'ခရစ်ယာန်တိုင်းသည် အသက်ကိုသက်သေခံရန်ခေါ်တော်မူခြင်းခံထားရသည်' ဟုပုပ်ဖရန်စစ်မိန့်ကြား

'ခရစ်ယာန်တိုင်းသည် အသက်ကိုသက်သေခံရန်ခေါ်တော်မူခြင်းခံထားရသည်' ဟုပုပ်ဖရန်စစ်မိန့်ကြား

ခရစ်ယာန်များသည် တရားတော်အတွက်သက်သေခံရင်းကွပ်မျက်ခံရသည်အထိကျေးဇူးတော်ကိုခံရန် ခေါ်တော်မူခြင်းမခံရသည့်တိုင်အောင် ခရစ်ယာန်တိုင်းသည် မိမိတို့၏အသက်တာဖြင့်ခရစ္စတူးသခင်ကိုသက်သေခံရမည်ဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် အမိသာသနာ၏သွန်သင်ချက်လမ်းညွှန်ချက်စာအုပ် Lumen Gentium လာသွန်သင်ချက်မှထုတ်နုတ်မီးမောင်းထိုးပြထားခြင်းဖြစ်သည်။ လမ်းညွှန်အချက်မှာ ခရစ်ယာန်တိုင်းသည် မိမိတို့ယုံကြည်ခြင်းကိုအကောင်းဖက်နွယ်သောသက်သေခံချက်ကိုရှင်သန်နေချိန်၌ လည်းကောင်း၊ အသက်ဆုံးရှုံးသည်အထိလည်းကောင်းရှင်သန်ရမည်ဟုဆိုထားပါသည်။

တရားတော်အတွက်ကွပ်မျက်ခံရသည့်ထူးခြားသောကျေးဇူးတော်သည် ခရစ်ယာန်အနည်းစုကိုသာပေးလေ့ရှိသော်လည်း ခရစ်ယာန်တိုင်းသည်မိမိတို့၏ယုံကြည်ခြင်းကိုကမ္ဘာသူကမ္ဘာသားများရှေ့မျက် မှောက်၌သက်သေခံရှင်သန်ရန်အသင့်ရှိနေရမည်။ ညှဉ်းပမ်းနှိပ်စက်ခံရမည့်အခြေအနေမျိုးသို့ဆိုက်ရောက်နေသော်လည်းခရစ်ယာန်များသည်ရင်ဆိုင်ရန်အသင့်ပြင်ထားရမည်။ အဘယ်ကြောင့်ဆိုသော် သာသနာ အတွင်း၌ဤအဖြစ်မျိုးသည်မဖြစ်၊ မရှိဟုယတိပြတ်ပြော၍မရပေ။ အဘယ်ကြောင့်ဆိုသော် ခရစ္စတူးသခင်၏ကားတိုင်တော်လမ်းကိုလျှောက်နေသောကြောင့်ဖြစ်ပါသည်။

ခရစ်ယာန်တို့အားညှဉ်းပမ်းနှိပ်စက်သည့်အခြေအနေသည် အတိတ်ကဖြစ်ရပ်ဟုသာသတ်မှတ်၍မရပေ။ ခရစ်ယာန်တိုင်းသည် အသက်ကိုသက်သေခံရန်ခေါ်တော်မူခြင်းခံရသူများဖြစ်ကြောင်း တရားတော်အတွက်အသက်စွန့်ခဲ့ကြသောဓမ္မအာဇာနည်တို့ကပြသခဲ့ကြသည်။ တရားတော်ကိုသက်သေခံရာ၌ သွေးမြေကျသည်အထိဖိနှိပ် ညှဉ်းဆဲမှုများမရှိသော်လည်း သူတို့ကိုယ်ကို ဘုရားသခင်နှင့်၄င်းတို့နှင့်နီးစပ်သူများအတွက်လက်ဆောင်မွန်၊ ၄င်းတို့၏ဘ၀အသက်တာကိုကြည့်၍ ယေဇူးသခင်အားပုံတုယူတတ်စေရန်ဖြစ်ရမည်။

ရဟန်းမင်းကြီးဖရန်စစ်၏ ယခုနှစ်အတွက် ဗုဒ္ဓဟူးနေ့တိုင်း၏ထောက်ရှုချက်ခေါင်းစဉ်မှာ ‘the passion for evangelization’ (ဧ၀ံဂေလိတရားဟောကြားရန်စိတ်ပြင်းပြမှု) ဖြစ်သည်။ အဆိုပါခေါင်းစဉ်နှင့်စပ်လျင်း၍ ဧပြီလ (၁၉) ရက်နေ့ထောက်ရှုရာတွင် ‘ဧ၀ံဂေလိတရားတော်ကိုဟောပြောရာ၌ သွေးမြေခခြင်းနှင့်အခြားသူများအားခရစ်ယာန်ယုံကြည်ခြင်းကိုသက်သေပြခြင်း’ အကြောင်းကိုမိန့်ကြားခဲ့သည်။

ယေဇူးသခင်အားသက်သေခံခဲ့သည့်အတွက် သွေးမြေခခဲ့ကြသောအမျိုးသား၊ အမျိုးသမီးများသည် သာ သနာ၏ရာစုတိုင်း၊ နေရာတိုင်း၊ လူမျိုတိုင်း၊ အရွယ်တိုင်း၌ရှိခဲ့သည်။ ယေဇူးသခင်၏အနီးကပ်တပည့် တော်ကြီးများမျိုးဆက်လွန်လေပြီးသောအခါ ရှေးဦးခရစ်ယာန်တို့၏တရားတော်အတွက်သက်သေခံခြင်းသည် လွန်စွာအခရာကျခဲ့သည်။ ‘ဓမ္မအာဇာနည်’ ဟူသောစကားလုံးသည် ဂရိဘာသာစကား ‘martyria’ မှဆင်းသက်လာခြင်းဖြစ်ပြီး ဆိုလိုရင်းမှာ ‘သက်သေခံခြင်း’ ဖြစ်သည်။ တရားတော်အတွက်ကွပ်မျက်ခံရခြင်းသည် တစ်ကိုယ်တော်သူရဲကောင်းဇာတ်ကခြင်းမဟုတ်။ တစ်ဦးတည်းခံထမ်းသည်မှန်သော်လည်း သူ၏ရလာဒ်ကား ဘုရားသခင်၏စပျစ်ဥယျာဉ်နှင့်တူသောသာသနာတော်ကြီးအတွက်အထွက်တိုးစေသောအသီးများကိုရိတ်သိမ်းစေသည်။

ခရစ်ယာန်များသည် မစ္ဆားတရား၌စိတ်အားထက်သန်စွာပါ၀င်ပူဇော်ခြင်းဖြင့်ထိုနက်နဲသောချစ်ခြင်းအသက်တာကိုအခြေခံသောစိတ်ကိုမွေးမြူလာနိုင်မည်။ ထိုချစ်ခြင်းကား ယေဇူးသခင်သည်သူ၏ အသက်ကိုလူသားများအားချစ်သောကြောင့်ပေးဆပ်ခဲ့သည်။ ထို့ကြောင့်ကျွန်ုပ်တို့သည်လည်း ယေဇူးသခင်ကိုချစ်သောကြောင့် ကျွန်ုပ်တို့၏အသက်ကိုသူ့အတွက်နှင့်ကျွန်ုပ်တို့ညီအစ်ကိုမောင်နှမများအတွက်ပြန်လည်ပေးသင့်ကြောင်း၊ ကက်သလစ်ခရစ်ယာန်များအနေဖြင့် လွန်လာခဲ့သည့် နှစ် (၂၀၀၀) ကျော်ကာ လအတွင်းအမိသာသနာတော်ကြီးအတွင်း၌ ခရစ္စတူးသခင်အတွက်အသက်ကိုပေးဆပ်ခဲ့ကြသောအမျိုး သား၊ အမျိုးသမီးများစွာကိုပြန်လည်အမှတ်ရသင့်သည်။ အထူးသဖြင့်မျက်မှောက်ကာလ၏ဓမ္မအာဇာ နည်များကိုလည်းသတိရသင့်သည်။ Lumen Gentium ဟုခေါ်သော သာသနာပြုလမ်းညွှန်စာအုပ်၌ ‘အမိသာသနာတော်ကြီးသည် တရားတော်အတွက်ကွပ်မျက်ခံရသောဓမ္မအာဇာနည်များကို အလွန်ထူးခြားသောကောင်းချီးတော်၊ အလွန်ပြည့်၀စုံလင်လှသောချစ်ခြင်းမေတ္တာ၏ပြယုဂ်ဖြစ်သည်။ တရားတော်အတွက်ကွပ်မျက်ခံ ရသည့်အသက်တာအားဖြင့် တပည့်သည် ဆရာသမား၏နက်နဲသောအသက်တာ၌လွတ်လပ်စွာအသွင်ပြောင်းခံယူခြင်းဖြစ်သည်။ ဤသို့ခံယူခြင်းမှာ အကြောင်းမဲ့မဟုတ်။ ကမ္ဘာကြီး၏ကယ်တင်ခြင်းအတွက်ဖြစ်သကဲ့သို့ တပည့်သည်လည်းဆရာသခင်ကဲ့သို့ သွေးမြေခ၍ခရစ္စတူးနှင့်ပုံတူသွားစေခြင်းဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည်‌ ရှေးယခင်ကဓမ္မအာဇာနည်များအကြောင်းကိုသာတမ်းတမ်းတတမိန့်ကြားရုံမဟုတ်ဘဲ မျက်မှောက်ကာလ၌အချို့နိုင်ငံမှသာသနာနယ်များတွင် မိမိတို့၏ယုံကြည်ခြင်းအတွက်သက်စွန့်နေကြသည့်ဓမ္မအာနည်များအကြောင်း အထူးသဖြင့် (၁၉၉၈) ယေမင်နိုင်ငံ၌မာသာရ်ထရေးဇာ၏သီလရှင် (၃) ပါးဖြစ်ကြသောစ္စစတာရ် Aletta၊ စ္စစတာရ် Zelia၊ စ္စစတာရ် Michael တို့သည် မစ္ဆားတရားပါ၀င်ပူဇော်ပြီး မိမိတို့ကျောင်းတိုက်သို့အပြန်တွင် လူမဆန်စွာသေနတ်ဖြင့်ပစ်သတ်ခံခဲ့ကြရကြောင်း၊ ထို့အတူ (၂၀၁၆ မတ်လ) ၌လည်း ယေမင်နိုင်ငံ၊ Aden မြို့၌သာသနာပြုနေသောမာသာရ်ထရေးဇာ၏သီလရှင်များအားတိုက်ခိုက်စဉ် သေနတ်သမားတို့သည် ပြည်သူ (၁၆) ဦးအားပစ်ခတ်သတ်ဖြတ်ခဲ့ရာ စ္စစတာရ် (၄) ပါးလည်းအသက်ဆုံးရှုံးခဲ့ရသည်။ ထိုပစ်ခတ်သတ်ဖြတ်မှု၌ သာသနာပြုကက်သလစ်ဘုန်းတော်ကြီးom Uzhunnalilမှာပြန်ပေးဆွဲခံခဲ့ရပြီး ပြန်ပေးဆွဲသူတို့၏လက်ထဲ၌ (၁၈) လကြာနေထိုင်ခဲ့ရပြီးနောက် (၂၀၁၇ စက်တင်ဘာလ) တွင်ပြန်လည်လွှတ်မြောက်လာခဲ့ကြောင်း၊ ထို (၂၀၁၆) ပစ်ခတ်မှု၌ အသက်ဆုံးရှုံးခဲ့ရသူများအနက် စ္စစတာရ်တို့နှင့်လက်တွဲ၍ကရုဏာရေးလုပ်ငန်များကိုလုပ်ကိုင်နေသောမွတ်စလင်ဘာသာ၀င်များလည်းပါကြောင်း၊ ဤသွေးမြေခသောဖြစ်ရပ်များသည် မတရားမှုများကြောင့်ဖြစ်ရသောကြောင့် ထိုအခြေအနေကိုတွန်းလှန်ရန်အတွက် ဘာသာမတူသော်လည်း ပြည်သူများအချင်း ချင်းသွေးစည်းပူးပေါင်း၍ဆန့်ကျင်တွန်းလှန်နေကြကြောင်း၊ ဘုရားသခင်၏နာမတော်ကိုချနင်း၍လူ့အသက်ကိုသတ်ပိုင်ခွင့်မရှိကြောင်း၊ မည်သည့်ဘာသာမျှလည်းခွင့်မပြုပိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၌တစ်အူတုံဆင်းညီအစ်ကိုမောင်နှမများဖြစ်ကြကြောင်း၊ သို့ သော်အခြားသူများ၏အသက်အတွက်မိမိ၏အသက်ကိုမူပေးနိုင်ကြောင်း၊ ထို့ကြောင့်ဧ၀ံဂေလိတရားတော်ကို စိန်ခေါ်မှုများကြုံရသည့်အခြေအနေမျိုးလည်း မကြောက်မရွံ့၊ မမောမပမ်းသက်သေခံနိုင်ရန်ဆုတောင်းကြပါစို့။ တရားတော်အတွက်အသက်ပေးဆပ်ခဲ့ကြသော ဓမ္မအာဇာနည်များအားလုံး၏သွေးများသည် လူသားများကြား ငြိမ်းချမ်းရေးနှင့်ကြေအေးသင့်မြတ်ရေး၊ လူသားဆန်ပြီးညီအစ်ကိုရင်းချာပမာ နေထိုင်သောကမ္ဘာကြီးအဖြစ်လည်းကောင်း၊ ကျွန်ုပ်တို့စောင့်စားနေသော လူသားတိုင်း၌ဘုရားသခင်ကိန်းအောင်းနေကြောင်းမြင်တွေ့နိုင်သည့် ကောင်းကင်နိုင်ငံတော်ကိုပြည့်၀စွာဖော်ပြမည့်မျိုးစေ့များဖြစ်ကြစေရန်ဆုတောင်းကြပါစို့ဟုတိုက်တွန်းရင်း ထောက်ရူချက်ကိုအဆုံးသတ်ခဲ့သည်။ CNA

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/41YdIqs

Add new comment

7 + 0 =