စိန့်ဗင်းဆင်းဒီပေါလ်ပွဲနေ့အထိမ်းအမှတ် အခက်အခဲရှိ မိသားစုများ အားအခြေခံစား သောက်ကုန်များ ထောက်ပံ့

စိန့်ဗင်းဆင်းဒီပေါလ်ပွဲနေ့အထိမ်းအမှတ် အခက်အခဲရှိ မိသားစုများ အားအခြေခံစား သောက်ကုန်များ ထောက်ပံ့ခြင်း

စိန့်ဗင်းဆင်းဒီပေါလ်ပွဲနေ့အထိမ်းအမှတ် အခက်အခဲရှိ မိသားစုများ အားအခြေခံစား သောက်ကုန်များ ထောက်ပံ့

 

၂၅.၉.၂၀၂၂ (RVA Myanmar)

 

မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်းရှိ စိန့်ဂျွန်း စိန့်ဗင်းဆင်းဒီပေါလ်ကွန်ဖရင့်မှ၎င်းတို့သာသနာအုပ်စု အတွင်းရှိ၏ထောက်ပံ့ခံမိသားစု(၂၈)ဦးအားစိန့်ဗင်းဆင်းဒီပေါလ်ပွဲနေ့အထိမ်းအမှတ်ထောက်ပံ့ခြင်းအခမ်းအနားတစ်ခုကို ၂၅.၉.၂၀၂၂ နံနက် (၉း၃၀) နာရီက စိန့်ဂျွန်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနား၌ စိန့်ဗင်းဆင်းပြည်တော်ကောင်စီ ဝိညာဉ်လမ်းညွှန်ဘုန်းတော်ကြီးလည်းဖြစ် စိန့်ဂျွန်း ကျောင်းထိုင်ဘုန်းတော်ကြီးလည်းဖြစ်သည့် Fr. John Soe Tint မှ “စိန့်ဗင်းဆင်းဒီပေါလ်အသင်းအနေဖြင့် ထောက်ပံ့ခံများကို ကူညီတာဟာ လူမှုရေး သက်သက် မဟုတ်ပါဘူး။ ဘာသာရေးကိုအခြေခံတာ။ တကယ်တော့ ခရစ်တော်ရဲ့ တရား အတိုင်းဒုက္ခအခက်အခဲရောက်နေတဲ့ပုဂ္ဂိုလ်များကိုကူညီပေးခြင်းပဲဖြစ်ပါတယ်။ ကူညီရိုင်းပင်း စိန့်ဗင်းဆင်းဆိုတဲ့အတိုင်း ဒုက္ခရောက်နေသူများကို အမြဲတမ်းကူညီနိုင်ကြပါစေ” ဟုဆိုကာ ကြိုဆိုနှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့ပြီး အလှူရှင်များနှင့် စိန့်ဗင်းဆင်း အဖွဲ့သားများအား ကျေးဇူးတင်ကြောင်းများကို ပြောကြားခဲ့ပါသည်။

 

ပြည်တော်ကောင်စီဥက္ကဌဦးကျော်မင်းမှလည်းစိန့်ဗင်းဆင်းဒီပေါလ်ဒီပေါလ်အသင်းဖြစ်ပေါ်လာပုံအကြောင်းများကို အကျယ်တဝင့်ရှင်းလင်းပြောပြခဲ့ပါသည်။

 

စိန့်ဂျွန်း စိန့်ဗင်းဆင်း ဒီပေါလ်ကွန့်ဖရင့် ဥက္ကဌ ဒေါ်ထရေဇားဆိုင်းဘူမှလည်း ၎င်းတို့အဖွဲ့၏ လုပ်ဆောင်မှုများ ကိုပြောပြခဲ့ပြီး ၊ အလှူရှင်များ၏ လှူဒါန်ပေးမှုကြောင့်သာ ထောက်ပံ့ခံများကို ကူညီပေးနေနိုင်ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပမှ အလှူရှင်အယောက်စီတိုင်းကိုကျေးဇူးတင်ကြောင်း၊ ဒုက္ခအခက်အခဲရောက်နေသူများကို ဆက်လက် တတ်အားသရွေ့ကူညီပေးသွားမည့်အကြောင်းများကို ပြောကြားခဲ့ပါသည်။

 

ထောာက်ပံ့ခံတစ်ဦးဖြစ်သူ ဒေါ်မေရီ မှလည်း ယခုကဲ့သို့ လှူဒါန်ပေးကြသောအလှူရှင်များကိုကျေးဇူးတင်ကြောင်း၊ အရာရာခက်ခဲနေသည့်ယနေ့ခေတ်ကာလတွင်ယခုကဲ့သို့ဆန်၊ဆီ၊ဆားတို့ရရှိသည့်အတွက်မိသားစုစားဝတ်နေရေးအတွက် များစွာ အထောက်အကူဖြစ်ကြောင်း၊ စိန့်ဗင်းဆင်းဒီပေါလ်အားလည်း ယုံကြည်ကိုးစားသကဲ့သို့ ၊ အလှူရှင်အများအပေါ်လည်း နေ့စဉ် ဆုတောင်းပေးကြောင်းများကို ပြောကြားခဲ့ပါသည်။

 

အောင်ပင်လယ် တွင်နေထိုင်သည့် ထောက်ပံ့ခံတစ်ဦးဖြစ်သူ ဒေါ်မာရီယားမိမိ သည် မုဆိုးမတစ်ဦးဖြစ်ပြီး သူမ၌ သားသမီး (၄) ဦးရှိသည်။ အကြီးဆုံးမှာ အသက်နှစ်ဆယ်ကျော်ဖြစ်ပြီး အငယ်ဆုံးမှာ အသက်(၄) နှစ်အရွယ်တို့ဖြစ်သည်။ အိမ်ငှားဖြင့်နေထိုင်၍ အဝတ်လျှော်သည့်အလုပ်ကို လုပ်ကိုင်သူတစ်ဦးဖြစ်သည်။ သူမက စိန့်ဂျွန်း စိန့်ဗင်းဆင်းဒီပေါလ်ကွန်ဖရင့်၏ ထောက်ပံ့ပေးမှုကြောင့် စားဝတ်နေရေး ပြေလည်သည့်အကြောင်းကို ယခုလိုပြောပြသည်။

“ စိန့်ဂျွန်း စိန့်ဗင်းဆင်းဒီပေါလ်ကွန့်ဖရင့်က အိမ်တိုင်ရာရောက် ဆန်တွေ လာလာလှူပေးတဲ့အတွက် ကျေးဇူးတင်တယ်။ ဆင်းရဲနေတဲ့သူဆိုတော့ ဒီစိန့်ဗင်းဆင်းအသင်းက ကားလေး အိမ်ရှေ့ဆိုက်လာပြီဆိုရင်ကို ပျော်တယ်။ အခက်အခဲတွေကတော့ အများကြီးပဲ အိမ်ငှားခက တစ်လကိုရှစ်သောင်း တစ်ခါတလေ အိမ်ငှားခ မပေးနိုင်လို့ အိမ်ရှင်က အိမ်ရှာပါလို့ပြောပြီး နှင်ကို ထုတ်ခံရဘူးတယ်။ ဒီအသင်းလေးက မကြာခဏ အလှူရှင်တွေရဲ့ ပေးလှူမှုတွေကြောင့် မိသားစု စားဝတ်နေရေးလေးက အဆင်ပြေပြေသွားတာ။ မိသားစုက များတော့ တစ်ရက်ကို ဆန်တစ်ပြည်ချက်ရတယ်။ အခုဆို ဆန်ဈေးတွေတက်တော့ပိုစိုးတယ်။တစ်ခါတလေ နေမကောင်းလို့ အဝတ်မလျှော်နိုင်တဲ့နေ့တွေဆို ခက်ခဲတယ်။ မပြေလည်တာတွေအများကြီးရှိတယ်။ ဆင်းရဲပေ မယ့် ဘုရားကို မမေ့ဘူး။ ဆုတောင်းတိုင်း အခက်အခဲတွေကတော့ သူ့ဟာသူအဆင်ပြေသွားတယ်။ ဘုန်းကြီးတွေ၊ အလှူရှင်တွေအားလုံးကို နေ့တိုင်းဆုတောင်းပေးတယ်။ ” ဟုဆိုကာ စိန့်ဗင်းဆင်းဒီပေါလ်အသင်းမှ အခြေခံစားသောက်ကုန်များရရှိသည့်အတွက် ဝမ်းရေးအတွက် အဆင်ပြေရသည့်အကြောင်းကို အာဗီအေကို ပြောပြခဲ့ပါသည်။

 

စိန့်ဗင်းဆင်းဒီပေါလ်ပွဲနေ့တွင် ထောက်ပံ့ခံများအား ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်ရန် ပွဲကျင်းပ၍ ဖိတ်ခေါ်ရခြင်းသည် ကိုယ်တိုင်ပါဝင်ကျင်းပခြင်းအားဖြင့် စိန့်ဗင်းဆင်း၏ ကူညီဆောင်မမှုကိုခံစားရရှိစေပြီး၊ စိန့်ဗင်းဆင်းဒီပေါလ်အားကျေးဇူးတင်သည့်အနေဖြင့် ထောက်ပံ့ခံများအား ဖိတ်ခေါ်ခဲ့ရခြင်းဖြစ်သည်ဟုသိရသည်။

 

စိန့်ဂျွန်း စိန့်ဗင်းဆင်းဒီပေါလ်ကွန်ဖရင့်၌ ထောက်ပံ့ခံမိသားစုပေါင်း(၂၈) ဦးရှိသည်။ထောက်ပံ့ခံများအား ဆန်(၆)ပြည်၊ဆီတစ်ပိဿ၊ဆားတစ်ထုပ်၊ဆပ်ပြာမှုန့်တစ်ထုပ်၊ကြာဇံ၊ပရုပ်ဆီ၊မုန့်ကြွပ်၊ကြက်ဉ၊စောင်နှင့် ငွေသားတစ်သောင်းစီ ပေးလှူခဲ့ကြသည်။ ယနေ့လှူဒါန်းမှု၌ အလှူရှင် (၂၇) ဦး၏ လှူဒါန်းမှုဖြင့် ပွဲကျင်းပခဲ့ခြင်းဖြစ်သည်။ အခါအားလျှော်စွာ ပြည်တွင်းပြည်ပ အလှူရှင် များ ၏ လှူဒါန်းမှုရှိသည့်အခါတိုင်း ထောက်ပံ့ခံများအား လိုအပ်သလို ကူညီဆောင်ရွက် ပေးလျှက်ရှိသည်။ အခြေခံစားသောက်ကုန်များလှူဒါန်းခြင်း၊ နာမကျန်းဖြစ်နေသူများအား ဆေးဝါးကုသမှုစရိတ်ထောက်ပံ့ပေးခြင်း၊ ဆေးရုံသို့လိုက်လံပို့ဆောင်ပေးခြင်း၊ အိမ်ယိုယွင်းပျက်စီးသူများအား ထောက်ပံ့ကူညီခြင်း၊ ပညာသင်စရိတ်ထောက်ပံ့ပေးခြင်းတို့ကို လုပ်ဆောင်ပေးလျှက်ရှိသည်။

 

စိန့်ဗင်းဆင်းဒီပေါလ်၏သမိုင်းအကျဉ်း

 

စိန့်ဗင်းဆင်းဒီပေါလ်ပွဲနေ့သည် စက်တင်ဘာလ(၂၇) ရက်နေ့ဖြစ်ပြီး ၊ ထိုနေ့ကို စိန့်ဗင်းဆင်းဒီပေါလ် ပွဲနေ့အဖြစ် သတ်မှတ်ရခြင်းမှာ စိန့်ဗင်းဆင်းဒီပေါလ်သည် (၁၆၆၀)ခုနှစ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ထိုနေ့ရက်တွင် ကွယ်လွန်သွားသည့်အတွက် ထိုနေ့ကို အမှတ်ရသည့်အနေဖြင့် ကျင်းပခြင်းဖြစ်သည်ဟုသိရသည်။

 

ရဟန္တာ စိန့်ဗင်းဆင်းဒီပေါလ်သည် ( ၁၅၈၁ )ခုနှစ်တွင်မွေးဖွားပြီး မိသားစုဝင်များထဲတွင် တတိယမြောက် သားဖြစ်သည်။၎င်းသည်အသက်(၁၉)နှစ်အရွယ်တွင် ရဟန်းသိက္ခာကို ရရှိခဲ့သည်။ခရီးသွားရင်း ပင်လယ်ပြင်၌ တူရကီလူမျိုး ဓားပြများ၏ ဓားပြတိုက်ခြင်းကို ခံခဲ့ရပြီး ကျွန်အဖြစ် ရောင်းစားခြင်းကို ခံခဲ့ရသည်။ ရဟန်းဖြစ်သော်လည်း ကျေးကျွန်ဘဝဖြင့်နေခဲ့ရပြီး မစ္ဆားတရားကိုပင် မဟောကြားနိုင်ခဲ့ပေ။ထိုကဲ့သို့နေထိုင်လာရင်း ကျွန် ဘဝမှလွတ် မြောက်ခဲ့ပြီး ပြင်သစ်နိုင်ငံသို့ပြန်လည်ရောက်ရှိချိန်တွင် ဆင်းရဲသားများ ဒုက္ခရောက် နေသူများ အား ကူညီပေး ချင်စိတ် များဖြစ်ပေါ်လာခဲ့ပြီးနောက် ထိုအချိန်မှစတင်ကာ ဆင်းရဲဒုက္ခရောက်နေသူများအတွက် ၊ ကရုဏာရေး လုပ်ငန်းများကို သူကွယ်လွန်ချိန်ထိ တိုင်အောင် လုပ်ဆောင်ခဲ့သည်။၎င်းကွယ်လွန်ချိန်တွင် သက်တော် (၇၉) နှစ်ရှိပြီ ဖြစ်သည်။

 

စိန့်ဗင်းဆင်းဒီပေါလ်အဖွဲ့သမိုင်း အကျဉ်း

 

စိန့်ဗင်းဆင်းဒီပေါလ်အသင်း တည်ရှိခဲ့သည့်မှာ (၁၈၉) နှစ်ပြည့်ပြီဖြစ်သည်။ စိန့်ဗင်းဆင်းဒီပေါလ်အသင်းသည် ကမ္ဘာပေါ်ရှိ (၁၅၃) နိုင်ငံတွင်ရှိပြီး ၊ ကွန့်ဖရင့်ပေါင်း ငါးသောင်းကျော်ရှိသည်။ထိုအသင်းတွင်လုပ်ဆောင်နေသော ပရဟိတ လုပ်သားပေါင်း ရှစ်သိန်းကျော်ရှိသည်။ ကမ္ဘာပေါ်ရှိဆင်းရဲဒုက္ခရောက်နေသူ သန်းသုံးဆယ်ကျော်အား နေ့စဉ်နည်းလမ်းမျိုးစုံဖြင့်ကူညီပေးနေသည့်အဖွဲ့တစ်ခုလည်းဖြစ်သည်။တစ်ကမ္ဘာလုံးနှင့်ဆိုင်သည့်အသင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကိုယ်တိုင် အသိအမှတ်ပြုသော အသင်းလည်းဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂ၏ လူမှုရေးအဖွဲ့များ၌လည်း အဖွဲ့ဝင်တစ်ခုအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ဆရာတော်ကြီး ဘီဂန်းဒက် ၏ ဖိတ်ခေါ်မှုဖြင့် စိန့်ဗင်းဆင်းဒီပေါလ်အသင်းသည် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ ပြီး မြန်မာနိုင်ငံ၌ ဤအသင်းကို ၁၈၈၇ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့သည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ သာသနာ (၁၆) ခု ရှိသည့်အနက် သာသနာ (၁၂) ခုတွင် ကွန့်ဖရင့်ပေါင်း (၂၃၀) ခု ဖွဲ့စည်းနိုင်ခဲ့သည်။ စိန့်ဗင်းဆင်းလူငယ်အဖွဲ့လည်းရှိပြီး မြန်မာနိုင်ငံတွင် ဗင်းဆင်းရှင်းလူငယ် ကွန်ဖရင့်ပေါင်း (၁၃) ဖွဲ့ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံရှိ စိန့်ဗင်းဆင်းဒီ ပေါလ် အသင်းသည် နိုင်ငံတော်အသိအမှတ်ပြု လူမှုရေး မှတ်ပုံတင်ရှိသည့် အသင်းတစ်ခုလည်းဖြစ်သည်။ “ ကူညီရိုင်းပင်း မြန်မာဖောင်ဒေးရှင်း” ဟူသည့် အမည်ဖြင့် အစိုးရအသိအမှတ်ပြု ခံရသည့် လူမှုရေးအသင်းတစ်ခုဖြစ်သည်။ စိန့်ဗင်းဆင်းဒီပေါလ်အသင်းသည် သခင်ခရစ်တော်၏ မျက်နှာကိုထောက်ထား၍ ဆင်းရဲဒုက္ခရောက်နေသူများအားကူညီပေးနေခြင်းဖြစ်သည်။ စိန့်ဗင်းဆင်းဒီပေါလ်ကွန်ဖရင့်တိုင်း၌ လစဉ် ဆင်းရဲသားများအား ဆန်၊ဆီ၊ဆား စသည့် အခြေခံစားသောက်ကုန်များကို ပေးလှူခြင်း၊ အိမ်ယိုယွင်းပျက်စီး၍ မပြင်နိုင်သည့် အခက်အခဲရှိသူများအား အိမ်များပြုပြင်ပေးခြင်း၊ နာမကျန်း၍ ဆေးခန်းမပြသနိုင်သူများအား ကူညီထောက်ပံ့ပေးခြင်း၊ လူနာများအား သွားရောက်ကြည့်ရှုကာ အားပေးနှစ်သိမ့်ပေးခြင်း၊ ပညာသင်ကြားရန် အခက်အခဲရှိသော တက္ကသိုလ်ကျောင်းသားများအား ပညာသင်စရိတ်ထောက်ပံ့ကူညီပေးခြင်းတို့ကို အလှူရှင်များ၏ လှူဒါန်မှုများမှတစ်ဆင့် စိန့်ဗင်းဆင်း အဖွဲ့သားများက လုပ်ဆောင်ပေးလျက်ရှိနေပါသည်။

 

#rvamyanmar #rvapastoralcare #SSVP #StVicentDePaul #SocityofStVicentdepaul #ကူညီရိုင်းပင်းမြန်မာဖောင်ဒေးရှင်း

#စိန့်ဗင်းဆင်းဒီပေါလ်စိန့်ဂျွန်းကွန်ဖရင့်

 

Add new comment

4 + 11 =