အစစ်အမှန်အတိုင်းရှင်သန်ခြင်း

အစစ်အမှန်အတိုင်း ရှင်သန်ခြင်း
Just be yourself ဆိုတာ သင်နေတတ်သလိုနေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဖြစ်သလိုနေထိုင်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ကို စိတ်ဒုက္ခရောက်စေပြီး ခေတ်မမှီတော့တဲ့ 'ဘောင်'တွေထဲကနေ ရုန်းထွက်နိုင်ခြင်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တစ်ခြားလူတွေနဲ့ တူအောင်မကြိုးစားတော့ပဲ ကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်း ရှင်သန်ခြင်းဖြစ်ပါတယ်။
ဘဝမှာ ပျော်ရွှင်ဖို့ အကောင်းမြင်ဖို့လိုပါတယ်။ ဒါပေမယ့် အစစ်အမှန်တိုင်း ရှင်နိုင်ခြင်းကမှ ပိုပြီးကျေနပ်ဖို့ကောင်းတယ်ဆိုတာကို research အများစုက ဖော်ပြကြပါတယ်။
ကိုယ့်ဘဝကိုယ် အစစ်အမှန်တိုင်း ရှင်သန်နိုင်ဖို့ ဘယ်လိုအချက်တွေကို သိထားသင့်လဲ။
၁ - လူတိုင်းကျေနပ်အောင် မနေပါနဲ့။ လူတိုင်းကျေနပ်အောင်ကြိုးစားကြတဲ့ သူတွေရှိတယ်။ သူတို့က သူတို့ပေါင်းနေတဲ့သူတွေရဲ့ စိတ်ဆိုးမှာကို ကြောက်ကြတယ်။
လူတွေသဘောကျအောင် နေထိုင်ကြတယ်။ ဒီလိုနေထိုင်ရင်းကနေ နောက်ဆုံးမှာ ကိုယ့်ဘဝကိုယ် ပျောက်ဆုံးလာတယ်။
ကိုယ်လုပ်ချင်တာတွေ၊ ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ့်ခံစားချက်တွေကို လျစ်လျူရှုလာရတယ်။
လူတိုင်းမှာက မတူညီတဲ့ အခက်အခဲကိုယ်စီရှိကြပါတယ်။
ကိုယ်လုပ်နိုင်တဲ့အရာတွေရှိသလို မလုပ်နိုင်တာတွေလည်းရှိတယ်။
ဒါကို နားလည်ပေးနိုင်တဲ့သူတွေရှိသလို နားမလည်နိုင်တဲ့သူတွေလည်းရှိတယ်။
နားလည်မှုမပေးနိုင်တဲ့သူတွေနဲ့ တွေ့တဲ့အခါ သူတို့စိတ်ကျေနပ်အောင် လိုက်လုပ်နေလို့ အဆင်မပြေပါဘူး။
ဒီအရာတွေကို ကျော်လွှားဖို့ဆိုရင် လူတွေနဲ့ ပတ်သတ်ပြီး boundaries တွေထားရမယ်။
တစ်ချို့တွေမှာ အမြတ်တနိုးထားတဲ့အရာလေးတွေရှိတယ်။ အဲ့ဒီအရာတွေနဲ့ ပတ်သက်လာရင် လုံးဝအထိအခိုက်မခံကြဘူး။
ကိုယ့်မှာလည်း အမြတ်တနိုးထားတဲ့အရာတွေ သတ်မှတ်ထားရမယ်။
ကိုယ်အမြတ်တနိုးထားတဲ့အရာက ကိုယ်ကိုယ်တိုင်ဖြစ်လို့လည်းရတယ်။ Love yourself ဆိုတာမျိုးပေါ့။
ကိုယ့်ရဲ့ ကိုယ်ကျင့်တရားလည်း ဖြစ်လို့ရတယ်။ တစ်ချို့ဆိုလည်း မိဘ၊ မိသားစု၊ လက်တွဲဖော် အမျိုးမျိုးထားလို့ရတယ်။
ဘယ်လိုအချက်မျိုးဆိုရင် မကူညီနိုင်ဘူး။ ဘယ်လိုလူမျိုးဆိုရင် ခပ်ကင်းကင်းနေမယ်။
ကိုယ်ကျင့်တရားကို ထိခိုက်စေမယ့် အရာမျိုးဆိုရင် မလုပ်ပေးနိုင်ဘူး။ ဒီလိုအရာမျိုးတွေနဲ့ ပတ်သက်လာရင် ငြင်းပယ်နိုင်ရပါမယ်။
ကိုယ်က ဘယ်လို type မျိုးလဲ၊ ဘယ်လို attitude ရှိတဲ့သူမျိုးလည်းဆိုတာကို ပေါ်လွင်နေအောင် လုပ်ဖို့လိုတယ်။
ဒါ့ကြောင့် ကိုယ့်ရဲ့ အမြတ်တနိုးထားတဲ့အရာ၊ အထိအခိုက်မခံတဲ့ အချက်တွေကို သတ်မှတ်ပါ။
တစ်ဖက်သက်မဆန်တဲ့ boundaries တွေတော့ ဖြစ်ဖို့လိုပါတယ်။
ဒါတွေနဲ့ ပတ်သက်လာရင် လူတွေက ကိုယ့်အပေါ်မုန်းသွားလည်း ကျေကျေနပ်နပ်ကြီး လက်ခံလို့ရတယ်ဆိုတာမျိုးပေါ့။
သူတို့ဘက်က စိတ်ဆိုးပြီး မခေါ်မပြောနိုင်ဖြစ်သွားလည်း လက်ခံနိုင်ရမယ်။
၂ - လူတွေ ဘယ်လိုမြင်မလဲဆိုတာကို ဂရုမစိုက်နဲ့။
"လူတွေက ကိုယ့်ကိုမြင်တဲ့အမြင်တွေကို လိုက်ပြီးဂရုစိုက်နေရင် အမြဲတမ်း သူတို့ရဲ့အကျဉ်းသားဖြစ်နေလိမ့်မယ်။" ~ လောင်ဇူ
ကိုယ့်ကို တော်တယ်လို့ထင်နေတဲ့သူရှိတယ်။ ညံ့တယ်လို့ ထင်တဲ့သူလည်း ရှိတယ်။
အထင်ကြီးတဲ့သူရှိသလို အထင်‌သေးတဲ့သူလည်းရှိတယ်။ ချစ်တဲ့သူရှိသလို မနာလိုတဲ့သူလည်းရှိတယ်။ ဒါတွေကို လိုက်ပြီး ခံစားနေလို့မရပါဘူး။
တကယ်တော့ လူတွေဘယ်လိုမြင်သလဲဆိုတာက သူတို့ကိစ္စပါ။
ကိုယ်က ဘယ်လောက် ကောင်းအောင်နေနေ ကိုယ့်ကိုမကြိုက်တဲ့သူက ရှိကိုရှိတယ်။
လူတွေက ကိုယ့်အပေါ် ဘယ်လိုမြင်သလဲဆိုတာက သူတို့ကိစ္စ။ ကိုယ်ဘယ်လို မြင်သလဲဆိုတာက ကိုယ့်ကိစ္စ။
လူတွေဘယ်လိုမြင်နေသလဲဆိုတာကို တွေးပြီး ကြောက်ကြတဲ့သူတွေရှိသလို၊ လူတွေအမြင်ကို emotion ဖြစ်တဲ့သူတွေလည်း ရှိတယ်။
တစ်ချို့က ဘယ်သူတွေဘယ်လိုမြင်မြင် ဂရုမစိုက်ဘူးဆိုပြီးပြောကြတယ်။
တစ်ဖက်လူက အထင်သေးအမြင်နဲ့လာကြည့်ရင်၊ ကိုယ့်အတင်းကို ပြောနေရင် ပြန်ပြီး ရွဲ့တတ်ကြတဲ့သူတွေရှိတယ်။
ဒေါသတွေလည်းဖြစ်လာပြီး emotion တွေများပြီး တုန့်ပြန်တတ်ကြတယ်။ ပါးစပ်ကလည်း ပြောလိုက်သေးတယ်။ ဂရုမစိုက်ဘူး ဆိုပြီး။
တကယ်တော့ သူများရဲ့အမြင်ကို ခေါင်းထဲထည့်ပြီး ဒေါသတွေထွက်နေရတယ်။
ဂရုမစိုက်ဘူးဆိုတာက ဘယ်သူ ဘယ်လိုမြင်မြင် ခေါင်းထဲကို မထည့်တာမျိုးပါ။ လိုက်ပြီးမခံစားနေတာမျိုးပါ။
လူတွေ ဘယ်လိုမြင်မြင် ဘဝမှာ ကိုယ်နေတတ်သလိုနေဖို့ ကိုယ်တိုင်က တန်ဖိုးရှိအောင်နေဖို့လိုတယ်။
ကိုယ့်ကျင့်တရားကောင်းအောင်နေဖို့ လိုတယ်။ သပ်သပ်ရပ်ရပ်နဲ့ ယုံကြည်မှုရှိရှိနေရမယ်။ ကိုယ့်ရဲ့အစစ်အမှန်အတိုင်း မဖုံးမကွယ်ပဲ နေထိုင်ရဲဖို့ လိုပါတယ်။

Add new comment

1 + 6 =