ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဆင်းရဲသားများနေ့

ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဆင်းရဲသားများနေ့

ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဆင်းရဲသားများနေ့

နိုဝင်ဘာလ ၁၈၊ ၂၀၁၈

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က ၃၃ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၈ ရက်နေ့ကို ကမ္ဘာ့ ဆင်းရဲသားများနေ့ အဖြစ် ကျင်းပဖို့ သတ်မှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ပထမအကြိမ် ပြုလုပ်ခဲ့တာဖြစ်ပြီး ယခုနှစ်မှာတော့ ဒုတိယ အကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါတယ်။ ကမ္ဘာ့ဆင်းရဲသားများနေ့ နဲ့ ပတ်သက်ပြီး အရှင်သူမြတ်က ၂၀၁၈ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ကတည်းက သတင်းစကား သ၀ဏ်လွှာထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာ့ဆင်းရဲသားများနေ့ အတွက် အခြေပြု ကျမ်းစကားကတော့ “ဆင်းရဲသော သူ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရားသည် နားညောင်းတော်မူ၏” (ဆာလံကျမ်း ၃၄း ၆) ဖြစ်ပါတယ်။ အရှင်သူမြတ်ရဲ့ သတင်း စကားကို အကျဉ်းချုပ် ဝေမျှပေးလိုက်ပါတယ်။

ဆင်းရဲသော သူ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရားသည် နားညောင်းတော်မူ၏ ဆိုတဲ့ ဆာလံကျမ်း စကားက ကျွန်ုပ်တို့အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဆင်းရဲသားလို့ လူတွေ သတ်မှတ်ထားတဲ့ ကျွန်ုပ် တို့ရဲ့ ညီအစ်ကိုမောင်နှမတွေ ခက်ခဲ ဒုက္ခ ရောက်ကြရတဲ့ ဘယ်အခြေအနေမှာ မဆို အကူညီခေါ်တလိုက်တိုင်း ကျွန်ုပ်တို့ဖက်က တုန့်ပြန်ထိတွေ့ဖို့ လိုပါတယ်။ ဆာလံကျမ်းရေးဖွဲ့တဲ့သူက ဆင်းရဲခြင်း ဝေဒနာကို တော်တော်ကြီး သဘောပေါက်တဲ့ သူဖြစ်လိမ့်မယ်။ ဆင်းရဲခြင်းဆိုတာကို ပြင်းပြင်းထန်ထန်ခံစားရလွန်းလို့ ဝေဒနာ မဖြေသာတဲ့ အဆုံး ဆာလံ သီချင်းတောင် ဖွဲ့သီလိုက်တာကိုပဲ ကြည့်တော့။ ယနေ့ခေတ်မှာလည်း ကျွန်ုပ်တို့ ပတ်ဝန်းကျင် မှာ အမျိုးမျိုးသော ဆင်းရဲ ဒုက္ခတွေ ကြုံတွေ့ခံစားနေကြရတယ်။ ဒီ ဆာလံကျမ်းက ကျွန်ုပ်တို့ရဲ့ မျက်စိတွေ၊ နားတွေဖွင့်ပြီး သူတို့ရဲ့ ငိုကြွေး သံကို နား​ထောင်
ကာ လိုအပ်နေတဲ့ အကူညီတွေကို ပေးဖို့ တွန်အားပေးနေပါ တယ်။

ဆာလံ ၃၄ မှာ ဘုရားသခင်နဲ့ ဆင်းရဲသားတစ်ယောက်ရဲ့ ဆက်နွယ် ပတ်သက်မှုကို ဖော်ပြထားတာ တွေ့ရတယ်။ ပထမချက်အနေနဲ့ ဆင်းရဲသားက “ငိုကြွေး”တယ်လို့ ဆိုထားပါတယ်။ ဆင်းရဲခြင်းဆိုတာကို စကားလုံး​တွေနဲ့ ပြောပြဖို့ ခက်ခဲလွန်းလှပါတယ်။ စကားတွေနဲ့ မပြောပြနိုင်တော့တဲ့အဆုံး စကားလုံးမဲ့ မျက်ရည်တွေနဲ့ ငိုကြွေးပစ်လိုက်တယ်။ အဲ့ဒီငိုကြွေးသံက ကောင်းကင်ရှိ ထာဝရဘုရားရဲ့ နားတော်ထိတိုင် ရောက်ရှိပါတယ်။ ဆင်းရဲသူရဲ့ ငိုကြွေးခြင်းက သူတို့ရဲ့ ဝေဒနာတွေ၊ စိတ်ဓါတ်ကျခြင်းတွေ၊ မျှော်လင့်ချက်တွေ ကို စကားအဖြစ် ဖော်ထုတ်ပေးလိုက်ပါတယ်။ ဒီအသံတွေကို ဘုရား နားထောင်ပေမဲ့ ကျွန်ုပ်တို့ရဲ့ နားတွေကတော့ အေးစက်လွန်းလို့ နေတယ်။ တကယ်ပဲ ဆင်းရဲသားတွေရဲ့ ငိုကြွေးသံကို ကျွန်ုပ်တို့တွေ မကြား နိုင်ကြတော့ဘူးလား။ သူတို့ရဲ့ အသံကို ကြားနိုင်ဖို့ အရင်ဆုံးလုပ်ရမှာက နားထောင်တတ်ဖို့ တိတ်ဆိတ်စွာလေး နေလိုက်ပါ။ စကားတွေ အရမ်းပြောလွန်းရင် မကြားနိုင်ပဲ နေလိမ့်မယ်။ တချို့လူမှုအဖွဲ့စည်းတွေ ရှိတယ်။ ဆင်းရဲသားတွေ အတွက် လုပ်ဆောင်ကြတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေက ဆင်းရဲသားတွေရဲ့ ငိုကြွေးသံကို တကယ်ပဲ တိတ်စေလား။ ဒါမှမဟုတ် ဒီလုပ်ငန်းတွေအားဖြင့် မိမိကိုယ်ကို မိမိ သာယာနေတာလား။ ဒီလိုဆိုရင်တော့ ဆင်းရဲသားတွေရဲ့ အော်ဟစ်သံက ပဲ့တင်ထပ်လို့ ညံနေဦးမှာပဲ။ ဆင်းရဲသားတွေရဲ့ အသံကို သေချာနားထောင်ပြီး ဖြည့်ဆည်းပေးရပါမယ်။

ဒုတိယအချက်အနေနဲ့ ဆာလံ ၃၄ မှာတွေ့ရတာက ဘုရားသခင် နားညောင်းတယ် ဆိုတဲ့ အချက်ပဲ။ နားထောင်တာနဲ့ နားညောင်းတာ မတူပါဘူး။ နားညောင်းခြင်းမှာ တုန့်ပြန်ဖြည့်ဆည်းပေးခြင်းပါတယ်။ ဘုရားက နားထောင်ရုံတင်မက တုန့်ပြန်ဖြည့်ဆည်းပေးတဲ့ သဘော သက်ရောက်ပါတယ်။ ဘုရားရဲ့ တုန့်ပြန်ချက်က ဆင်းရဲသားတွေနဲ့ ဝေမျှပေးခြင်း ဖြစ်ပါတယ်။ ဘုရားရဲ့တုန့်ပြန်ချက်က ကယ်တင်ပေးခြင်းဖြစ်ပါတယ်။ ၀ိညာဉ် နဲ့ ခန္ဓာ ဒဏ်ရာ ရနေတဲ့သူတွေကို ကုသပေးတယ်။ မတရားမှုတွေကြားမှ တရားမျှတမှုကို ဆောင်ကျဉ်းပေးတယ်။ ဘ၀ကို လူ့ဂုဏ်သိက္ခာနဲ့ အညီနေနိုင်အောင် ကျေးဇူးတော်တွေ ပေးတယ်။ ဘုရားက ကယ်တင်ခြင်းသမိုင်း တစ်လျှောက်ကနေ ယနေ့ထိတိုင် သူ လုပ်ဆောင်နေသလို ဘုရားရှင်အား ယုံကြည်သက်ဝင်သူတိုင်းကိုလည်း ထိုနည်းတူ လုပ်ဆောင်ကြဖို့ ဖိတ်ခေါ်နေတာဟာ ဘုရားရှင်ဖြေကြားတဲ့ တုန့်ပြန်ချက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဆင်းရဲသားများနေ့ကို ကျင်းပခြင်းအားဖြင့် ကမ္ဘာတ၀ှမ်းမှာ ရှိတဲ့ ဘုရားသားသမီးတိုင်းက ဆင်းရဲသားတွေရဲ့ ငိုကြွေးသံကို ကြင်နာစွာ ဖေးမ ဖြေသိမ့်ပေးဖို့ ရည်ရွယ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ကြင်နာမှု အသေးလေးက ဆင်းရဲသားတွေရဲ့ ကန္တာရမှာ အိုအေစစ်သဖွယ် ရေကြည်တစ်ပေါက်နဲ့ တူပါတယ်။ အထောက်ပံ့တွေ အဝေးကနေ ပေးပို့တာထက် ကိုယ်တိုင်ကိုကျ သူတို့နဲ့ အတူရှိပေးတာကို ဆင်းရဲသားတွေ ပို တောင့်တပါတယ်။ လူကို လူလို မြင်ပြီး လူထဲကလူအဖြစ် တစ်သားတည်း ရှိချင်တာဟာ သူတို့ရဲ့ ဆန္ဒတစ်ခုပါ။

တတိယအချက်အနေနဲ့ ဆာလံ ၃၄ ကို ဆက်ဖတ်ကြည့်ရင် ဆင်းရဲသော သူ၏ အော်ဟစ်ခြင်း အသံကို ထာဝရဘုရားသည် နားညောင်းတော်မူ၍ ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွတ်တော်မူတယ် လို့ ဆိုထားတာကို တွေ့ရပါတယ်။ လွတ်မြောက်ခြင်းဆိုတဲ့ စကားက အဓိပ္ပါယ်ရှိတယ်။ ဆင်းရဲခြင်းဆိုတာကို ဘယ်သူမှ လိုလား တောင့်တကြတာ မဟုတ်။ လူတွေရဲ့ အတ္တ၊ မာန၊ လောဘ၊ တရားမမျှတခြင်းတွေကြောင့် ဆင်းရဲခြင်းက ဖြစ်ပေါ်လာတယ်။ လူသမိုင်းအစကတည်းက ဆင်းရဲခြင်းဆိုတာကလည်း ရှောင်လွဲမရတဲ့ မကောင်းမှု တစ်ခုအဖြစ် တွယ်ကပ်နေခဲ့ပါတယ်။ အပြစ်ကြောင့်လည်း ဆင်းရဲခြင်း ခံရတာလည်း ရှိတယ်။ အပြစ်မဲ့တဲ့သူတွေ ဆင်းရဲခြင်း ကြုံတွေ့ရတာတော့ တကယ့်ကို စိတ်မကောင်းစရာပါပဲ။ ဒီလို ကြုံတွေ့နေရတဲ့ ဆင်းရဲခပ်သိမ်းထဲကနေ အော်ဟစ်တောင်းလျှောက်တဲ့ ဆင်းရဲသားရဲ့ အသံကို ဘုရားရှင်က ကယ်လွှတ်ပေး ခဲ့ပါတယ်။ ဆင်းရဲခြင်း အချုပ်အနှောင်ကနေ ဘုရားရှင်က လွတ်မြောက်စေပါတယ်။ ဘုရားရဲ့ မျက်နှာကို ဆင်းရဲသားတွေမှာ ရှာတွေ့သူဟာ ဘုရားရှင်ကို တကယ်သိတဲ့ သူပါ။ ဆင်းရဲသူကို နေရာ တစ်နေရာစာ ပေးလိုက်တာဟာ ကျောတစ်နေရာ ချစရာ မရှိတဲ့ ဒုက္ခကနေ လွတ်မြောက်စေခြင်းဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ ကယ်တင်ခြင်းဆိုတာ ဆင်းရဲသားကို ကမ်းတဲ့ လက်တွေ၊ အကူညီလိုသူကို ကြိုဆို ဖေးမတဲ့ လက် တွေပဲဖြစ်ပါတယ်။ ချုပ်နှောင်ခံသူ လွတ်ခြင်းပေးဖို့၊ ရေငတ်သူကို သောက်စရာပေးဖို့၊ ဆာလောင်သူကို ကျွေးမွေးဖို့ ကျွနု်ပ်တို့ ခရစ်ယာန်တွေက ဘုရားသခင်ရဲ့ အသုံတော်ခံတွေ ဖြစ်ဖို့ လိုပါတယ်။

ဆင်းရဲသားတွေကို မျက်မမြင် ဘာတီမေးဦးနဲ့ ခိုင်းနှိုင်းပြောဆိုလေ့ရှိတာကို ကျွန်ုပ်အနေနဲ့ မကြာခဏ တွေ့ရတယ်။ မျက်မမြင်ဘာတီမေဦးက လမ်းဘေးမှာ ထိုင်ပြီးတောင်းတဲ့သူ။ ခရစ်တော်ကြွလာမှန်း ကြာသိတဲ့ အခါ ၀မ်းသာခြင်းကြီးစွာနဲ့ အော်ဟစ် အကူညီတောင်းခဲ့တယ်။ ဘေးနားကလူတွေက တိတ်တိတ်နေဖို့ မာန်မဲ ကြတာလည်းရှိတယ်။ မျက်မမြင် ဘာတီမေဦးက သူ အခြေခံ အလိုအပ်ဆုံးအရာကို တောင်းလျှောက်ခဲ့တယ်။ အလင်းရှိမှ သူ့ဘ၀ ရပ်တည်နိုင်မှာလေ။ အခြေခံလိုအပ်မှုတွေ ဆုံးရှုံးနေကြရသူတွေ ဒီဖက်ခေတ်မှာ ဘယ်လောက်တောင် ရှိနေကြပြီလဲ။ ၀မ်းနည်းစရာကောင်းတာတစ်ခုက ဆင်းရဲသားတွေရဲ့ အသံဟာ ဆူပူ ငေါက်ငမ်းခြင်းတွေနဲ့ တိတ်ဆိတ်သွားရခြင်းပါပဲ။ အကူညီလိုလို့ အော်ချင်ရင်တောင် မအော်ရဲတဲ့ ဘ၀တွေ။ အသံမဲ့နေတဲ့ ဘ၀တွေ ဘယ်လောက်တောင် များနေပြီလဲ။ ဆင်းရဲသောသူဟာ ဘုရားရဲ့ တည်ရှိခြင်းကို အရင်ဆုံး အသိမှတ်ပြုတတ်ကြသူတွေဖြစ်တယ်။ အားကိုး စရာ တခြားမရှိတဲ့အတွက် ​ဘုရားနဲ့ ဆင်းရဲသား သိပ်ကို နီးစပ်လွန်းတယ်။ ဘုရားရှင်ကလည်း သူ့ရဲ့ ကတိကို သစ္စာရှိတယ်။ ဆင်းရဲသားတွေကို ကူညီဖို့ ရက်ရောသူတွေ စေလွှတ်ပေးတယ်။ စာနာ ဝေမျှ ချစ်တတ်အောင် လူတွေရဲ့ နှလုံးသားတွေကို တံခါးဖွင့်ပေးနေဆဲပါ။ ဆင်းရဲသားတွေကို ပြည့်ဝအောင် ကျွေးမွေးစောင့်ရှောက် ပေးနေမြဲပါ။

ပြီးခဲ့တဲ့နှစ်က သာသနာတော်တော်များများမှာ ကမ္ဘာ့ဆင်းရဲသားများနေ့ကို စတင်ကျင်းပခဲ့ကြပြီး ရလဒ် ကောင်းတွေ ထွက်လာတာကို တွေ့ခဲ့ရတယ်။ ဆင်းရဲသားတွေနဲ့ ထပ်တူ နွေးထွေးပျော်ရွှင်စွာ ဝေမျှခဲ့ကြတယ်။ ဒီနှစ်မှာလည်းပဲ ဆင်းရဲသားတွေနဲ့ ပျော်ရွှင်စွာ အတူရှိစေချင်ပါတယ်။ အစေခံခြင်းတွေနဲ့ မေတ္တာတရားကို ဖော်ထုတ်စေချင်ပါတယ်။ ကူညီဖို့ ဆန့်ထုတ်လိုက်တဲ့ သင့်ရဲ့ လက်တစ်စုံမှာ ဘုရားရဲ့ ကယ်တင်ခြင်းလည်း ရှိနေပါတယ်။

 
#pope, #vatican, #poor, #thikoshin, #peterkm
Photo credit to vatican news
ဘာသာပြန်ဆိုသူ သီကိုရှင်း
 
 
 
 

Add new comment

1 + 1 =