သဘာဝတရား နှင့် ပျော်ရွှင်မှု

သဘာဝတရား နှင့် ပျော်ရွှင်မှု

ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်မှာ "သဘာဝတရားနှင့်ပျော်ရွှင်မှု"  ဆိုတဲ့ခေါင်းစဉ်နဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

သဘာဝနဲ့ ထိတွေ့ခြင်းက ပျော်ရွှင်မှုနဲ့ သုခချမ်းသာကို ရရှိ ခံစားရစေပါတယ်။ ဒါကြောင့် သဘာဝတရားနှင့် ပိုမိုထိတွေ့လေ့ရှိသူတွေက နေ့စဉ်ဘဝမှာလည်း ပိုမိုပျော်ရွှင်ကြတယ်လို့ သုတေသနတွေက အမြဲတစေ ဖော်ပြကြပါတယ်။ သဘာဝတရားက စိတ်ကို ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ တီထွင်ဖန်တီးနိုင်စွမ်း တိုးမြှင့်ပေးခြင်း စတဲ့ အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုများစွာကို ဖြစ်ပေါ်စေပြီး အာရုံစူးစိုက်မှုကိုပါ ပိုမိုအားကောင်းလာစေတယ်လို့ ဆိုပါတယ်။

သဘာဝနဲ့ နီးစပ်ဖို့ ကျွန်တော်တို့တွေ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ အာရုံခံစားမှုမှတဆင့် ကျွန်တော်တို့တွေဟာ သဘာဝရဲ့ အလှတရားကို ခံစားသိရှိပြီး ဘဝရဲ့ အဓိပ္ပါယ်ကို ရှာဖွေနိုင်တာကစလို့ ... စိတ်ခံစားချက်တွေကတဆင့် သဘာဝတရားနဲ့ ကျွန်တော်တို့ကြားက ဆက်နွှယ်မှုကို ပိုမိုခိုင်မြဲစေပါတယ်။

ဥပမာအားဖြင့် ... ငှက်လေးတွေရဲ့ တေးသီသံကို နားဆင်တာ ဒါမှမဟုတ် သစ်ပင် ပင်စည်ကို လက်နဲ့ ထိတွေ့ခြင်းကတဆင့် သဘာဝရဲ့အလှကို အာရုံစိုက်မိကြမယ်ထင်ပါတယ်။ ပန်းလေးတွေရဲ့ မွှေးရနံ့ကို ရှူရှိုက်တာ၊ အပင်လေးတွေ စိုက်နေရင်း လက်ချောင်းလေးတွေကြား မြေဆီလွှာကို ခံစားလိုက်ရတာ ... ဒါတွေဟာလည်း အာရုံခံစားမှုကတဆင့် သဘာဝနဲ့ ဆက်နွှယ်မိခြင်း ဖြစ်ပါတယ်။ သဘာဝတရားနဲ့ နီးစပ်ဖို့ဆိုတာ သဘာဝထဲမှာ အမြဲအချိန်ကုန်နေမှ မဟုတ်ပါဘူး။

ကမ္ဘာမြေအကြောင်း၊ သဘာဝအကြောင်း ကဗျာစပ်တာ ... ဒါမှမဟုတ် ကိုယ် လမ်းလျှောက်အချိန်ကုန်ဆုံးချင်တဲ့ စိတ်ကူးထဲက သဘာဝပတ်ဝန်းကျင်တစ်ခုကို တွေးတောမိတာမျိုးကလည်း ကျွန်တော်တို့ကို သဘာဝတရားရဲ့ ကောင်းကျိုးတွေကို နားလည်သဘောပေါက်စေမှာ အမှန်ပါပဲ။ စိတ်ဖိစီးမှုကို လျှော့ချတာကစလို့ တီထွင်ဖန်တီးနိုင်စွမ်း မြှင့်တင်စေတဲ့အထိ သဘာဝဟာ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။

ဒါ့အပြင် သဘာဝနဲ့ နီးစပ်လာခြင်းကြောင့် ကျွန်တော်တို့လူသားတွေဟာ နေ့စဉ်ဘဝမှာ ပတ်ဝန်းကျင်အပေါ် ကောင်းကျိုးတွေ ဖြစ်စေတဲ့ အပြုအမူများဆီ ဦးတည်စေကာ လူသားတွေနဲ့ ကမ္ဘာမြေကြား အပြန်အလှန် ပံ့ပိုးကူညီမှုကို ဖြစ်ပေါ်စေပါသည်။

သဘာဝတရားကို တန်ဖိုးထားခြင်းက ကျွန်တော်တို့အတွက်သာမက အနာဂတ်မျိုးဆက်အတွက်ပါ မရှိမဖြစ်လိုအပ်ပါတယ်။

 

 

Present and Edit - Pinky Thiri Kyaw

Crd : (EHS Myanmar)

#rvamyanmar #rvapastoralcare #Environment #mentalhealth #mentalhealing

Add new comment

3 + 4 =