တရားခံ

တရားခံ

ကျွန်တော်တို့ မြန်မာလူမျိုးအတော်များများဟာ ဖာသိဖာသာနေတတ်ကြပါတယ်။ ကိုယ်နှင့်မဆိုင်ရင်လဲ ဝင်မပါတတ်ကြပါဘူး။ ပြဿနာကိုလည်း တတ်နိုင်သမျှ လျှော့ချပြီး ဖြေရှင်းကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူမျိုးတွေရဲ့ အားနာတတ်မှု၊ လူမှုရေးနားလည်လွန်မှုတွေဟာ ကိုယ့်ကိုယ်ပြန်ပြီး ဒုက္ခပေးတတ်ပါတယ်။

ယခုကျွန်တော်တို့ မြန်မာနိုင်ငံအနှံ့နီးပါးမှာ ရေဘေးဒုက္ခတွေ ကြုံတွေ့နေရပါတယ်။ တကယ်တော့ မိမိတို့ရဲ့ သဘာဝတရားကို ဥပေက္ခာပြုမှုတွေဟာ များလွန်းလှတယ်လို့ ဆိုရမလိုဖြစ်ပါတယ်။ ကျွန်တော်ဟာ ရေဒီယိုကနေတစ်ဆင့် သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေးကဏ္ဍတွေကို ပြောရတဲ့အတွက်ကြောင့် ရေဒီယိုထဲမှာတင် မက အပြင်မှာလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့နဲ့ ပတ်သက်ပြီး သစ်တောတွေပြုန်းတီးတဲ့အကြောင်းတွေ၊  ကျောက်တွင်းတွေအကြောင်း၊ စက်ရုံတွေအကြောင်းကို ပြောခဲ့ပါတယ်။ အချို့ပုဂ္ဂိုလ်များဟာ၊ အပိုအလုပ်တွေလို့ ထင်ကြပါတယ်။ ဒီနေရာမှာစကားတစ်ခုကို သတိရမိပါတယ်။ ]]ကိုယ်ဥပေက္ခာ ပြုထားတဲ့အချို့အချက်တွေဟာ ကိုယ့်ရဲ့အိမ်တံခါးကို လာခေါက်တတ်ပါတယ် မိတ်ဆွေ}} ဒီစကားလေးဟာ သိပ်ကိုမှန်ပါတယ်။ လူတိုင်းဟာ ကိုယ့်သမိုင်းကိုယ်ရေးကြတယ်လို့ဆိုပေမဲ့၊ တခါတလေမှာ ကိုယ့်ပတ်ဝန်းကျင်က သမိုင်းတွေဟာ ကိုယ့်သမိုင်းဖြစ်နေ တတ်ပါတယ်။ ဒါဟာ သတိထားရမဲ့အချက်လည်း ဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်ဟာလည်း ရိုးရိုးရေဒီယို သမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ကြိုတင်ဟောပြောချက်တွေကို ပြန်လည်ဖော်ပြပေးနိုင်တာပဲ ရှိပါတယ်။ ပညာရှင်တွေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့သူများဟာ တာဝန်ကျေတယ်လို့ဘဲ ဆိုရမှာ ဖြစ်ပါတယ်။ သူတို့တတွေ အခုလို သဘာဝဘေးဒဏ်တွေကျရောက်လာလိမ့်မယ်ဆိုတာကို ကြိုတင်ဟောကိန်း တွေထုတ်၊ တားဆီးနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့လူသားတွေရဲ လောဘတွေဟာ အတောမသတ်နိုင်ခဲ့ပါဘူး။ သစ်တောတွေကို ထိန်းသိမ်းဖို့ မြစ်ချောင်းတွေကို ထိန်းသိမ်းဖို့၊ ရေခဲပြင်တွေ အရေ ပျော်လာပြီဆိုတဲ့အကြောင်း၊ ကမ္ဘာကြီးပူလာပြီဆိုတဲ့အကြောင်း၊ ရာသီဥတုဖောက်ပြန်လာပြီဆိုတဲ့အကြောင်းတွေဟာ မီဒီယာသမားတွေအပါအဝင် ပညာရှင်များ စောစီးစွာ သတိပေးခဲ့ကြခြင်းဖြစ်ပါတယ်။

ရိုးသားလှတဲ့ကျေးလက်နေပြည်သူများကတော့ သနားစရာဖြစ်ပါတယ်။ ဒီကြားထဲမှာ၊ အချို့ မီဒီယာစည်းမျဉ်း မလိုက်နာသူတို့ရဲ့ တဖက်သတ်နားသွင်း၊ စည်းရုံးမှုတွေဟာလည်း ဆိုးဝါးလှပါတယ်။ ရာသီဥတုဆိုးဝါးစွာ ပြောင်းလဲမှုတွေက လွန်လှပါတယ်။ ဒီလိုရေကြီးမှုတွေမဖြစ်ခင်၊ ကျွန်တော်တို့ မြန်မာနိုင်ငံ အလယ်ပိုင်း၊ အပူပိုင်းဒေသတွေဟာ ပူပြင်း၊ခြောက်သွေ့တဲ့ဒဏ်ကို ကောင်းကောင်းကြီးခံစားရပါတယ်။ အဲ့ဒီအချိန် တုန်းက ဒီခြောက်သွေ့မှုရဲ့ ဖြစ်ပျက်တဲ့သဘောတွေကို အခြေခံပြီး ဆောင်းပါတွေ ရေးသားခဲ့ပါတယ်။ သိပ်မကြာခင်ကာလတစ်ခုမှာဖြစ်ပါတယ်။ အခုအခြေအနေတွေဟာ ပြောင်းပြန်ဖြစ်ကုန်ပါတယ်။ အလွန်ပူပြင်းခြောက် သွေ့တဲ့နေရာတွေဟာ ရေကြီးမိုးရွာတဲ့ဒဏ်ကို ကောင်းကောင်းခံစားနေရပါတယ်။ သဘာဝ တရားရဲ့ ပျက်စီးမှုတွေပဲဖြစ်ပါတယ်။ ဒါတောင် မိုးလေဝသပညာရှင်ဦးထွန်းလွင်က အရေးကြီးတဲ့ နှစ်စဉ်နှစ်တိုင်း ရေတက်တဲ့အချိန် မရောက်သေးဘူးလို့ ဆိုပါတယ်။ ဟုတ်ပါတယ်မိတ်ဆွေ ခါတိုင်းနှစ်တွေမှာ မိုးနှောင်းကာလတွေ ကျမှ ရေတွေဟာ မြစ်တွေ၊ ချောင်းတွေထဲကိုပြည့်လာကြတာဖြစ်ပါတယ်။အခုတော့ စောစီးစွာ ဖော်ပြန်မှုတွေပဲ ဖြစ်ပါတယ်။ နွေပိုင်းမှာ ပုံမှန်မဟုတ်ဘဲနဲ့ အပူကြီးတာဟာ ရာသီဥတုဖောက်ပြန်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ပြောနေကျ စကားကိုဘဲ ပြန်ပြီးပြောရရင် သစ်လုံးတွေတင်ထားတဲ့ သစ်ကားကြီးတွေဟာ ဒေသခံပြည်သူတွေ့ရဲ့ နှလုံးသားတွေ ကို နိုးဆွစေပါတယ်။ သူတို့တွေရဲ့ စိုးရိမ်စိတ်တွေကို တိုးပွားစေပါတယ်။ အပြောင်းရှင်းခုတ်ထွင်တဲ့စနစ်နဲ့ သစ်တွေ ခုတ်ထုတ်ခဲ့ကြတာဟာ ကြာခဲ့ပါပြီ၊ မြန်မာနိုင်ငံရဲ့ သစ်တောတွေဟာ အားကိုးရာ ထိန်းချုပ်ရာ မဲ့နေသလို ဖြစ်နေခဲ့ပါတယ်။

အခုဒီသစ်တော သစ်ပင်တွေရဲ့ အရေးပါမှုဟာ ကျွန်တော်တို့ခါးစီးပြီး ခံနေရတဲ့ ဒုက္ခတွေပဲဖြစ်ပါတယ်။ သစ်တောတွေဟာ သဘာဝတရားကို ထိန်းသိမ်းပေးတဲ့နေရာမှာ အလွန်အရေးပါလှပါတယ်။ ဒီစကားမပြောတတ် တဲ့ သစ်ပင်များဟာ ကျွန်တော်တို့ လူသားတွေအတွက်တင်မကပဲ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအားလုံးအတွက် အကျိုးပြုနေပါတယ်။ သဘာဝအရပြောရမယ်ဆိုရင်အပင်တွေဟာ သာမန်အားဖြင့် လေထုထဲကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် ရေနှင့် နေရဲ့အလင်းစွမ်းအင်ကို ရယူပြီးတော့ အစာချက်ပါတယ်။ ဒီလိုအစာချက်ပြီးရင် အောက်စီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးပါတယ်။

အပင်ရဲ့အမြစ်တွေဟာ ရေကို စုပ်ယူပါတယ်။ ဒီလိုစုပ်ယူလိုက်တဲ့ရေကို အစာချက်လုပ်ပြီးရင် ပြန်လည် ထုတ်လွတ်ပေးပါတယ်။ နောက်သစ်ပင်တွေဟာ မြေဆီလွှာကို ထိန်းပါတယ်။ လေမုန်တိုင်းတွေ တိုက်ခဲ့ရင်လည်း သစ်ပင် သစ်တောတွေက ကာကွယ်ပေးပါတယ်။ သစ်ပင်သသ်တောတွေ ပြုန်းတီးသွားတဲ့အခါမှာ နောက်ဆက်တွဲ ဟာ ဒဏ်တွေအဖြစ် မိုးခေါင်၊ရေရှားတာတို့၊ မြေပြိုကျတာတို့ မြေတိုက်စားခံရတာတို့ဖြစ်တတ်ပါတယ်။ သစ်ပင် မရှိတဲ့ တော၊ တောင် ဂတုံးတွေဟာ မိုးရွာတဲ့ရေကို အတားအဆီးမဲ့ စီးဝင်စေပါတယ်။

ဒီလိုချောင်းတွေ မြစ်တွေထဲကို အတားအဆီးမဲ့အရှိန်အဟုန်နှင့် ဝင်ရောက်ခြင်းဟာ ရုတ်တရတ် ရေကြီးမှုကို ဖြစ်စေပါတယ်။ နောက်တစ်ခုကတော့ အပူရှိန်မြင့်မားပြီး ရာသီဥတုတွေ ပြောင်းလဲရတာပဲဖြစ်ပါတယ်။ သစ်တော တွေ ဖြုန်းတီးပြီး အပူရှိန်တွေ မြင့်မားလာတာဟာ လေဖိအား နည်းရပ်ဝန်းတွေလို့ ဖြစ်ပေါ်စေပြီး မုန်တိုင်းတွေ ဖြစ်ပေါ်စေပါတယ်။ သစ်ပင်တွေဟာ ပတ်ဝန်းကျင်မှာရှိတဲ့ အပူဓါတ်ကို ထိန်းပေးထားတဲ့အတွက် အပူကြီး မပူနိုင်ပါဘူး။ သစ်တောများပြုန်းတီးသွားရင် ရေငွေ့ပြန်နှုန်းများပြီးတော့ မိုးခေါင်တဲ့အချိန် တအားခေါင်ပြီး ရာသီဥတု ပြောင်းလဲမှုတွေကို ဖြစ်စေပါတယ်။

သစ်တောများကို အပြတ်ရှင်းစနစ်နဲ့ သစ်ခုတ်လုပ်ငန်းခွင် ရှိနေတာ အတော့်ကို ဆိုးလှပါတယ်။ ယနေ့ အကျိုးဆက်တွေ ကျွန်တော်တို့နိုင်ငံသားတွေ ခံစားနေရတာဖြစ်ပါတယ်။ သစ်ပင်တွေကို ခုတ်ပြီး စီးပွားရှာကြတဲ့ သူတွေအတွက်ကတော့ ချမ်းသာကြပြီး တကယ်ရေဘေးဒုက္ခတွေ ကြုံတွေ့ရတဲ့အခါမှာတော့ ပြည်သူတွေဘဲ ဖြစ်ပါတယ်။ မည်သည့် သဘောဝဘေးအန္တရာယ်တွေဘဲကျကျ အရင်ဦးဆုံးအနီးကပ်ဆုံးခံရတာကတော့ ဆင်းရဲသားပြည်သူတွေဘဲ ဖြစ်ပါတယ်။ သစ်ခုတ်တဲ့စီးပွားရေးသမားများကလည်း အမြတ်ကြီးတဲ့လုပ်ငန်းတစ်ခုကို စွန့်လွှတ်ဖို့ရန် ခဲယဉ်းလှပါတယ်။ တကယ်တော့ ဒီအဖိုးမဖြတ်နိုင်တဲ့ တိုင်းပြည်ရဲ့ရတနာတွေဟာ လက်တဆုပ် စာလူတစ်စုကောင်းစားဖို့အတွက်ကို ဆုံးရှုံးရတာပဲဖြစ်ပါတယ်။

ချင်းပြည်နယ်မှာလည်း ဒီလိုမိုးကြီးမှုတွေကြောင့် မြေပြို၊ အိမ်တွေပြိုကျ၊ တံတားတွေပျက်စီး၊ ကလေးနှင့် တမူးက တံတားတော်တော်များများဟာ ရေထဲမျောပါခဲ့ပါတယ်။ စစ်တွေနဲ့ မောင်တောမှာဆို တစ်နာရီမိုင်၆ဝနှုန်း နဲ့ တိုက်ခဲ့တဲ့မုန်တိုင်းကြောင့် ဓါတ်တိုင်တွေ၊ သစ်ပင်တွေကျိုးကျခဲ့ပါတယ်။ မကွေးတိုင်း ပွင့်ဖြူမြို့မှာဆိုရင်လည်း အိမ်တော်တော်များများ ရေမြှုပ်နေပြီစး၊ ဆည်တွေကျိုးမယ့်ဘေးကို စိုးရိမ်နေခဲ့ကြရပါတယ်။ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ကြောင်း တလျောက် စီးဆင်းလာတဲ့ ရေတွေကြောင့်၊ ဧရာဝတီတိုင်းဟာ ဆက်လက်ရေကြီးနေပါတယ်။ ကမ်းနားမြို့တွေဖြစ်တဲ့ လေးမျက်နှာ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ သာပေါင်း၊ ကန်ကြီးဒေါင့်၊ ပုသိမ်၊ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ညောင်တုန်း စတဲ့မြို့တွေကို ထိခိုက်ခဲ့ပါတယ်။ သဘာဝရဲ့ဘေးဒဏ်ကို တားဆီးလို့မရပေမယ့် အပျက်အစီးနည်းနိုင်အောင် ကာကွယ်ဖို့လိုပါတယ်။

တစ်သက်စားမကုန်အောင် ချမ်းသာသွားတဲ့သူတွေရှိသလို သစ်တောဖြုန်းတီးမှုရဲ့ နောက်ဆက်တွဲဆိုးကျိုး တွေကို ပြည်သူတွေခံစားနေရပါပြီ။ ဒါဟာ သင်ခန်းစာပဲဖြစ်ပါတယ်။ သစ်တောတွေထပ်မခုတ်ဖို့နဲ့ သစ်တောတွေ ပြန်လည်ဖြစ်ထွန်းလာအောင် ပြုစုပျိုးထောင်ဖို့ လိုအပ်လှပါတယ်။ တိုင်းပြည်ခေါင်းဆောင်တွေအနေနဲ့လည်း ကိုယ်ကျိုးမဖက်အိပ်ထဲမထည့်ဘဲနဲ့ပြည်သူပြည်သားများကို ရင်ဝယ်သားများကဲ့သို့ သဘောထားကာ ရေရှည်စီမံကိန်းတွေ ချပြီးလုပ်ဆောင်ဖို့လိုပါတယ်။ ကိုယ်နဲ့မဆိုင်နေသာကြီးပါကွာဆိုတဲ့ စိတ်ထားမျိုးကို ဖျောက်ပြီး မိမိတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းအလားသစ်တောများကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုပါတယ်ဆိုတဲ့ အကြောင်းကိုဖော်ပြရင်း သဘာဝကို ထိန်းသိမ်းခြင်းဖြင့်သဘာဝရဲ့ ဘေးဒဏ်များမှ ကင်းဝေးနိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းပေး လိုက်ရပါတယ်။