အောင်မြင်သောယောကျာ်းကောင်းတစ်ယောက်

 

ဒီနေ့ သီရိဂေဟာကဏ္ဍမှာ အောင်မြင်သောယောကျာ်းကောင်းတစ်ယောက်ဆိုသော ခေါင်းစဉ်နှင့် တင်ဆက်ပေးပါ့မယ်ရှင်။ဘဝရဲ့ အရေးကြီးသော အစိတ်အပိုင်းများပြုပြင်ပြောင်းလဲလိုတဲ့ ယောကျာ်းသားများအတွက် ကျွန်မဒီနေ့တင်ဆက်ပေးပါ့မယ်။ပထမဆုံးအနေနဲ့ကတော့ ဇနီးမယားနှင့်ဆက်ဆံရေး၊သားသမီးနှင့်ဆက်ဆံရေး၊ သူစိမ်းယောကျာ်းသားများနှင့် ဆက်ဆံ ရေး၊ မိဘညီအစ်ကိုမောင်နှမများနှင့်ဆက်ဆံရေးတွေဟာ ဘဝမှာ အထူးအရေးကြီးတဲ့ အချက်တွေပါပဲ။ ဒါ့အပြင် မိမိလုပ်ငန်းခွင်နှင့်ဆက်ဆံရေး၊ ငွေကြေးဆက်ဆံရေး၊မိမိနေထိုင်ရာ လူမှုပတ်ဝန်းကျင်နှင့်ဆက်ဆံရေးများကလည်း အဓိကကျလှပါတယ်။ လူ့လောကဘဝ ဇာတ်ခုံမှာ ကျင်လည်ကြရတဲ့အခါ ဒီအိမ်ထောင်ဦးစီးများဟာ မိမိခန္ဓာကိုယ်နှင့်တကွမိမိနေထိုင် ရာ လူမှုပတ်ဝန်းကျင်နှင့်ဆက်ဆံကြရတဲ့ အခါတွေမှာ မိမိကိုယ်မိမိ အိုမင်းမစွမ်း ဖြစ်သလို ခံစားရတာဖြစ်စေ၊ တာဝန်ဝတ္တရားများ ဖိစီးခံစားရတာဖြစ်စေ၊ အတွေးသစ်တွေဝင်လာတဲ့ အခါမှာ မိမိတို့ ဆင်ခြင်ရအောင် တင်ပြရတာပါ။မိမိဟာ အိမ်ထောင်ဦးစီးတစ်ဦးဖြစ်တဲ့အတွက် အောက်ခြေမလွတ်ဖို့ကလည်းအရေးကြီးလှပါတယ်။ဘာဖြစ်လိုလည်းဆိုရင် မိမိဟာ မိသားစုတစ်ခုလုံးက မိမိအပေါ် မှီခိုနေကြတာပါ။ငွေရေးကြေးရေးကအစ အိမ်ထောင်တစ်ခုရဲ့ အုပ်ချုပ်မှု၊ အိမ်ထောင်ရဲ့ ဖြစ်ပေါ်လာမည့် အကောင်းအဆိုးအားလုံးတွေဟာ မိမိအပေါ်မှာပဲမူတည်တာပါ။ မိမိက ဒေါသကြီးမယ်၊ ငါဟာအိမ်ထောင်ဦးစီးပဲ ငါလုပ်ရင်ဘာမဆိုုဖြစ်တယ်ဆိုပြီးမာနထားခဲ့ရင် ဒါတွေကို ခွာချဖို့ ကြိုးစားရပါမယ်။ဒီတော့ တခြားအိမ်ထောင်ဦးစီးတွေထဲကနေ လေ့လာပြီး နီးနာယူရပါမယ်။ ဖြစ်လာတဲ့ တွေ့ကြုံလာရတဲ့ ပြဿနာတွေကို စိုးရိမ်သောကများပြီး အကျယ်ချဲ့ခြင်းကနေ ရှောင်ရပါမယ်။ ယောကျ်ားတစ်ယောက်ဖြစ်ပေမဲ့ မိမိ မိခင်ငယ်စဉ်က အတွေ့အကြုံများ မေးမြန်းပြီး ဘဝသင်ခန်းစာယူတတ်ရပါမယ်။ သားအမိချင်း ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေဖို့ဘဲဖြစ်ပါ တယ်။ ဒီလို မိမိ မိခင်နှင့် ဆက်ဆံခြင်းအားဖြင့် မိမိဇနီးမယား၊ ဒါမှမဟုတ် အခြားအမျိုးသမီး များနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လာဖို့အတွက် အထောက်အပံ့ဖြစ်ပါလိမ့်မယ်။ ကိုယ့်မိခင်ကို နေ့လည်စာ၊ ဒါမှမဟုတ်လည်း ညစာများကျွေးမွေးပြီး သူတို့ရဲ့ ဘဝဇာတ်လမ်း သူ့ရဲ့အတွေ့ အကြုံလေးတွေကို ပြန်ပြောပြဖို့ တောင်းခံရပါမယ်။ နောက်အရေးကြီးတဲ့ အချက်တစ်ချက်က မိမိဇနီးမယားကို သားသမီးတွေရှေ့မှာ အမွှန်းတင်ချီးမွမ်းပေးရပါမယ်။ ဒါမှသာ သားသမီးတို့က မိခင်၊ ဖခင်တို့အပေါ်မှာ ရိုသေချစ်ခင်ပြီးတော့ မိဘစကားနားထောင်တတ်တဲ့ သားသမီးလေး တွေဖြစ်လာမှာပါရှင်။
    သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့လည်း ရယ်စရာ၊ မောစရာ စကားလေး တွေပြောရင်း သောကလေးတွေကို လျော့ပါးစေဖို့ လုပ်ပေးရပါအုံးမယ်။ ဒါမှသာ ပြဿနာ အရှုပ်အထွေးတွေ ပြေလည်စေဖို့ တွေ့ဆုံပြောဆိုကြရမှာပါ။ မိမိဟာ သူတစ်ပါးအပေါ် မတော် မတရားပြုမိမှားခြင်းရှိခဲ့ရင် ဒါမှမဟုတ်ရင်လည်း မရှိဘူးဆိုရင် မိမိနှလုံးသားက သိမြင်မှာပါ။ ဒီသဘောဖြစ်ရပ်တွေကို မိမိသိတယ်ဆိုတာ ဝန်ခံချက်ပြုဖို့ အရေးကြီးလှပါတယ်ရှင်။ ဒီအိမ် ထောင်ဦးစီးဟာ မိမိရဲ့ ဖခင်နဲ့လည်း ဆက်ဆံရေးချောမောပြေပြစ်အောင် ဆောင်ရွက်ရပါမယ်။ ကိုယ်ချစ်ခင်သူများနဲ့လည်း ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်အောင် ကြိုးစားကြရပါမယ်။ ကိုယ့်ရဲ့ ဘဝကြင်ဖော်၊ ကိုယ့်ရဲ့ ရင်သွေးလေးတွေနဲ့လည်း မိသားစုနှင့်အတူ လောကဓံကို ရင်ဆိုင်ကြရ ပါမယ်။ ကိုယ့်သားသမီးလေးတွေနဲ့ မိမိကိုဖခင်တော်စပ်ရတာ ဘာနဲ့အလားသဏ္ဍာန်တူသလဲ ဆိုတာကို သူတို့လေးတွေကိုမေးပြီး အဖြေယူပါလို့ ဆိုချင်ပါတယ်။ မိမိအိမ်ထောင်ဖက်အပေါ် ယုယကြင်နာမှုတွေပေးရပါမယ်။ သူတို့နှင့်အတူတကွ ဆွေးနွေးတိုင်ပင်ပြီးတော့ အနာဂတ်ဘဝ ခရီးကိုဖန်တီးယူရပါမယ်။ အနာဂတ်မှာ ဘာဖြစ်ချင်သလဲဆိုတဲ့အမြင်တစ်ခု မရှိခဲ့ဘူးဆိုရင် မိမိနှစ်သက်လိုလားမှုမရှိတဲ့ အနာဂတ်တစ်ခုကို ရည်ရွယ်ချက်ကင်းမဲ့စွာနဲ့ မျှောပါသွားပါလိမ့် မယ်ရှင်
    သောတရှင်များရှင် မိမိရဲ့ဘဝခရီးဖော်နဲ့အတူ ချမ်းမြေ့စိတ်ငြိမ်ရာတစ်နေရာမှာ အနာဂတ်ဘဝပုံရိပ်ကို ရုပ်လုံးဖေါ်ဖို့ တိုင်ပင်ကြည့်ရပါမယ်။ လူ့ဘဝရဲ့ အတတ်နဲ့အကျကာလ တွေကိုလည်း အမြဲပဲ ဆင်ခြင်တတ်ကြရပါမယ်။ အခြားသူများရဲ့ ပြဿနာနဲ့ ခံစားချက်များကို ပိုမိုပြီး သဘောပေါက်အောင်၊ နားလည်အောင်၊ မိမိကိုယ်တိုင်ကဘဲ ဦးဆောင်ပြီး လေ့လာပြီး ဖြေရှင်းပေရမှာပါ။ မိမိနဲ့ မိမိဘဝခရီးဖော်တို့ဟာ သားသမီးတွေကို စောင့်ရှောက်တဲ့အခါမှာ အိမ်ထောင်ကိစ္စအဝဝကို အစီအစဉ်များချမှတ်ပြီး လုပ်ကြရမှာပါ။ အကြင်နာတရားရှိတယ််ဆို တာကိုလည်း ပြတတ်ဖို့လည်း အထူးလိုပါသေးတယ်။ ကိုယ့်မိသားစု၊ ကိုယ့်အိမ်၊ ကိုယ့်ယာ၊ အတွက်လုပ်ဆောင်ဖွယ်ရာများကို မျှမျှတတရှိစေဖို့ ထိန်းကျောင်းပေးဖို့ သတိပြုရပါမယ်ရှင်။ မိမိအလုပ်ထဲမှာဘဲ စိတ်ကို မြှုပ်နှံထားပြီး ဇနီးမယားနဲ့ သားသမီးများကိုတော့ ဆက်ဆံရာမှာ လျစ်လျူရှုထားခြင်းမျိုးကို ရှောင်ကျဉ်ရပါမယ်။ အိမ်မလုပ်များမေ့ထားမိခြင်းကိုလည်း ရှောင်ကျဉ်ရပါမယ်။ မိသားစုကို ဂရုတစိုက်ပြုစုစောင့်ရှောက်ခြင်းဟာလည်း အိမ်ထောင်ဦးစီးရဲ့ တာဝန်ဝတ္တရားဘဲမဟုတ်ပါလား။ မိမိရဲ့ဘဝနဲ့ ယောကျ်ားပီသမှုတွေကို စပ်လျဉ်းပြီး မိမိရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေကို အခြေခံပြီးတော့ ရဲစွမ်းသတ္တိရှိမှုကို မိသားစုအပေါ်မှာပြသ ပေးရမှာပါ။ ဒါမှ မိသားစုကလည်း မိမိတို့ဘဝခရီးကို ရဲရဲဝံ့ဝံ့ရင်ဆိုင်တတ်လာမှာပါဆိုတာကို တင်ပြရင်း ဒီနေ့သီရိဂေဟာကဏ္ဍကိုရပ်နားလိုက်ပါတယ်။ သောတရှင်အိမ်ထောင်ဦးစီးများ အားလုံးအောင်မြင်တဲ့ယောကျ်ားကောင်းများဖြစ်ကြပါစေ။

 

 

Add new comment

1 + 1 =