို့ရှိပါတယ်။

မေး။ ။ ဘယ်နှစ်နိုင်ငံက ဒီဆုတောင်းခြင်းမှာ ပါ၀င်ကြပါသလည်း။

ဖြေ။ ။ "ဘယ်နှစ်နိုင်ငံကပါ၀င်လဲဆိုတော့။မြန်မာလူမျိုးမဟုတ်တဲ့သူတွေကတော့ USA ကလူတွေများတယ်။ တစ်ခြားနိုင်ငံတွေကတော့ နိုင်ငံခြားရောက်နေတဲ့ မြန်မာလူမျိုး တွေဖြစ်ပါတယ်။ ဖိလစ်ပိုင်၊ ယူအက်စ်အေ၊ အီတလီ၊ ထိုင်း၊ မလေးရှား၊ ဩစတြေးလျ၊ တောင်အာဖရိက၊ ကနေဒါ၊ နော်ဝေး၊မြန်မာ၊ စင်ကာပူ၊ ဂျပန် စသည့်နိုင်ငံကနေပြီးပါ၀င်နေပါတယ်"။

မေး။ ။ မြန်မာပြည်က ဘာသာသူများနဲ့ ပြည်သူများကို ဘယ်လိုအားပေးစကားပြောချင်ပါသလဲ။

ဖြေ။ ။ "မြန်မာပြည်မှာရှိတဲ့ ဘာသာတူတွေနဲ့ပြည်သူ ပြည်သားတွေ ကိုအဓိကတော့ဒီမတရားမှုတွေ ဒုက္ခဆင်းရဲမှုတွေကို မခံသင့်ပဲခံလာရတယ်ဆို့တဲ့အမြင်မှာ ကျွန်တော်တို့ခရစ်ယာန်တွေရဲ့အမြင်က အခြားသူတွေရဲ့အမြင်နဲ့တော့မတူဘူး။ ကျွန်တော် လွန်ခဲတဲ့ တစ်နှစ်ကျော်အာဏာသိမ်းသွားတဲ့အချိန် ကတည်းက တစ်ချို့သောမိတ်ဆွေတွေကို ကျွန်တော်ဘာပြောခဲ့လဲဆိုရင် ဒီအချိန်ဟာကျွန်တော်တို့အတွက် စိန့်ဖြစ်ဖို့၊သူတော်စင်တစ်ယောက်ဖြစ်လာဖို့ကြိုးစားရမဲ့အကောင်းဆုံးသောအချိန်လို့ကျွန်တော်ပြောခဲ့ပါတယ်။ အသင်းတော်သမိုင်းတစ်လျှောက်မှာ အဲလိုခက်ခဲတဲ့ကာလမှာ ရဟန္သာတွေအများကြီးပေါ်ပေါက်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးအချိန်မှာကျွန်တော်တို့ဟာအမြဲတမ်းယုံကြည်ခြင်းနဲ့ပဲ အဖြေရှာကြတာဖြစ်တဲ့အတွက် ဒီအချိန်ဟာကျွန်တော်တို့အတွက်တစ်နေ့မှာ ရဟန္တာ ဖြစ်လာဖို့ ကြိုးစားရဖို့အ​ေကာင်းဆံုး‌ေသာအချိန်ဖြစ်တယ်။ လူတွေဟာဘာသာတရားဘက်ကိုလှည့်ရမယ် ဆုတောင်းခြင်းကို ပိုမိုစိတ်အားထက်သန်လာရမယ် အပြစ်တွေတွက်နောင်တရရမယ်။ အပြစ်တွေကိုရှောင်ရှားလိုစိတ်ပြင်းထန်လာရမယ်"

"နောက် တစ်ခုကလူ့သမိုင်းတစ်လျှောက်လုံးမှာကြည့်လိုက်ရင် ဒီမကောင်းမှုဒုစရိုက်က လွမ်းမိုးမှုရှိတယ်ဆိုပေမဲ့ ရေရှည်မှာအမြဲတမ်းအမှန်တရား၊ တရားမျှတခြင်း၊ ကောင်းမြတ်ခြင်းတွေကအနိုင်ရစမြဲဖြစ်တယ်။ ဒါကိုကျွန်တော်တို့လူတိုင်းယုံကြည်ရမယ် လက်ခံရမယ် မျှော်လင့်ထားရမယ်။ ဆာလံကျမ်းမှာလည်းတွေ့ရတယ် တစ်ခါတလေ ကောက်ကျစ်သောသူတွေရဲ့အောင်မြင်ခြင်းကိုတွေ့တဲ့အခါမှာ မနာလိုမဖြစ်နဲ့တဲ့ သူတို့ဟာမနက်မှာပေါက်တဲ့မြက်ပင်လိုပဲ ညနေမှာညိုးနွမ်းပြီးတော့ မီးပုံမှာပြစ်ချခြင်းခံရမယ်တဲ့ ဒါကြောင့်အဆုံးတိုင်အောင် မိမိတို့ယံုကြည်ကိုးကွယ်တဲ့ဘာသာတရားရဲ့ဆုံးမသွန်သင်မှုနဲ့အညီ အမှန်တရားဘက်မှာဆက်လက်ရပ်တည်ပြီး သတ္တိရှိကြဖို့ ဘုရားကိုလည်းတစ်ဖက်ကနေအားကိုးကြဖို့ အတွက်အားပေးစကားပြောချင်ပါတယ်။"

ကက်သလစ်အသင်းတော်ကြီးမှာ ခရူးဆေဒ် ဆိုတာရှိခဲ့ပါတယ်။ ၁၂၉၁ခုနှစ်ကစပြီး ပုပ်ရဟန်း မင်းကြီးအဆက်ဆက်က ဥရောပမှာရှိတဲ့ ခရစ်ယာန် အင်ပါယာကြီးကို သန့်ရှင်းသောမြေလို့ခေါ်တဲ့ ဂျေရုဆလင်မြို့ကို ပြန်ပိုင်ဆိုင်ဖို့အတွက် လမ်းညွှန်မှုတွေနဲ့ ခရူးဆေဒ်တွေ ပြုလုပ်ခဲ့ကြပါတယ်။

နောက်ဆုံးတိုက်ပွဲကတော့ ၁၅၇၁ ခုနှစ်မှာ ပဉ္စမအကြိမ်မြောက် ပုပ်ရဟန်းမင်းကြီး ပီဉီး ၏ညွန်ကြားမှုဖြင့်တိုက်ပွဲ၀င်ခဲတဲ့ လက်ပံတို တိုက်ပွဲဖြစ်ပါတယ်။ စစ်သင်္ဘောပေါင်း ၄၀၀ ကျော်ပါတဲ့ ဒီတိုက်ပွဲကို ဥရောပမှာရှိကြတဲ့ ခရစ်ယာန် အင်ပါယာခေါင်းဆောင်များက အတူတကွ တိုက်ပွဲ၀င်ခဲကြတာဖြစ်တယ်။ ပုပ်ရဟန်းမင်းကြီး ပီဉီးက ကက်သလစ်အသင်းတော်မှာရှိကြတဲ့ ဘုရားရဲ့သားသမီးတွေကို စိပ်ပုတီးစိပ်ခြင်းအားဖြင့် ပါ၀င်ကြဖို့ တိုက်တွန်းခဲ့ပါတယ်'

"၁၅၇၁ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ လက်ပံတို တိုက်ပွဲဟာ အံ့ဩဖွယ်အောင်မြင်မှုကိုရရှိခဲ့ပါတယ်။ ဒီတိုက်ပွဲကိုအောင်မြင်တာဟာ အမိမယ်တော်ထံမှာ ယုံကြည်သူသားသမီးတွေဟာ စိပ်ပုတီးစိပ်ခြင်းအားဖြင့် အသနားခံတောင်းလျှောက်ခဲ့တဲ့အတွက် အောင်မြင်ခဲ့ပြီး ပုပ်ရဟန်း မင်းကြီး ပီဉီး က အောက်တိုဘာလ (၇) ရက်နေ့ကို အောင်မြင်ခြင်း၏ မယ်တော်ပွဲ ဒါမှမဟုတ် စိပ်ပုတီးသခင်မပွဲတော်ဆိုပြီး သတ်မှတ်ခဲ့ပါတယ်"

"ကျွန်တော်တို့ ယုံကြည်သူ ဘုရားရှင်ရဲ့သားသမီးတွေအနေနဲ့ဆိုရင်လည်း အရာရာဟာ ဘုရားမပါပဲ အောင်မြင်ဖို့ မလွယ်ကူဘူးဆိုတာ လက်ခံထားကြပါတယ်။ ဘုရားပါရင် မဖြစ်နိုင်တဲ့ အောင်မြင်မှုတွေကို ရရှိနိုင်တယ်ဆိုတာ လက်ပံတို တိုက်ပွဲမှာ သမိုင်းတင်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ကက်သလစ်ဘာသာ ၀င်ဘုရားရှင်ရဲ့သားသမီးအပေါင်းတို့ကို ဒီစိပ်ပုတီး ခရူးဆေဒ် မှာပါ၀င်ကြဖို့ဖိတ်ခေါ်အပ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အမိမယ်တော်ကို ကိုးစားခြင်းအားဖြင့် ကျွန်တော်တို့တွေ ယုံယုံကြည်ကြည်နဲ့ ပုတီးစိပ်ခြင်းအားဖြင့်ပါ၀င်ဖို့ လိုအပ်ပါတယ်။

"ကျွန်တော်တို့ဟာ အလှူအတန်းတွေ ရက်ရက်ရောရော ပေးနိုင်ချင်မှပေးနိုင်မယ်၊ ဒါပေမဲ့ကောင်းသောကက်သလစ် ခရစ်ယာန်တစ်ဉီးအတွက် စိပ်ပုတီးဟာ အင်မတန်မှ တန်ခိုးရှိတဲ့ လက်နှက်ဖြစ်တယ်ဆိုတာ မေ့ထားလို့မရပါဘူး။ ဒါကြောင့်မို့လို့ လူတိုင်းက တစ်ရက်မှာ နာရီ၀က်အချိန်ပေးပြီးတော့ ယုံယုံ ကြည်ကြည်နဲ့ ဒီပုတီးစိပ်ခြင်းအားဖြင့် တစ်ထောင့်တစ်နေရာကနေ ပါ၀င်ဖို့ဖိတ်ခေါ်အပ်ပါတယ်။ (၁၃)ကြိမ်မြောက် ပုပ်ရဟန်းမင်းကြီး လီယို ကမယ်တော်သခင်မအပေါ်မှာ ကြည်ညိုတဲ့ ပုတီးစိပ်ခြင်းနဲ့ ပတ်သက်တဲ့ စာချွန်တော်မှာ ကျယ်လောင်စွာနဲ့ အဆက်မပြတ်ဆုတောင်းဖို့အတွက်တိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့်မို့လို့ (၁၃) ကြိမ်မြောက် ပုပ်ရဟန်းမင်းကြီး လီယို ရဲ့တိုက်တွန်းတဲ့ စကားနဲ့အတူ ကျွန်တော်တို့တွေ စိပ်ပုတီးကို အဆက်မပြတ်စိပ်ဖို့အတွက်စီစဉ်တာဖြစ်ပါတယ်" လို့ ဖာသာရ်ဒေးဗစ်က ဖြေကြားခဲ့ပါတယ်။

စိပ်ပုတီးစိပ် ကမ်ပိန်းမှာပါ၀င်တဲ့ စိန့်ဂျိုးဇက်အသင်းဂိုဏ်းမှ Sr.Lucia ကလည်း

"စစ္စတာရ်တို့အနေနဲ့ ကိုယ့်ဘာသာ တဉီးတည်းရော အဖွဲ့အစည်းနဲ့ရော နေ့စဉ္ပုတီးစိပ်ကြပါတယ်။ ဒါပေမဲ့ တူညီတဲ့ရည်ရွယ်ချက်နဲ့ အခုလို ခရူးဆေဒ် မှာပါ၀င်ပြီး အတူဆုတောင်းရတဲ့ ခံစားချက်က ပို ကြည်နူးရတယ်။ ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်လဲ ပိုထားမိလာတယ်။ နေမကောင်းလို့ဖြစ်ဖြစ်၊ တနေကုန်မအားလို့ပဲ ဖြစ်ဖြစ် မစိပ်ဖြစ်ရင်တောင် ညသန်းခေါင်ရောက်ပါစေ မစိပ်ရသေးပါလားဆိုတဲ့အသိနဲ့ စိပ်ပြီးမှအိပ်ဖြစ်တာပေါ့နော်။ ဒီခရူးဆေဒ်လေး အစီအစဉ်လေးကို အရမ်းသဘောကျမိပါတယ်။ ဒီကမ်ပိန်းလေးမှာ ပိုပိုပြီးပါ၀င်လာကြမယ် ပိုအောင်မြင်လာမယ်လို့ မျှော်လင့်မိပါတယ်"။

"အခုလိုစီစဉ်ပေးတဲ့ ဖာသာရ်ကိုကျေးဇူးတင်တယ် ဂုဏ်လည်းယူမိတယ်။ အသက်ကြီးပြီးဘာမှ မပါ၀င်နိုင်ပေမဲ့ အခုလို ဆုတောင်းခြင်းနဲ့ တထောင့်တနေရာကနေပါ၀င်ခွင့်ရလို့ ၀မ်းသာမိတယ်။ နေရာပြောင်းသွားလို့ ကိုယ်ယူထားတဲ့ အချိန်မှာ မစိပ်ဖြစ်ပေမယ့်တခြားအချိန်တခုကို ယူပြီး စိပ်ဖြစ်အောင်စိပ်တယ်" လို့ စစ္စတာရ်ပေါလ် ကဆိုပါတယ်။

"တကယ်ကောင်းတဲ့အစီအစဉ္လေးပါပဲ။ ပါ၀င်ရတာအားရတယ်။ အများနဲ့စိပ်နေတယ် ပါ၀င်နေတယ်ဆိုတဲ့စိပ်က ပိုပြီးကြည်နူးမှုပေးတယ်။ အတူတကွလုပ်ဆောင်ကြတာမို့ ပိုပြီးအောင်မြင်မယ် မကြာခင်အောင်မြင်မယ်လို့ စိပ်ရင်းနဲ့ ယုံကြည်စိတ်တိုးပွားလာတယ်" လို့လည်း သက်တော် ၈၂ နှစ်ရှိ ကမ်ပိန်းမှာပါ၀င်နေတဲ့ စစ္စတာရ် ဂျယ်ရယ်ဒင်းက RVA ကိုဝေငှပြောဆိုခဲ့ပါတယ်။

ဒီစိပ်ပုတီး ခရူးဆေဒ် ဟာ မိမိတို့နေထိုင်ရာ နိုင်ငံအလိုက် မိမိတို့ပေးနိုင်တဲ့အချိန်မှာ link ထဲ၀င် SIGN UP ဆိုင်းအပ်လုပ်ပြီး ပါ၀င်နိုင်ပါတယ်။ အယောက်စီတိုင်း မိမိယူထားတဲ့အချိန်ရောက်ရင်မိမိနေထိုင်တဲ့နေရာဒေသကနေ စိပ်ပုတီးစိပ် ဆုတောင်းဖို့ဖြစ်ပါတယ်။ စိပ်ပုတီးလ အောက် တိုဘာ လကုန် အထိ ပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။

အင်တာဗျူးသူ။ ။ ပေါလ်ဂျုန်းခေါင်၊ RVA
ဖြေဆိုသူ။ ။ ဖာသာရ်ဒေးဗစ်မိုက်ကယ်၊ USA

 

Add new comment

9 + 7 =