စင်ကာပူရောက်မြန်မာကက်သလစ်မိသားစုအဖွဲ့အစည်း၏သမိုင်းကြောင်း

စင်ကာပူရောက်မြန်မာကက်သလစ်မိသားစုအဖွဲ့အစည်း၏သမိုင်းကြောင်း

Myanmar Catholic Community of Singapore (MCCS) ဟုခေါ်သော ‘စင်ကာပူရောက်မြန်မာကက်သလစ်မိသားစု’ အဖွဲ့အား (၁၉၉၈၊ ဇန္န၀ါရီလ ၂၈) ရက်နေ့က စိန့်မိုက်ကယ်ဘုရာကျောင်း၌ မစ္ဆားတရားပူဇော်ခြင်းနှင့်အတူစတင်ဖွဲ့စည်းခဲ့ပါသည်။

ထိုသမိုင်း၀င်သော မစ္ဆားတရားတော်မြတ်ကို ဖာသာရ် Andy Altamirano ကဦးဆောင်ပူဇော်ပေးခဲ့ပါသည်။

ထိုစဉ်ကသူသည် ရွေ့ပြောင်းအလုပ်သမားများအားကြည့်ရှုရသောအမှုတော်ကိုတာ၀န်ယူနေရသူဖြစ်သည်။ ထိုသို့ဖွဲ့စည်းပြီးနောက် လစဉ် ဒုတိယပတ်တနင်္ဂနွေနေ့၌ မြန်မာမစ္ဆားပူ ဇော်ခြင်းအစီအစဉ်ကို (၂၀၀၆) တိုင်တင်လှူပူဇော်ခဲ့ကြပါသည်။

မြန်မာမစ္ဆားကို ဖာသာရ် Joseph Jeannnequin (Fr JJ) နှင့်ဖာသာရ် Louis Loiseau တို့ကပူဇော်ပေးခဲ့ကြသည်။ အဆိုပါ ဘုန်းတော်ကြီးနှစ်ပါးသည် မြန်မာပြည်၌သာသနာပြုခဲ့ကြသူများဖြစ်ပြီး မြန်မာဘာသာဖြင့်မစ္ဆားပူဇော်ခဲ့သော ကြောင့်လည်း မြန်မာဘာသာဖြင့်မစ္ဆားပူဇော်နိုင်ခြင်းဖြစ်သည်။ ဖာသာရ် Joseph Jeannnequin သည် အသက်အရွယ်ကြီးရင့်လာခြင်းနှင့်အတူကျန်းမာရေးလည်းဆုတ်ယုတ်လာခဲ့ရာစင်ကာပူဂိုဏ်း ချုပ်သာသနာနှင့်မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်တို့၏ သဘောတူညီချက်ဖြင့် စင်ကာပူရောက်မြန်မာကက်သလစ်ဘာသာတူများ၀ိညာဉ်ရေးစောင့်ရှောက်ပေးစေရန်အတွက် မြန်မာပြည်ဘုန်းတော်ကြီးတစ်ပါးကိုစေလွှတ်ပေးနိုင်အောင်စီစဉ်ပေးခဲ့သည်။ အဆိုပါ သဘောတူညီချက်ဖြင့် (ဒီဇင်ဘာ ၂၀၀၆) ၌ဖယ်ခုံသာသနာမှ ဖာသာရ်ပီတာပေါလ်ပထမဦးဆုံးရောက်ရှိလာခဲ့သည်။

စင်ကာပူရောက်မြန်မာမိသားစုများအတွက် ၀ိညာဉ်ရေးတာ၀န်ခံဘုန်းတော်ကြီးရောက်ရှိလာခဲ့သော်လည်း ဤအဖွဲ့စတင်မွေးဖွားရာဘုရားကျောင်း၌သာဆက်လက်၍ ယခင်ကအစီအစဉ်အတိုင်းပင် မြန်မာမစ္ဆားပူဇော်ခြင်းကိုလုပ်ဆောင်ခဲ့သည်။ သို့သော် တာ၀န်ခံဘုန်းတော်ကြီးအတည်တကျရရှိလာသောအခါ တစ်လတစ်ကြိမ်သာမဟုတ်တော့ဘဲ မြန်မာမစ္ဆားကိုလ၏ ဒုတိယပတ်နှင့်စတုတ္ထပတ်တနင်္ဂနွေနေ့များ၌ပူဇော် လာခဲ့ကြသည်။

ဖာသာရ်ပီတယ်ပေါလ်သည် စင်ကာပူရောက်မြန်မာမိသားစုအား (၂၀၀၆ - ၂၀၁၆) အထိ (၁၀) နှစ်ကြာအမှုတော်ထမ်းဆောင်ခဲ့သည်။ သို့သော်ကျန်းမာရေးအခြေအနေကြောင့် မိခင်နိုင်ငံ၊ မိခင်သာသနာသို့ပြန်သွားခဲ့ပြီး ဆေးကုသမှုကိုခံယူရင်း (ဇန္န၀ါရီလ ၂၀၁၇) တွင်ပျံလွန်သွားခဲ့သည်။

ဖာသာရ်ပီတာပေါလ်သည် အမိမြန်မာနိုင်ငံသိုမပြန်မီ တာ၀န်ခံအသစ်ရောက်ရှိမလာမီအချိန်ထိ မြန်မာကက်သလစ်ဘာသာတူများ၏၀ိညာဉ်ရေးကိုကြည့်ရှုပေးရန်ဖာသာရ် Francis Leong အားအကူအညီတောင်းခံခဲ့သည်။ မြန်မာနိုင်ငံမှတာ၀န်ခံဘုန်းတော်ကြီးအသစ်မစေလွှတ်နိုင်သည့်အချိန်ထိ ယာယီတာ၀န်ခံပေးနေသောဘုန်းတော်ကြီးက မစ္ဆားတရားကို အင်္ဂလိပ် - မြန်မာ တစ်ပိုင်းစီဖြင့်တင်လှူပူဇော်ပေးနေခဲ့သည်။

သို့ဖြင့် (၂၀၁၈၊ ဖေဖော်၀ါရီလ) ၌ ဖယ်ခုံသာသနာမှဖာသာရ် Joseph Kace တာ၀န်ခံအဖြစ်ရောက်ရှိလာခဲ့သည်။ ထို့အတူ စင်ကာပူရောက်မြန်မာမိသားစုအနေဖြင့် ဘုရားကောင်းချီး အဖြစ် အခြားတစ်ခုကိုထပ်မံခံစားရသည်မှာ မွန်ဆီညှော်စောဇေဟန်သည် (၂၀၂၁) ခုနှစ်မှစ၍စင်ကာပူနိုင်ငံအတွက်ရဟန်းမင်းကြီးစားလှယ်ရုံး၌ အမှုထမ်းဆောင်ခဲ့ရသည်။

ကောင်းချီးတော်နောက်တစ်ခုကိုထပ် လောင်းဖော်ပြရမည်ဆိုပါလျှင် စင်ကာပူရောက် မြန်မာမိသားစုများအနေဖြင့်မြန်မာပြည်မှ စိန့်ဂျိုးဇက်စစ္စတာရ်နှစ်ပါးဖြစ်သော စစ္စတာရ် Maria Goretti Dau Nyoi နှင့်
စစ္စတာရ် Matilda Daw Aye Hla @ Sr.Tu Tu တို့၏ကူညီဖေးမလမ်းပြမှုကိုခံယူနေရ သောကြောင့်ဖြစ်ပါသည်။ ၄င်းတို့သည် စင်ကာပူနိုင်ငံသို့ (၂၀၀၈) ခုနှစ်၌ရောက်ရှိလာခဲ့ကြပြီး စစ္စတာရ် Matilda Daw Aye Hla မှာ (၂၀၁၇) တွင်ဂျေရူးဆလင်သို့အမှုတော်ထမ်းရန်ဆက်လက်ပြောင်းရွေ့သွားခဲ့သည်။

စစ္စတာရ်များရှိနေခြင်းအားဖြင့် စင်ကာပူရောက်မြန်မာကက်သလစ်ဘာသာတူများအဖို့ ဘုရားစကားသင်ကြားခြင်း၊ မိသားစုအတွင်းစိပ်ပုတီးစိတ်ခြင်း၊ ကျမ်းစာ‌ေ၀မျှခြင်းနှင့်အခြားသောလှုပ်ရှားမှုများကိုဦးစီးလုပ်ဆောင်ပေးလျှက်ရှိသည်။ ထို့အတူ ကိုးဗစ် (၁၉) ကပ်ဆိုးမတိုင်မီအထိအခြား စစ္စတာရ်များလည်း သင်တန်းတို၊ ရှည်တက်ရောက်ရန်ရောက်ရှိလာလေ့ရှိတတ်ပြီး မြန်မာကက်သလစ်မိသားစုများနှင့်တွေ့ဆုံခွင့်ရသည့်ကောင်းချီးကိုလည်းခံစားရလေ့ရှိပါသည်။

စင်ကာပူ‌ရောက်မြန်မာကက်သလစ်ဘာသာ ၀င်မိသားစုစတင်ချိန်က ဘာသာတူ (၆၀) ဖြင့်စခဲ့သော်လည်း ဘာသာတူဦးရေသည်နှစ်စဉ်တိုးလာလျှက်ရှိရာမှ လက်ရှိ၌မူ (၁၂၀၀) ဦးအထိတိုးလာခဲ့သည်။ မြန်မာ မစ္ဆားပူဇော်ရာ၌ ပုံမှန်ပါ၀င်ပူဇော်ဖြစ်သောဘာသာတူဦးရေမှာ (၂၅၀ - ၃၀၀) ကြားရှိပါသည်။

အမိသာသနာတော်ကြီး၏ရက်ကြီးအခါကြီးများဖြစ်ကြသော ခရစ္စမတ်၊ တနင်္ဂနွေ နေ့နှင့်မိဘများပွဲနေ့များတွင် အားလုံးနီးပါးပါ၀င်ပူဇော်ကြသည်။ မြန်မာမစ္ဆားသို့ပုံမှန်မတက်ရောက်နိုင်ခြင်း၏အဓိကအကြောင်းအရင်းမှာ အိမ်အကူအလုပ်ကိုလုပ်နေသူများ၊ ကာယအလုပ်လုပ်နေကြသူများရှိသောကြောင့် တနင်္ဂနွေနေ့နှင့်အားလပ်ရက်မတိုက်လျှင်လည်းမလာရောက်နိုင်သကဲ့သို့ သွားလာရာ၌အချိန်မီသွားလာရန်လည်းခရီးအတိုအရှည်ပေါ်မူတည်သော ကြောင့်လည်းဖြစ်ပါသည်။

စင်ကာပူရောက်မြန်မာကက်သလစ်ဘာသာတူတို့၏လှုပ်ရှားမှုများ

- မယ်တော်၏အလွန်စင်ကြယ်သောနှလုံးတော်ဘုရားကျောင်း၌ပုံမှန်လ၏ဒုတိယပတ်နှင့်စတုတ္ထပတ်တနင်္ဂနွေနေ့၌မြန်မာမစ္ဆားပူဇော်ခြင်းရှိသည်။

- သမ္မာကျမ်းစာ‌ေ၀မျှခြင်းနှင့်မြန်မာမစ္ဆားရှိသည့်နေ့၌ မစ္ဆားပူဇော်ခြင်းမပြုမီ စုပေါင်းစိပ်ပုတီးစိပ်ခြင်းရှိသည်။ တစ်လလျှင်နှစ်ကြိမ် စနေနေ့ညနေပိုင်း၌မြန်မာကက်သ လစ်မိသားစုများ၏အိမ်သို့သွား၍စိပ်ပုတီးစိတ်ပေးလေ့ရှိသည်။

- 'ခရစ္စတူးအတွက်ဇနီးမောင်နှံ' အဖွဲ့မှခရစ်ယာန်မိသားစုသင်တန်းများကိုပြုလုပ်ပေးသည်။

- မြန်မာဘုန်းတော်ကြီးများနှင့်သီလရှင်များမှနေ့တစ်ပိုင်းသော်လည်းကောင်း၊ တစ်နေ့တာသော်လည်းကောင်းဥပုသ်သီလစောင့်တည်ခြင်းကိုလစဥ်ပြလုပ်လေ့ရှိသည်။

- မစ္ဆားတရားအတွင်းတရားထောက်ခြင်း၊ ဓမ္မသီချင်းများသီဆိုခြင်း၊ အလှူငွေများကောက်ခံပေးခြင်း၊ ကိုယ်တော်မြတ်ပင့်လိုသူများထံသို့ကိုယ်တော်မြတ်သွားရောက်ပင့်ပေးခြင်းစသော ဆက်ကပ်ခြင်းလုပ်ငန်းများ၌လူငယ်များတက်ကြွစွာပါ၀င်လေ့ရှိသည်။ ခရစ္စမတ်ပွဲတော်ကာလ၌ ခရစ္စမတ်ကယ်ရယ်များသီဆိုခြင်း၊ မိသားစုအပန်းဖြေခရီးထွက်ခြင်းများကိုလည်းစီစဉ်ပေးလျှက်ရှိသည်။

- အလွန်စင်ကြယ်သောမယ်တော်၏နှလုံးတော်' သာသနာအုပ်စု၌လိုအပ်သောအကူအညီများကိုလည်းပါ၀င်ကူညီပေးခြင်း၊ သွေးလှူခြင်း၊ ဆုတောင်းခြင်း၊ ဘုရားကျောင်းပွဲ၌ပါ၀င်ကူညီခြင်း၊ ခရစ္စမတ်အစီအစဉ်များ၌ပါ၀င်ကူညီဆက်ကပ်ပေးခြင်းကိုလည်းပြုလုပ်လေ့ရှိသည်။

- စင်ကာပူဂိုဏ်းချုပ်သာသနာ၏ ရွေ့ပြောင်းအလုပ်သမားများဆိုင်ရာကော်မရှင်၏ဦးဆောင်လမ်းညွှန်ချက်အောက်အတိုင်းလုပ်ဆောင်နေသည်။ အဆိုပါကော်မရှင်မှကြီးမှူးကျင်းပသောသင်တန်းများကိုလည်းတက်ရောက်စေသည်။

- စင်ကာပူရောက်မြန်မာကက်သလစ်ဘာသာတူများသည် နှစ်စဉ်ကျင်းပသောပြောင်းရွေ့အလုပ်သမားများတနင်္ဂနွေ မစ္ဆားနှင့်အစီအစဉ်များ၌လည်းတက်ကြွစွာပါ၀င်လျှက်ရှိသည်။

စင်ကာပူရောက်မြန်မာကက်သလစ်မိသားစု၏မိသားစု၀င်တိုင်းရင်းသားများ
စင်ကာပူရောက်မြန်မာကက်သလစ်မိသားစုအတွင်း၌ နေရာဒေသအလိုက်နီးစပ်ရာ၊ တူညီရာစု၍ အဖွဲ့ (၇) ဖွဲ့ထားသည်။ ၄င်းတို့မှာမြန်မာ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့်ရှမ်းဖြစ်ပါသည်။ မွန်နှင့်ရခိုင်သည်ကက်သလစ်ဘာသာတူဦးရေအလွန်နည်းပါသည်။ ထို့ ကြောင့် မွန်နှင့်ရခိုင်ဘာသာတူတို့အား ကရင်နှင့်မြန်မာအဖွဲ့နှင့်ပေါင်းပေးထားသည်။ ဤအဖွဲ့၌မြန်မာသည် အများဆုံးဖြစ်သည်။

ဤသို့စုဖွဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ ဘုရား၀တ်ပြုခြင်း၌ ဖြစ်စေ၊ လူမှုရေးလုပ်ငန်းများ၊ လုပ်အားပေးခြင်းနှင့်အခြားသောအကူအညီများပေးရန်လိုအပ်လာသည့်အခါမျိုး၌ တစ်လှည့်စီပါ၀င်အား ဖြည့်ပေးရန်ရည်ရွယ်ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံမှဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများအလည်အပတ်ကြွရောက်အားပေးခြင်း နှစ်ပေါင်းများစွာ မြန်မာနိုင်ငံမှဂိုဏ်းချုပ်ဆရာတော်များ၊ ဆရာတော်များ၊ ပြည်တွင်းပြည်ပမှဘုန်းတော်ကြီးများစင်ကာပူရောက်မြန်မာကက်သလစ်မိသားစုအားလာရောက်လည်ပတ်အားပေးခဲ့ပါသည်။ စင်ကာပူနိုင်ငံ၏ကာဒီနယ်သည်လည်း (၂၀၁၃) ဂိုဏ်းချုပ်ဆရာတော်အဖြစ်ရွေးချယ်ခံရပြီးများမကြာမီ၌စင်ကာပူရောက်မြန်မာကက်သလစ်မိသားစုထံသို့ကြွရောက်အားပေးခဲ့သည်။

ဒေသန္တရအဖွဲ့အစည်းများနှင့်ဆက်ဆံရေး

စင်ကာပူရောက်မြန်မာကက်သလစ်မိသား စုများသည် မြန်မာနိုင်ငံသို့သွားရောက်သာသနာပြုနေကြသော စင်ကာပူနိုင်ငံမှသီလရှင်အသင်း၊ ဘာရာသာရ်အသင်းများနှင့်လည်းအလွန်ကောင်းသောဆက်ဆံရေးကိုတည်ဆောက်ထားနိုင်ပါသည်။

လက်ရှိမြန်မာနိုင်ငံ၌သာသနာပြုနေကြသောသူတော်စင်အသင်းများမှာ သူငယ် တော်ယေဇူး၏သီလရှင်များအသင်း၊ ကာလ်မဲလိုက်သီလရှင်အသင်း၊ စိန့်ဂါဘရီအဲယ်ဘာရာသာရ်အသင်းတို့ဖြစ်ကြသည်။

လူမှုရေးနှင့်အပန်းဖြေခြင်း

စင်ကာပူရောက်မြန်မာကက်သလစ်ဘာသာတူများသည် မကြာမကြာဆိုသလို ပညာရှင်များဖြစ်​ ကြသော ရှေ့နေများ၊ အိမ်အကူအလုပ်နှင့်ဆိုင်သောအကြံပေးသူများ၊ ကူညီပေးသူများအားဖိတ်ခေါ်၍ ပညာပေးဟော ပြောပွဲများကိုစီစဉ်ကျင်းပပေးလေ့ရှိသည်။ နှစ်စဉ်အဖွဲ့လိုက် အစီအစဉ်ဆွဲကာ ခင်မင်ရင်းနှီးမှုပိုမိုရှိလာစေရန်ရည်ရွယ်၍ ခရီးထွက်ခြင်း၊ ခရစ္စမတ်ပွဲကိုခမ်းနားစွာကျင်းပခြင်း၊ မိဘများပွဲနေ့၌အဆိုအကများဖြင့်မြှိုင်ဆိုင်စွာကျင်းပကြသည်။ ဤသို့သောအခမ်းအနားမျိုး၌ မိမိတို့၏မအားမလပ်သောအချိန်များကိုဖဲ့၍ တက်ကြွစွာပါ၀င်လေ့ရှိကြသည်။ ဤသို့ဖြင့် မြို့ပြ၏လူနေမှုစနစ်များကြားမွန်းကြပ်နေသောဖိစီးမှုများကိုဖြေလျော့ကုစားလေ့ရှိကြသည်။

လုပ်ဆောင်ချက်

စင်ကာပူရောက်မြန်မာကက်သလစ်မိသား စုဖွဲ့စည်းလှုပ်ရှားရခြင်း၏ရည်ရွယ်ချက်မှာ မိမိတို့၏မွေးရပ်မြေနှင့်‌ေ၀းနေကြသောဘာသာတူများ၏ယုံကြည်ခြင်းနှင့်ဆုတောင်းခြင်းအသက်တာတိုးပွားကြံခိုင်လာစေရန်ဖြစ်ပါသည်။

ဘုရားသခင်၏ကောင်းချီးတော်နှင့်စင်ကာပူ ဂိုဏ်းချုပ်သာသနာ၏အထောက်အပံ့များဖြင့် အကောင်းဆုံးလုပ်ဆောင်နေသကဲ့သို့ ယခုထက်မကပင်လျှင်တိုးမြှင့်လုပ်ဆောင်နိုင်ရန်လည်းမျှော်တွေးလျှက်ရှိပါသည်။

စင်ကာပူရောက်မြန်မာကက်သလစ်ဘာသာတူအဖွဲ့အစည်းသည်‌ငွေစင်ဂျူဗလီနှစ် ပတ်လည်ပင်ကျရောက်ပြီ အထက်က ဆိုခဲ့သည့်အတိုင်း စင်ကာပူရောက်မြန်မာကက်သလစ်အဖွဲ့အစည်းသည် (ဇန္န၀ါရီလ ၂၈၊ ၁၉၉၈) ခုနှစ်ကစတင်ဖွဲ့စည်းခဲ့သည်ဖြစ်ရာ ဘုရားသခင်၏ထိန်းကျောင်းလမ်းညွှန်သောကောင်းချီးကြောင့်လည်း ကောင်း၊ စင်ကာပူဂိုဏ်းချုပ်သာသနာ ၏အားပေးကူညီမှုဖြင့်လည်းကောင်း၊ မြန်မာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏အကူအညီကြောင့်အခက်အခဲများစွာကြုံတွေ့ခဲ့ရသော်လည်း ယနေ့အထိရပ်တည်လာခဲ့သည်မှာ ‌ယခုနှစ် (၂၀၂၃) တွင်ငွေစင်ဂျူဗလီကျင်းပမည့်နှစ်ပတ်လည်သို့ဖြင့်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ထို့ကြောင့် (၂၅) နှစ်ပြည့်နှစ်ပတ်လည်မင်္ဂလာကျေးဇူးတင်မစ္ဆားတရားကို မယ်တော်၏အလွန်စင်ကြယ်သောနှလုံးတော်ဘုရားကျောင်း၌ပင် လာမည့် (ဖေဖော်၀ါရီ ၁၂၊ ၂၀၂၃) ရက်နေ့တွင်ပူဇော်ကြမည်ဖြစ်သည်။ ဤမစ္ဆားတရားကို စင်ကာပူနိုင်ငံ၏ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် William Goh မှ ဦးဆောင်ပူဇော်မည်ဖြစ်သည်။

ဤမစ္ဆားတရားတော်နှင့်အတူ စင်ကာပူရောက်မြန်မာကက်သလစ်မိသားစုများမှ (၂၅) နှစ်တာအတွင်းခံစားခဲ့ရသောကောင်း ချီးအစုစုအတွက်ဘုရားသခင်အားလည်း ကောင်း၊ ကျေးဇူးရှင်၊ အလှူရှင်၊ ဤမိသားစုအားဆက်လက်၍ရှေ့ဆက်နိုင်ရန်အတွက်အဖက်ဖက်မှကူညီလမ်းပြအကြံ ပြုပေးခဲ့ကြ၊ ထိန်းကျောင်းလမ်းညွှန်ပေးခဲ့ကြသူများအားလုံးကိုအထူးကျေးဇူး တင်ပါကြောင်းနှင့်မစ္ဆားတရားအတွင်း၌ လည်းအထူးဆုတောင်းပေးမည်ဟုမှတ် တမ်းပြုလိုက်ရပါသည်။

Written by Edwin Thet Naing
Translated by Fr.Clement Ate
28/12/2022

Add new comment

1 + 0 =