ပုပ်ဖရန်စစ်သည် (၂၀၂၃) ခုနှစ်၏ပထမနေ့၌ ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏၀ိညာဉ်ကိုမယ်တော်ထံအပ်နှံခဲ့

ပုပ်ဖရန်စစ်သည် (၂၀၂၃) ခုနှစ်၏ပထမနေ့၌ ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏၀ိညာဉ်ကိုမယ်တော်ထံအပ်နှံခဲ့

ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) သည် (ဒီဇင်ဘာ ၃၁၊ ၂၀၂၂) ရက်နေ့၌ ပျံလွန်သွားပြီဖြစ်ကြောင်း၀မ်းနည်းစိတ်မကောင်းဖွယ်သတင်းကို ဗာတီကန်မှကမ္ဘာတစ်လွှားသို့တရား၀င်ထုတ်ပြန်ကြေညာခဲ့သည်။ ထိုနေ့သည် (၂၀၂၂) ခုနှစ်၏ နောက်ဆုံးနေ့လည်းဖြစ်သည်။

ကက်သလစ်သာသနာတော်ကြီးသည် နှစ်စဉ် နှစ်ဆန်း (၁) ရက်နေ့၌ 'မာရိယာ၊ ဘုရား၏မယ်တော်' ပွဲနေ့ကိုကျင်းပပြီး သာသနာတော်ကြီးသည် (ကမ္ဘာကြီး) အမိမယ်တော်၏စောင့်ရှောက်ထိန်းကျောင်းမှုကိုခံယူ၍တစ်နှစ်တာဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးစသောအရေးပေါင်းများစွာကိုဘေးကင်းမှန်ကန်စွာဆုံးဖြတ်ချမှတ်လုပ်ဆောင်နိုင်ရန်အပ်နှံအစပြုလေ့ရှိသည်။

ထို့အတူ ရဟန်းမင်းကြီးဖရန်စစ်ကလည်းထိုနေ့၌ပင် ပျံလွန်သွားပြီဖြစ်သော ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) အသက်၀ိညာဉ်ကို ဘုရား၏မယ်တော်ထံအပ်နှံခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ထိနှစ်ဆန်း (၁) ရက်နေ့လည်းဖြစ်သကဲ့သို့ 'မာရိယာ၊ ဘုရား မယ်တော်ပွဲနေ့' မစ္ဆားကိုဦးဆောင်ပူဇော်ခဲ့သည်။ မစ္ဆားတရားအတွင်သူပထမဦးဆုံးမြွတ်ကြား သောစကားကား 'ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏၀ိညာဉ်အတွက်ဆုတောင်းပေးကြပါ' ဟုဖြစ်ပါသည်။

ယနေ့ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ချစ်လှစွာသော ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) အား အလွန်သန့်ရှင်းလှသောဘုရားမိခင်ထံအပ်နှံကြပါစို့။ ဘုရားမယ်တော်သည်သူ့အား ဤလောကမှဘုရားသခင်ထံကြွမည့်ခရီး၌အဖော်ကောင်းအဖြစ်လိုက်ပါပို့ဆောင်ပေးပါစေ။

ရဟန်းမင်းကြီးဖရန်စစ်သည် ဘုရားသခင်ထံသို့ပြန်လည်ရောက်ရှိလာရန် ကြိုးစားရုန်းကန်နေကြသောသူတို့အဖို့လည်း အောင်မြင်မှုရရှိကြရန်ဆုတောင်းပေးခဲ့သည်။

ကမ္ဘာတစ်၀ှမ်း၌ သဘာ၀ဘေး၊ လူဖန်တီးသောဘေးဆိုးအမျိုးမျိုးကြောင့်ပြင်ထန်နာကြင်လှသော‌ေ၀ဒနာကိုခံစားနေကြရသူများ အထူးသဖြင့်စစ်မီးလောင်ကျွမ်းနေသောယူကရိန်းနိုင်ငံအတွက်အထူးဆုတောင်းပေးခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် စိန့်ပီတာဘာစီးလီကာဘုရားကျောင်းတော်ကြီး၌စုရုံးရောက်ရှိနေသော ဘုရားဖူးများအား နှစ်သစ်အတွက် လွန်စွာလက်တွေကျလှသော 'ကျင့်ကြံအားထုတ်ရမည့်လမ်းညွှန်ချက်များ' ကိုလည်းချမှတ်ပေးခဲ့သည်။

ယနေ့သည် တစ်နှစ်တာ၏အစဖြစ်ပါသည်။ ဘေးထိုင်၊ လက်ပိုက်၊ ငေးမောတွေ‌ေ၀ရင်း ကမ္ဘာကြီးပြောင်းလဲရန်အတွက်စိတ်ကူးယဉ်မျှော်လင့်နေပြီး အချိန်ထိုင်ဖြုန်းနေမည့်အစား ကမ္ဘာကြီးပြောင်းလဲလာရန် ကျွန်ုပ်တို့ဘာလုပ်ပေးနိုင်သနည်းကိုယ်ကိုကျွန်ုပ်ကောင်းစွာစစ်ဆေးမေးမြန်းကြပါစို့။ ယခုနှစ်၌ကျွန်ုပ်အနေဖြင့် မည်သည့်နေရာသို့သွားလိုသနည်း။ အဘယ်သူအား ကောင်းမှုပြုပေးမည်နည်း။ သာသနာအတွင်းနှင့်အဖွဲ့အစည်းများ၌ သင့်ထံမှကောင်းသောအရာများကိုစောင့်မျှော်နေကြသည်။ ထိုကောင်းသောအရာများသည် သင်သာပေးနိုင်၊ သင်သာလုပ်နိုင်သည်။

အပျင်းထူသောသူများ၊ မိမိပတ်၀န်းကျင်၌မည်သို့ပင်ဖြစ်ပျက်နေစေကာမူ မိမိနှင့်မဆိုင်သကဲ့သို့နေထိုင်နေသူများ၊ မည်သည့်ရည်ရွယ်ချက်မျှမရှိလေလွင့်နေသူများအနေဖြင့်ကောင်းမှုကိုပြုနိုင်ရန်အတွက် ယနေ့ဘုန်းတော်ကြီးများမိမိတို့၏လက်ကိုအပေခံ၍စတင်လုပ်ဆောင်ရမည်။

ရဟန်းမင်းကြီးဖရန်စစ်သည် လူထုအားလည်း သက်ကြီးရွယ်အိုများနှင့်လည်းကောင်း၊ အိမ်နီးချင်းများနှင့်လည်းကောင်းအနေနီးရန်၊ မိမိတို့၏အလုပ်နှင့်မိမိတို့၏ကျန်းမာခြင်း၊ လုံခြုံမှုများအတွက်သာဗျာများမနေကြရန်နှင့်မိမိတို့အတွင်း၌မိမိတို့အားအဘယ်သို့တိုက်တွန်းနိုးဆော်နေကြောင်းကိုလည်း အချိန်ယူဆင်ခြင်ရန်တိုက်တွန်းခဲ့သည်။
အဆိုပါမစ္ဆားတရားတော်မြတ်၌ ကလေးသူငယ်တစ်ဖွဲ့သည် မင်းပညာရှိများကဲ့သို့ ဆင်မြန်းထား၍ပူဇော်ခြင်းအလှူများကို ရဟန်းမင်းကြီးဖရန်စစ်အားဆက်ကပ်ခဲ့သည်။

မစ္ဆားတရားပူဇော်ပြီးနောက် 'အန်ဂျေလူး' ဆုတောင်းမေတ္တာရွတ်ဆိုပူဇော်ချိန်၌လည်းရဟန်းမင်းကြီးဖရန်စစ်က ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏အသက်၀ိညာဉ်အတွက်ဆုတောင်းပေးရန်ထပ်မံတောင်းဆိုလိုက်သည်။ နှစ်သစ်ကို ဘုရားမယ်တော်မာရိယာထံအပ်နှံပူဇော်ကြစို့။ အဘယ်ကြောင့်ဆိုသော် ယနေ့အမိသာသနာတော်ကြီးသည် 'မာရိယာ၊ ဘုရားမယ်တော်ပွဲ' နေ့ကျင်းပသည်။ ထို့ကြောင့် ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏၀ိညာဉ်ကိုလည်းအမိမယ်တော်ထံအပ်နှံကြပါစို့။ ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏အသက်တာ၌ အမိမယ်တော်သည် အလွန်ရေးကြီးသောအပိုင်း၌ထားရှိခဲ့ကြောင်း၊ ထို့ကြောင့် ဤနှစ်သစ်၌ကျွန်ုပ်တို့အဘယ်သို့ကျင့်ကြံရှင်သန်နေထိုင်ရမည်ကိုမယ်တော့်ထံမှသင်ယူကြပါစို့။

အမိမယ်တော်အဘယ်သို့ပြောဆိုခဲ့သနည်း။

ယခုနှစ်သစ်၌ မယ်တော့်ထံမှကျွန်ုပ်တို့မည်သည့်အရာကိုသင်ယူနိုင်သနည်း။ အမိမယ်တော်အား 'ကျွန်ုပ်တို့မည်သည့်အရာကိုလုပ်ဆောင်ရမည်ကိုသင်ကြားပေးတော်မူပါ' ဟုတောင်းခံနိုင်ပါသည်။

နူးညံ့သိမ်မွေ့စွာဖြင့် သူငယ်တော်ယေဇူးအားပြုစုထွေးပိုက်ခြင်းသည် အမိမယ်တော်မိန့်ကြားသောဘာသာစကားဖြစ်သည်။ ဤအမှုသည် အမိမယ်တော်၏ကြီးမြတ်ခြင်းဖြစ်သည်။ သိုးထိန်းများသည် ဘုရားသခင်၏သိကြားတမန်အမိန့်တော်ပြန်ဆိုခဲ့သည်ကိုလာရောက်ဖူးမျှော်ကြသော်လည်း အမိမယ်တော်သည် ထိုအချက်များအပေါ်တစ်ခွန်းမျှပြောဆိုခြင်းမပြုဘဲ ဆိတ်ငြိမ်စွာအာရုံသာပြုနေခဲ့သည်။

အမိမယ်တော်သည် သူသည်ဘုရား၏မယ်တော် ဖြစ်သည်ကိုလုံး၀မော်ကြွားခြင်းမပြုခဲ့ပေ။ အမိမယ်တော်သည် သူငယ်တော်ယေဇူးကိုသာ အလယ်၌သိပ်လျှက်ချစ်ခြင်းဖြင့်ပြုစုစောင့်ရှောက်ခဲ့သည်။ စိန့်ပီတာရင်ပြင်သည် ပွဲတော်ကာလဖြစ်သကဲ့သို့ ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) အားလည်းဂါရ၀ပြုလို၍ရောက်ရှိနေကြသောကမ္ဘာတစ်၀ှမ်းမှဘုရားဖူးများဖြင့်ကျိတ်ကျိတ်တိုးစည်ကားလျှက်ရှိနေခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3G3zvnq

Add new comment

5 + 6 =