စင်္ကာပူရောက် မြန်မာကက်သလစ်မိသားစု၏ (၂၅) နှစ်ပြည့် ငွေရတုသဘင်ဂျူဗလီပွဲတော်ကျင်းပခြင်း

စင်္ကာပူရောက် မြန်မာကက်သလစ်မိသားစု၏ (၂၅) နှစ်ပြည့် ငွေရတုသဘင်ဂျူဗလီပွဲတော်ကျင်းပခြင်း

စင်္ကာပူရောက် မြန်မာကက်သလစ်မိသားစု၏ (၂၅)နှစ်ပြည့် ငွေရတုသဘင်ဂျူဗလီပွဲတော်ကြီးကို ဖေဖော်၀ါရီလ (၁၁)ရက်နေ့မှ ဖေဖော်၀ါရီလ (၁၂)ရက်နေ့အထိ စင်္ကာပူနိုင်ငံ Church of The Immaculate Heart of Mary ဘုရားကျောင်းတော်ကြီးတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ထိုပွဲတော်၏ ပထမအကြိုနေ့ကို 'အတူတကွ ခရီးဆက်ခြင်း' ခေါင်းစဥ်ဖြင့် မော်လမြိုင်ဂိုဏ်းအုပ်သာသနာမှ ဆရာတော်ကြီး Maurice ညွန့်ဝေမှ တရက်တာ ၀တ်စောင့်ခြင်းကို ဦးဆောင်ပေးခဲ့ကြပါသည်။

ဆရာတော်ကြီးမှ အာရှဆရာတော်ကြီးများ၏ သာသနာ့ရှေ့ဆက်ခရီးတွင် ချမှတ်ထားသော လမ်းညွှန်ဆုံးဖြတ်ချက်များဖြင့် စင်္ကာပူရောက်မြန်မာကက်သလစ်မိသားစုကို နောင် ဆက်လက် လျှောက်လှမ်းရမည့် ခရီးအတွက် အားပေး လမ်းညွှန်ချက်များဖြင့် မိန့်ကြား ဟောပြော ပို့ချပေးခဲ့ပါသည်။ ထိုတရက်တာ ၀တ်စောင့်ခြင်းတွင် ဟောပြောပို့ချပေးခြင်းများကဲ့သို့ MCCS (Myanmar Catholic Community of Singapore)၏ မှီခိုအားထားရာ အမိမယ်တော်အား ကျေးဇူးတင် စုပေါင်း အတူတကွစိပ်ပုတီးစိပ်ခြင်းနှင့် အတူ တနာရီ ကိုယ်တော်မြတ် ၀တ်ပြုကိုးကွယ်ခြင်း အစီအစဥ်များလည်း ပါ၀င်ခဲ့ကြပါသည်။ ညနေပိုင်းတွင် အကြိုနေ့၏ တရက်တာ၀တ်စောင့်ခြင်း အစီအစဥ်ကို မစ္ဆားတရားနာယူ၍ အဆုံးသက်ခဲ့ပါသည်။

ဖေဖော်၀ါရီလ (၁၂)ရက်နေ့ ပွဲတော်နေ့ နံနက်ပိုင်း အစီအစဥ်ကို မော်လမြိုင်ဂိုဏ်းအုပ်သာသနာမှ ဘုန်းတော်ကြီး Fr ချစ်ကောင်းမှ 'ကက်သလစ်အသင်းတော်၏ လူမှုရေးသွန်သင်ချက်' ခေါင်းစဥ်ဖြင့် ဟောကြား ပို့ချပေးခဲ့ပါသည်။ ထို့နောက် ဒုတိယနေ့ တနာရီ ကိုယ်တော်မြတ် ၀တ်ပြုကိုးကွယ်ခြင်းကို Msgr. Patrick စောဇေဟန်မှ ဦးဆောင်ပေးခဲ့ပြီး ကျေးဇူးတင်မစ္ဆားတရားတော်ကြီး ကျင်းပရန် ပြင်ဆင်ခဲ့ကြပါသည်။

စင်္ကာပူရောက် မြန်မာကက်သလစ်မိသားစု၏ (၂၅) နှစ်ပြည့် ငွေရတုသဘင်ဂျူဗလီ ကျေးဇူးတင်မစ္ဆားတရားတော်ကြီးကို စင်္ကာပူဂိုဏ်းချုပ်သာသနာ ကာဒီနယ် Cardinal William Goh၊ မော်လမြိုင်သာသနာမှ ဆရာတော်ကြီး Maurice ညွန့်ဝေတို့နှင့် အတူ စင်္ကာပူအတွက်ရဟန်းမင်းကြီးကိုယ်စားလှယ်ရုံးတော်မှ မွန်ဆီညှော် Patrick စောဇေဟန်၊ ဘုန်းတော်ကြီးများဖြစ်ကြသော Fr Joseph Kace၊ Fr Paul Ngo၊ Fr Antonio Damian၊ Fr Frair Francisco Jude၊ Fr Basnayake နှင့် Fr ချစ်ကောင်းတို့ ခြံရံလျှက် ကျေးဇူးတင် မစ္ဆားတရားတော်ကြီးကို ဟောကြားပေးခဲ့ပါသည်။ ထိုကျေးဇူးတင် မစ္ဆားတရားတော်ကြီးကို စင်္ကာပူရောက် မြန်မာကက်သလစ်မိသားစု၀င် (၁၄၀၀)ကျော်နှင့် အတူ ဂိုဏ်းအသီးသီးမှ ဖိတ်ကြားထားသော ကိုရင်ကြီးများ သီလှရှင်များ ဧည့်သည်တော်များ မစ္ဆားတရားပါ၀င် နာယူခဲ့ကြပါသည်။

စင်္ကာပူဂိုဏ်းချုပ်သာသနာ ကာဒီနယ်၏ ဩ၀ါဒတွင် ယခု စင်္ကာပူရောက်မြန်မာကက်သလစ်မိသားစု၏ (၂၅)နှစ်မြောက်ငွေရတုပွဲတော်ကို သမိုင်း၀င်အချိန်ကာလအဖြစ် ဘုရားသခင်အားကျေးဇူးစွာဖြင့် ကျင်းပရမည့်အချိန်ဖြစ်ကြောင်း၊ စတင်ဖွဲ့စည်းစဥ်က လူဦးရေ (၆၀)ခန့်သာ ရှိခဲ့ရာမှ ယခုအခါ မြန်မာကက်သလစ်ဘာသာ၀င်များအတွက် မှီခိုတိုင်ပင်ရန် တိုးတက်များပြားနေသော မိသားစုကြီးဖြစ်နေကြောင်း၊ ရွှေ့ပြောင်းနေထိုင်ကြသော အလုပ်သမားများရှိခြင်းသည် နိင်ငံတိုင်းအတွက် ကောင်းကျိုးများစွာကို ဖြစ်ထွန်းစေကြောင်း၊ သင်တို့သည် စင်္ကာပူတွင် အမြဲနေထိုင်သည် ဖြစ်စေ၊ ခေတ္တ လာရောက်နေထိုင် လုပ်ကိုင်သည်ဖြစ်စေ စင်္ကာပူမှ ရရှိခဲ့သော အသိပညာ/အတတ်ပညာများကို မိမိတို့၏ နေရာဒေသတွင် ပြန်လည်ရောက်ရှိချိန်တွင် အကျိုးရှိစွာ အသုံးချနိုင်ကြလျှင် လွန်စွာ အကျိးရှိမည်ဖြစ်ကြောင်း တို့ဖြင့် တိုက်တွန်းဟောကြားခဲ့ပါသည်။

ဆက်လက်ပြီးဟောကြားရာတွင် ဧ၀ံဂေလိသတင်းကောင်းကို ပြောကြားရန် သင်တို့ထံတွင် အခွင့်ကောင်းများစွာ ရှိပါကြောင်း လူအများကို ဘုရားသခင်ထံသို့ ခေါ်ဆောင်နိုင်သော အခွင့်အရေးကို လက်လွတ်မခံကြရန် အရေးကြီးကြောင်း၊ အခြားသူများကို သတင်းကောင်းဖြန့် ​ေ၀ ခြင်းသည် မိမိကိုယ်ကို ဧ၀ံဂေလိသတင်းကောင်းဖြန့်ဝေခြင်းလည်း ဖြစ်ပါကြောင်း၊ မြန်မာကက်သလစ်ဘာသာဝင်တစ်ယောက်ရဲ့ စံနမူနာကောင်းပြဖို့ လိုအပ်ကြောင်း၊ သင်တို့ဟာ အသင်းတော်ကို ကိုယ်စားပြုရုံသာမက ကိုယ့်နိုင်ငံကို ကိုယ်စားပြုနေကြကြောင်းကို သတိရှိဖို့လိုကြောင်း သင်တို့ သည် မြန်မာနိုင်ငံ၏ သံတမန်များလည်းဖြစ်ကြောင်းတို့ကို ကာဒီနယ်က ဟောကြား သွန်သင်ပေးတော်မူခဲ့ပါသည်။

ကျေးဇူးတင်မစ္ဆားတရားတော်ကြီးအပြီးတွင် တတ်ရောက်လာကြသူများနှင့် ဧည့်သည်တော်ကြီးများကို ဘုရားကျောင်း၏ သာသနာ့ခန်းမတွင် အကျွေးအမွေးဖြင့် ဧည့်ခံကျွေးမွေးကာ ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြပါသည်။ ထို့နောက် ကာဒီနယ်၊ ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများနှင့် အတူ အမှတ်တရ ဓါတ်ပုံရိုက်ကြကာ အခန်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

MCCS၏ ဥက္ကဌ ဒေါက်တာသက်နိုင်မှ ပြောကြားရာတွင် MCCS စတင် ဖွဲ့စည်း စဥ်ကပင် ပါ၀င်လာခဲ့တာ နေ့တိုင်းပင်ဖြစ်ကြောင်း၊ ၂၅ နှစ်မြောက်ပွဲကို လွန်ခဲ့သော ၅ နှစ်ကာလကပင် ပြင်ဆင်ခဲ့ပါကြောင်း၊ ယနေ့ဂျူဗလီပွဲတော်ကြီးမှာ စင်္ကာပူဂိုဏ်းချုပ်သာသနာ ကာဒီနယ်ကြီးကိုယ်တိုင် ကြွရောက်ခဲ့သည့်အတွက် ဂုဏ်ယူ ၀မ်းမြောက်မိပါကြောင်း၊ ကျေးဇူးလည်း အထူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

မော်လမြိုင်ဂိုဏ်းအုပ်သာသနာမှ ဆရာတော်ကြီး Maurice ညွန့်ဝေမှ အားပေးစကားပြောကြားရာတွင် ယခုလို MCCS ၏ (၂၅)နှစ်ပြည့် ငွေရတုသဘင်ဂျူဗလီပွဲမှာ ပါ၀င်တတ်ရောက် ဂုဏ်ပြုခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနင့် ဆက်လက်ပြီး ရှေ့ဆက် အတူတကွ လျှောက်လှမ်းကြရမှာဖြစ်ကြောင်း အားပေးပြောကြားခဲ့ပါသည်။

MCCS ကို (၁၉၉၈) ဇန္ဒ၀ါရီလ (၂၈)ရက်နေ့တွင် စင်္ကာပူနိုင်ငံတွင် ရောက်ရှိလာကြသော မြန်မာကက်သလစ် (၆၀) ယောက် ဖြင့် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ကြပါသည်။

စင်္ကာပူရောက် မြန်မာ ကက်သလစ်မိသားစုကို ရထားကြီးတစ်စင်းနှင့် နှိုင်းယှဉ်ကြည့်မိလျှင် အချို့က ခရီးတိုအဖြစ် ၀င်ရောက် စီးနင်းလာခဲ့ကြသလို၊ အချို့က ဘ၀ခရီးရှည်တွင် ဆက်လက်လိုက်ပါ ပါ၀င်စီးနင်းနေကြသည်။ မိမိလိုရာ ခရီးဆက်သွားရန် ဆင်းသွားသည့် လူများရှိသလို၊ ယခုမှ တက်လိုက်ပါနေသည့်သူများလည်း ရှိသည်။ မည်သို့ပင် ဖြစ်စေ ဤ MCCS ရထားကြီးကို မောင်းနှင်နေသူက ဘုရားသခင်ပင်ဖြစ်ပါသည်။

MCCS

Add new comment

5 + 8 =