စိတ်ပျက်နေပြီလား

လက်ရှိအခြေအနေတွေကို​ တကယ်ပဲစိတ်ပျက်နေပြီဆိုရင်​ ဖတ်ကြည့်ပါ
ဘဝမှာပျော်ရွှင်ဖို့၊ အောင်မြင်ဖို့ဆိုရင်​ ကိုယ်ချစ်တာကိုလုပ်ရမယ်တဲ့။
ဒီစကားက​ မှန်ပါတယ်။ ဒါပေမယ့် လူတိုင်း​က ကိုယ်လုပ်ချင်တာ၊ ကိုယ်ဝါသနာပါတဲ့အရာကို​ မလုပ်ကြရပါဘူး။
ဘဝပေး​ အခြေအနေအရမလုပ်ချင်ပေမယ့်​ လုပ်ခဲ့ရတာအရာတွေရှိကြတယ်။ မလုပ်ချင်တာကို​ လုပ်နေရတော့​ မပျော်တော့ဘူးပေါ့။
ဒါပေမယ့်​ "ပျော်ရာမှာမနေ​ တော်ရာမှာနေရမယ်​" ဆိုတဲ့စကားရှိတယ်မလား။
အခုလက်ရှိ သင်လုပ်နေရတဲ့အရာတွေအပေါ်​ စိတ်ပျက်နေပြီလား။
သင်လုပ်နေရတဲ့​ အရာတွေဟာ​ သင့်ကို စိတ်ညစ်စေသလား။ အလုပ်တစ်ခု​ ဒါမှမဟုတ် အခြေအနေတစ်ခုဆိုတာ​ ပြောင်းလဲဖို့​ ခက်ခဲတယ်လေ။
လက်ရှိလုပ်နေရတဲ့အလုပ်၊ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကနေ​ ထွက်ပြေးဖို့​ ကြိုးစားနေပြီဆိုရင်​ သင့်ကို​ အကြံတစ်ခုလောက်ပေးပါရစေ။
ကျွန်တော်​ စာအုပ်တစ်အုပ်မှာ​ ဖတ်ဖူးတယ်။ "ပြောင်းပြန်နိယာမ"​တဲ့။
ဒီနိယာမကို​ အသုံးပြုကြည့်လို့ အကျိုးရှိမှန်းသိလာရတယ်။
လက်ရှိအခြေအနေကနေထွက်ပြေးဖို့​ မကြိုးစားတော့ပဲ​ ရင်ဆိုင်လိုက်တယ်။ ဘဝမှာနေရထိုင်ရတာ​ ပိုပြီးသက်သာလာတယ်။
စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေ​ လျော့ပါးသွားသလို ခံစားရလာတယ်လေ။
ပြောင်းပြန်နိယာမဆိုတာ​ ဘာကိုပြောတာလဲ။
အထက်မှာပြောခဲ့တဲ့​ "ကိုယ်ချစ်တာကို​ လုပ်ပါ"​ ဆိုတဲ့စကားကို​ ပြောင်းပြန်နိယာမနဲ့​ နှိုင်းယှဉ်ပြမယ်။
"ကိုယ်ချစ်တာကို​ လုပ်ပါ"​ဆိုတဲ့စကားကနေ "ကိုယ်လုပ်တာကို​ ချစ်ပါ"​ဆိုတဲ့စကားကို​ ပြောင်းသွားလိမ့်မယ်။ ဒါဟာ​ ပြောင်းပြန်နိယာမပဲ။
လောကမှာ​ ကိုယ်လုပ်နေရတဲ့အရာကို​ ချစ်ရမယ်။ ဒါမှလည်း​ ဘဝမှာ​ နေရတာပိုအဆင်ပြေလိမ့်မယ်။
ကိုယ်လုပ်နေရတဲ့အလုပ်ကို​ ဂရုတစိုက်လုပ်ခြင်း၊ စိတ်ဝင်စားခြင်းတွေက​ သင့်ဘဝကို​ ပိုပြီးတိုးတက်စေလိမ့်မယ်။
ဥပမာတစ်ခုပြောပြမယ်။ ကိုယ်မလုပ်ချင်တာကို​ လုပ်နေရတဲ့လူတစ်ယောက်အကြောင်းပေါ့။ ကိုဇော်လို့​ နာမည်
ပေးလိုက်မယ်။ ကိုဇော်က​ သီချင်းဆို ဝါသနာပါတဲ့​ သူတစ်ယောက်။ သူ့မှာ​ မိန်းမနဲ့​ ကလေးကို​ ရှာကျွေးနေရတယ်။
မိသားစု​ စားဝတ်နေရေးအတွက်​ အလုပ် တစ်ခုခုတော့​ လုပ်ရတော့မယ်လေ။
သီချင်းဆိုဝါသနာပါပေမယ့်​ ဆင်းရဲတဲ့သူတစ်ယောက်ဖြစ်နေတာကတစ်ကြောင်း၊ မြေတောင်မြှောက်ပေးမယ့်သူ​ မရှိတာကြောင့်​ ဝါသနာကို​ စွန့်လွှတ်လိုက်ရတယ်။
အသံကလည်း ကောင်းတယ်။ တကယ်လည်း​ အရူးအမူးပဲ။
ဒါပေမယ့် မိသားစုအရေးက​ သူ့ဝါသနာထက်​ ပိုပြီးအရေးကြီးနေတော့​ ဝါသနာကို​ စွန့်ပယ်ပြီး​ အရောင်းဝန်ထမ်းအလုပ်တစ်ခုကိုလုပ်လိုက်ရတယ်။
ကိုဇော်က​ ဒီအလုပ်ကိုလုံးဝ ဝါသနာမပါဘူး။ လုံးဝစိတ်မဝင်စားဘူး။ အလုပ်တစ်ခုရဖို့ဆိုတာ​ မလွယ်မှန်းသိလို့​ ဝင်လုပ်လိုက်ရတာ။
ဒါပေမယ့်​ ကိုဇော်က​ ပြောင်းပြန်နိယာမကို​ အသုံးချလိုက်တယ်။ ဝါသနာ​ မပါတဲ့​ အလုပ်မှန်ပေမယ့်​ ဒီအလုပ်ဟာသူလုပ်ရမယ့်​ အလုပ်တစ်ခုဆိုတာ​ လက်ခံလိုက်တယ်။
ပြီးရင်​ အလုပ်အပေါ်​ စိတ်ဝင်စားကြည့်တယ်။ အလုပ်နဲ့ ပတ်သက်တဲ့​ အရာတွေကို​ လေ့လာတယ်။
အရောင်းဝန်ထမ်းတစ်ယောက်အတွက်​ လိုအပ်တဲ့​ လူမှုဆက်ဆံရေး၊ ကုန်ဈေးနှုန်းအကြောင်းတွေ၊ လုပ်ငန်းလည်ပတ်ပုံတွေကို လေ့လာတယ်။
ပြီးရင်​ လက်တွေ့အသုံးချကြည့်တယ်။
ကိုယ်လုပ်ရတဲ့အရာကို​ ချစ်ကြည့်လိုက်တဲ့အခါ သူ့ရဲ့တစ်နေ့​တာဟာ​ ပိုပြီး​ ပျော်စရာကောင်းလာတယ်။
ဈေးဝယ်သူတွေနဲ့​ ဆက်ဆံရတာကြောင့်​ လူတွေနဲ့ပိုပြီးရင်နှီးလာတယ်။ လူတွေရဲ့အကြောင်းတွေကို ပိုပြီး​ သိလာတယ်။
လူတွေရဲ့​ စိတ်ထားတွေ၊ အကျင့်စရိုက်တွေ၊ သူတို့ရဲ့​ အခြေအနေတွေကို​ လက်ခံလာနိုင်တယ်။ ဘဝအသိတွေပိုတိုးလာတယ်။
သင်ခန်းစာတွေလည်း​ အများကြီးရလိုက်တယ်။
တစ်ချိန်က ခက်ခဲတယ်လို့​ ထင်ရတဲ့အလုပ်က​ တကယ်မခက်ပါလားဆိုတာကို​ ကိုဇော်တစ်ယောက်​ ကောင်းကောင်းကြီး သိသွားပါတယ်။
ဒါကြောင့်​ သင်ဟာ​ လက်ရှိအခြေအနေတွေကနေထွက်ပြေးချင်နေပြီဆိုရင်​ ထွက်မပြေးပဲ​ သတ္တိရှိစွာရင်ဆိုင်လိုက်ပါ။ အကောင်းဆုံးဖြတ်ကျော်လိုက်ပါ။
“ကိုယ်လုပ်နေရတဲ့​ အလုပ်ကို​ တစ်ခါလောက်​ ချစ်ကြည့်လိုက်ပါ။ စိတ်ဝင်စားကြည့်လိုက်ပါ”
ဘဝမှာ​ မရင်ဆိုင်လို့မရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေနဲ့​ ရင်ဆိုင်ရတဲ့အခါ​ ထွက်ပြေးဖို့​ မကြိုးစားပဲနဲ့​ ပြောင်းပြန်နိယာမကို အသုံးချပြီး​ ရင်ဆိုင်ကြည့်ပါ။
သင့်ဘဝဟာ​ ပျော်စရာကောင်းလာပါလိမ့်မယ်

Add new comment

7 + 7 =