မိခင်အရာ - မိခင်ဘဝ

Motherhood

            ဒီနေ့မှာ မိခင်အရာ - မိခင်ဘဝဆိုတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။ မိခင်အရာ - မိခင်ဘဝ ဆိုတာ မိမိသားသမီးကို ဝမ်းကြာတိုက်မှာ ကိုယ်ဝန်ဆောင်ရတယ်။ ပြီးတော့ မွေးဖွားသန့်စင်ရတယ်။ ပြီးရင် သူ့ခြေပေါ်မှာ ရပ်နိုင်တဲ့အထိ ပြုစုပျိုးထောင်ရတဲ့ တာဝန်တွေကို ထမ်းရတဲ့သူပဲမဟုတ် ပါလား။ မွေးစားမိခင် မွေးစားဖခင်ဆိုရင်လည်း ကလေးကြီးပြင်းလာဖို့အထိ တာဝန်တွေ အများကြီးကို ယူကြရတာပါ။ ကလေးရဲ့ဘဝ တသက်တာအတွက်ပါ ထာဝရယူဆောင်ရွက်ကြတဲ့ သူတွေပါ။

            မိခင်တယောက်ဖြစ်တည်တဲ့ ဘဝမှာ အရင်ဆုံး ပဋိသန္ဓေလွယ်ရတယ်။ ဒီလိုလွယ်ထားတဲ့ အချိန်မှာ မိခင်အသက်ရှူလိုက်တဲ့အခါ ရှူလိုက်တဲ့လေက မိမိရင်သွေးလေးဆီထိ ရောက် သွားတယ်။ မိခင် စားလိုက်တဲ့အစာက ကလေးအတွက် အဟာရအဖြစ် ရောက်ရှိသွားတယ်။ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုတွေလုပ်ရတယ်။ ဒီလိုအချစ်တွေ အသိတရားတွေနဲ့ မမြင်ရသေးတဲ့ ဝိညာဉ်လေးကို ဘေးအန္တရာယ်တွေကနေ လွတ်မြောက်အောင် စောင့်ရှောက်ခဲ့ကြတာပါ။

            ဒါတွေက မိခင်ပေါ်မှာပဲ မူတည်တာပါ။ မွေးဖွားလာတဲ့အခါကျတော့လည်း မိခင်ရဲ့ မျက်ဝန်း အကြည့်တစုံက မွေးကင်းစကလေးငယ်လေးအတွက် ခွန်အားတွေအများကြီးရသလို အဓိပ္ပာယ် လည်း အများကြီးလေးနက်စေပါတယ်။

            မိခင်ပီသတဲ့ မိခင်တယောက်ဟာ သူ့ဘဝတခုလုံးကို မြှုပ်နှံပြီး ဒီမိသားစု ဒီသားသမီးလေး တွေကို တတ်နိုင်သလောက် လိုလေသေးမရှိ ထောက်ပံ့ဖြည့်ဆည်းပေးတဲ့သူပါ။ ကျွန်မဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်မှာ မိခင်တယောက်ဆိုတာ ကော် - Glue လိုပဲလို့ တင်စားပြောဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိခင်တိုင်းက မိသားစုကို ကော်လိုပဲ တွက်ကပ်နေလို့ပါ။ လိုအပ်ချက်တွေ အားလုံး ထောက်ပံ့ပေးတယ်။ သားသမီးတွေရဲ့ဘဝမှာ မရှိမဖြစ်တဲ့ အခန်းကဏ္ဍကနေ ပါဝင်တဲ့ တုနှိုင်းမမီ သူတယောက်ဆိုရင် မမှားပါဘူးနော်။

            သားသမီးတွေရဲ့ဘဝမှာ မိခင်တယောက်ရဲ့အခန်းကဏ္ဍကရော ကလေးတယောက်ရဲ့ အခု လက်ရှိ မျက်မှောက်ဘဝမှာ သူ့ရဲ့စိတ်ခံစားချက်တွေ စိတ်ဖိစည်းမှုတွေ ပုံမှန်ဖြစ်အောင် လုပ်ဆောင် ပေးရတယ်။ ကလေးရဲ့ ဦးနှောက်ကျန်းမာရေး၊ ကလေးရဲ့ အနာဂတ်ဘဝတိုးတက်ဖို့ ဖွံ့ဖြိုးဖို့ ဒါတွေ ပြည့်စုံအောင် လုပ်ဆောင်ပေး စီစဉ်ပေးရတဲ့သူပါ။

            မိခင်တယောက်ဆိုတာ မိမိအတွက်အတ္တ အလျင်းမရှိတဲ့ လူသားဖြစ်ပါတယ်။ မိမိရဲ့ လိုအင် ဆန္ဒတွေကို ချိုးခြံလစ်လျူရှုပြီး သားသမီးရဲ့ အလိုဆန္ဒတွေကိုသာ အကြွင်းမဲ့ဖြည့်ဆည်းပေးတဲ့ သူပါ။ သားသမီးတွေရဲ့ အသိစိတ် တိုးတက်ဖို့ စွမ်းရည်တွေရှိဖို့ လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေမှာ ကျွမ်းကျင်ဖို့ ဒီလိုအရည်အချင်းတွေရှိအောင် မိခင်ဘ၀ကို အတတ်နိုင်ဆုံး ကြိုးစားတဲ့သူပါ။

            မိခင်တယောက်ရဲ့ ချစ်မေတ္တာကို ကြည့်လိုက်အုံးမလား၊ သားသမီးတွေအပေါ်မှာ အလိုအလျာက် ချစ်မေတ္တာတွေ ပုံအောပေးပြီးသား။ ဘေးပတ်ဝန်းကျင်ထက်သာတဲ့ မေတ္တာတွေပေး နိုင်တယ်။ ကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှ မနှိုင်းယှဉ်နိုင်တဲ့ မေတ္တာတွေက မျက်နှာပေါ်မှာကို ပေါ်လွင်နေ တာဟာ တုနှိုင်းမမှီတဲ့ ချစ်မေတ္တာလို့ပဲဆိုရမှာပေါ့။

            ကျွန်မတို့တတွေဟာ မိခင်ဆီကနေ မေတ္တာတွေအပြည့်နဲ့ မွေးဖွားလာတဲ့ သူတွေပါ။ ဒီတော့ ကျွန်မတို့ကိုယ်စီမှာလည်း ရင်ထဲမှာ မေတ္တာတွေအပြည့်ရှိနေကြပါတယ်။ ‘‘အမေ’’ဆိုတဲ့ ဝေါဟာရက ဘုရားက သူ့မိခင်ကို ခေါ်တဲ့ဝေါဟာရ စကားလုံးဖြစ်ပါတယ်။ ကလေးငယ်လေးရဲ့ အသည်းနှလုံး နေလည်း ခေါ်လိုက်တဲ့ ဝေါဟာရက ‘‘အမေ’’ပါပဲ။ ကမ္ဘာပေါ်မှာ အင်မတန်မှ စင်ကြယ်တဲ့ ချစ်ခြင်း မေတ္တာတွေနဲ့ ပြည့်နက်နေတဲ့ မျက်ဝန်းတစုံကို မြင်ရသလို ခွန်အားတွေလည်း ရစေတာပါ။ ဒီမာတာ မိခင်ကလည်း မိမိသားသမီးအတွက် အရာရာကို ရင်ဆိုင်ဝံ့သူပါပဲ။ ဒီလိုအဆုံးအစမရှိ ချစ်မေတ္တာတွေက မိဘနှစ်ပါးရဲ့ သန္ဓေစတည်တဲ့အချိန်က စခဲ့တာပါလို့ ပညာရှင်တွေက ဆိုပါတယ်။ မွေးဖွားလာတဲ့ အချိန်မှာလည်း ဒီကလေးက မိခင်ရဲ့ မျက်နှာကို အရင်ဆုံးတွေ့ဖူးတဲ့သူပါ ဒီတော့ သူ့ဘဝတသက် မိခင်ကို ချစ်မယ် အားကိုးမယ် မဟုတ်ဘူးလားရှင်။

            ဒီတော့ မိမိသားသမီးကို အချစ်တွေနဲ့ ထောက်ပံ့ပေးနိုင်မယ်။ စိတ်ရှည်ပေးနိုင်မယ် ခွင့်လွှတ် ပေးနိုင်မယ်။ သားသမီးကို စည်းဘောင်တခုထားပြီး အုပ်ချုပ်ပေးနိုင်မယ်။ သားသမီးရဲ့ ရိုသေမှုကို ရအောင်လည်း နေတတ်မယ်ဆိုရင် ဒါတွေဟာ မိခင်ပီသတဲ့ မိခင်တယောက်ရဲ့ ဘဝပဲဆိုတာကို မျှဝေပေးရင်း နိဂုံးချုပ်ပါတယ်။

တင်ဆက် - ဒေါ်ဂျူလီယာ ကြူကြူခင်

တည်းဖြတ် - ပေါလ်

#RVAFamilyProgram #Motherhood #Family

 

Add new comment

5 + 5 =