ဖေ‌ဖော်ဝါရီလ ၂၃ ရက် သတ္တမအကြိမ်မြောက် သာမန် တနဂ်နွေနေ့

 ဖေ‌ဖော်ဝါရီလ ၂၃ ရက်

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ဖေ‌ဖော်ဝါရီလ ၂၃ ရက် သတ္တမအကြိမ်မြောက် သာမန် တနဂ်နွေနေ့မှာ ဖြူစင်ခြင်းပါရမီကိုကျင့်ကြံကြဖို့တိုက်တွန်းနှိုးဆော်နေပါတယ်။

ပထမကျမ်းစာ ဝတ်ပြုရာကျမ်းမှာ ဘုရားသခင်သည် သန့်ရှင်းတော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း သန့်ရှင်းစင်ကြယ်ရမည့်အကြောင်း၊ ချစ်ခြင်းမေတ္တာသည် ဖြူစင်ခြင်းကျေးဇူးတော်တိုးပွားစေတယ် ဒါကြောင့် ဘုရားပေးသည့် ချစ်ခြင်းမေတ္တာကိုတိုးပွားရန် တစ်ပါးသူကို မိမိကိုယ်ကို ချစ်သကဲ့သို့ ချစ်ခင်ကြရမည့်အကြောင်းကို သင်ကြားပေးနေတယ်၊

ဆာလံကျမ်းမှာ ဘုရားသခင်သည် သနားကြင်နာတော်မူသော အရှင်သခင်ဖြစ်သည့်အကြောင်း၊ ဒုတိယကျမ်းမှာ တမန်တော်ပေါလူမှ ဖြူစင်ခြင်းပါရမီကျင့်အပ်သည့်အကြောင်းတို့ကို ထပ်လောင်းပြောဆိုဆုံးမထားသည်ကို ကျွန်တော်တို့ ကြားနာခဲ့ရတယ်။

ရှင်မာတေးဦး ကျမ်းစာမှာတော့ ကလဲ့စားချေခြင်းအစား ချစ်ခြင်းမေတ္တာနည်းလမ်း၊ မိမိကို မကောင်းပြုသောသူကို မေတ္တာဖြင့် တုန့်ပြန်ခြင်း၊ မိမိရန်သူကို ချစ်ခြင်းမေတ္တာပြခြင်း ခွင့်လွတ်ခြင်း၊ မိမိရန်သူအတွက် ဆုတောင်းပေးခြင်း စသည့် နည်းလမ်း သုံးသွယ်ဖြင့် ဖြူစင်ခြင်းပါရမီတိုးပွားရန် လုပ်ဆောင်ကြဖို့ သင်ကြားပေးနေတယ်။

၁။။မျက်စိအစား မျက်စိ၊ သွားအစား သွား ဆိုတဲ့ ကလဲ့စားချေခြင်း အစား ချစ်ခြင်းမေတ္တာနည်းလမ်း နဲ့တုန့်ပြန်ကြရမယ်၊ ဘယ်လိုတုန့်ပြန်ရမလဲ သင့်ပါးတစ်ဖက်ကို ရိုက်ရင် ကျန်ပါးတစ်ဖက်ကိုလည်း ပေးပါတဲ့၊ ဆိုလိုတာက ရန်ကို ရန်ချင်းမတုန့်ပြန်ဖို့၊ ရန်ကိုရန်ချင်းတုန့်ပြန်နေသရွေ့ ဘယ်တော့မှပြီးဆုံးမှာမဟုတ်ပါဘူး၊ ကလဲ့စားချေခြင်းအမှုကိုပြုနေသရွေ့ ပြုသူရော၊ ခံရသူပါမဆုံးနိုင်သောဒုက္ခသံသရာထဲမှာ လယ် နေမှာဖြစ်တယ်ဒါ့ကြောင့် သခင်ခရစ်တော် ချစ်ခြင်း မေတ္တာဥပဒေသစ် ဖြစ်တဲ့ ရန်နဲ့မတုန့်ပြန်ဖို့၊ သင့်မြတ်ခြင်းနည်းလမ်းကိုရှာဖို့၊ ခွင့်လွတ်ခြင်းနည်းလမ်းကို အသုံးပြုဖို့၊ ဒီနည်းလမ်းများကသာ သင့်ကိုငြိမ်းချမ်းစေမှာဖြစ်တဲ့အတွက် သခင်ခရစ် တော်သင်ပေး‌နေခြင်းပါပဲ၊ ရန်ကိုရန်နဲ့မတုန်ပြန်ခြင်းဟာ ဖြူစင်ခြင်းပါရမီတမျိုးပါပဲ

၂။။ မိမိကို မကောင်းပြုသောသူကို မေတ္တာဖြင့် တုန်ပြန်ရမယ်တဲ့ ဘယ်လိုဖြစ်နိုင်မလဲ ကိုယ့်ရဲ့ကောင်းမှုစေတနာ၊ မေတ္တာ၊ ခွင့်လွှတ်ခြင်း၊ နားလည်ပေးခြင်းနဲ့ မထိုက်တန်တဲ့သူတွေကို မေတ္တာနဲ့တုန့်ပြန်ရမယ်ဆိုတာ မလွယ်ကူလှပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်တွေ နားလည်လက်ခံထားရမှာက ကျွန်တော်တို့ကိုယ်၌ကလည်း အပြစ်သားတွေ၊ မကောင်းမှုပြုသူတွေ၊ အားနည်းချက်တွေရှိတဲ့သူတွေဖြစ်တယ် ၊ ဘုရားရှင်က သင့်ကို၊ ကျွန်ုပ်ကို ခွင့်လွှတ်ပေးတယ်၊ သည်းခံပေးတယ်၊ နားလယ်ပေးတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့ တစ်တွေကလည်း မိမိကိုမကောင်းပြုသူတို့အား၊ ဘုရားသခင်ကျွန်တော်တို့ကိုခွင့်လွှတ်သကဲ့သို့၊ နားလည်ခွင့်လွှတ်ပေးတတ်သူတွေဖြစ်ကြရမယ်၊ သခင်ခရစ်တော်ကကျွန်တော်တို့ကို မိမိရဲ့ရန်သူကိုချစ်ရမယ်လို့သွန်သင်ခဲ့တယ်၊ သခင်ခရစ်တော်ကိုယ်၌ကလည်း သူ့ကိုမကောင်းပြုသူတွေအားလုံးကို၊ သည်းခံခွင့်လွှတ်ပေးခဲ့ပြီး၊ မေတ္တာပြခဲ့တယ်၊ ကျွန်တော်တို့ရဲ့ဘဝမှာလဲ ကျွန်တော်တို့ရဲ့ခွင့်လွှတ်ခြင်း သည်းခံခြင်းနားလည်ပေးခြင်းတွေနဲ့ မထိုက်တန်တဲ့သူတွေကို သခင်ခရစ်‌​တော်တုန့်ပြန်ခဲ့သလို ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ စသည့်နည်းလမ်းတွေနဲ့တုန့်ပြန်နိုင်ရမယ်၊ သူတို့ကောင်းလို့သူတို့လိုမဟုတ်၊ ကျွန်တော်တို့သင်တို့က ခရစ်တော်ရဲ့ နောက်လိုက်တွေဖြစ်နေလို့ ခရစ်တော်ကဲ့သို့တုန့်ပြန်ခြင်းသာဖြစ်တယ်။ ဒီနည်းလမ်းဟာ ခရစ်ယာန်ပီသခြင်းကိုဖော်ပြသောနည်းလမ်းဖြစ်တယ်၊ ဒီနည်းလမ်းဟာ ယုံကြည်လိုက်ကျင့်သူတွေကို ဖြူစင်ခြင်းစီသို့ခေါ်ဆောင်နေတယ်

၃။။ နောက်ဆုံးတစ်ချက်အနေနဲ့ မိမိအပေါ် မကောင်းပြုသူတွေကို၊ တိတ်ဆိတ်စွာ ဆုတောင်းပေးနေခြင်းအမှုပဲဖြစ်တယ်၊ အလွန်အင်မတန်ခက်ခဲတဲ့အလုပ်ဖြစ်ပါတယ်၊ လူတွေဟာ ကိုယ့်အပေါ်ပြုခဲ့သည့်မကောင်းမှုတစ်ခုခုကို စိတ်ထဲစွဲလမ်းပြီး၊ မကောင်းမှုဖြင့်တုန့်ပြန်ရန်သာ တွေးတောကြံစည်တက်ကြပါတယ်၊ ခွင့်လွတ်ဖို့တောင်ခဲရင်းနေသူတွေအတွက်၊ ကောင်းမှု‌ မေတ္တာပို့သပေးဖို့ဆိုတာ အလွန်အင်မတန်ခက်ခဲ‌ သောအလုပ်ဖြစ်ပါတယ်၊ မိမိရဲ့ရန်သူကို၊ မကောင်းပြုသူကို၊ ဆဲရေးတိုင်းထွာစော်ကားသူကို၊ သင့်စိတ်နှလုံးအတွင်းက၊ တကဲ့လိုလားသောစိတ်ဆန္ဒဖြင့် သင်ဆုတောင်းမေတ္တာပို့သပေးနိုင်ပြီဆိုလျှင် သင်ဟာ ငြိမ်းချမ်းသူ၊ မေတ္တာတရားပြည့်ဝသူ၊ ကျေးဇူးတော်ပါရမီများနှင့် အသက်ရှင်နေထိုင်သူတစ်ဦးဖြစ်နေပါပြီ၊ ထိုအချက်တွေဟာ ဘုရားရှင်နှင့်သင်၏ နီးစပ်မှုကိုဖော်ပြခြင်းပါပဲ၊ ဘုရားရှင်နှင့်နီးစပ်သူတွေဟာ သန့်ရှင်းသောသူတွေဖြစ်ကြတယ်၊ သင်ဟာသန့်ရှင်းသူတစ်ယောက်ဖြစ်နေတယ်။ ဘုရားရှင်အလိုရှိတဲ့သန့်ရှင်းခြင်းပါရမီ၊ ဖြူစင်ခြင်းပါရမီ၊ စသည့်ကျေးဇူးတော်တို့ကို နေ့စဉ်တိုးပွားနေဖို့၊ တစ်ပါးသူကိုခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ နားလည်မှုပေးခြင်း၊ မိမိဘဝကိုနှိမ့်ချစွာသက်ရှင်ခြင်း၊ မိမိကိုမကောင်းပြုသူတို့အား၊ အတွင်းစိတ်နှလုံးမှခွင့်လွှတ်ပြီး မေတ္တာပို့သနိုင်သူများဖြစ်ကြပါစေ။။

Add new comment

4 + 0 =