ဘုရား အယူအဆ

ဘုရား အယူအဆ

အားလုံးသော ယုံကြည်ကိုးကွယ်မှုဘာသာအသီးသီးက လောကလူသားနှင့် စကြဝဠာကြီးတခုလုံးသည် ကျေနပ်ဖွယ်မရှိဖူးဟု ဝန်ခံကြပါသည်။ ထိုဘာသာများအားလုံးက အဆုံးအစွန်ပြည့်စုံ သည့်သဘောတစ်ခုရှိကြောင်း ပုံသဏ္ဍာန်အမျိုးမျိုးနှင့် လက်ခံကြ ပါသည်။ ထိုသဘောကို လူ့မနောမှာ ထင်ပေါ်စေခြင်းသည် အလွန် အရေးကြီးလှပါ၏။ အဘယ်ကြောင့်ဆိုသော် မှားယွင်းစွာ ပေါ်လာသော သဘောများကြောင့် လူသားတို့သည် နောက်ဆုံးပန်း တိုင်မှ လွဲချော်သွားနိုင်လေသည်။ ထို့ကြောင့်ပင် ဘာသာနှင့် ဒဿနဗေဒတို့သည် နည်းနှစ်မျိုး၊ စနစ်နှစ်မျိုးဖြင့် လမ်းခင်းပေးကာ လူများစွာတို့ကို လမ်းမှန်ပေါ်ရောက်စေလေသည်။

ဒဿနဗေဒသည် တွေးတောကြံဆနိုင်သော အသိဉာဏ် ဖြင့် သဘာဝသစ္စာတရားများကို ကျိုးကြောင်းဆင်ခြင်ပြီး လူတို့၏ ဘုရား ရှာဖွေခြင်းခရီးမှာ အကူအညီပြု၏။ ဘာသာသည် လူတို့ကို သဒ္ဓါပွားစေ၍ မသိမှုသံသယမှ ဝေးစေလေသည်။

ဒဿနသည် လူ့အသိဉာဏ်ဖြင့် အခြေခံသဘောတရား များမှ အစပြု၏။ ဘာသာသည် ဉာဏ်ရှိသူတို့ သိအပ်သော အခြေခံသမ္မာသဘောတရားမှ အစပြု၏။ ထိုဉာဏ်သည် သဗ္ဗညုတ ဉာဏ်တော်ရှင်ကို အခြေခံသော သဒ္ဓါတရားမှ အစပြုလေသည်။ ထိုသဒ္ဓါ၌ (အညာဏ) မသိမှုနှင့် (သံသယ) ယုံမှားမှု၊ (မိစ္ဆာညာဏ) အသိမှားမှု ကင်း၏။
ဒဿနတွင် အကျင့်မပါသော အသိဉာဏ်သာ ဖြစ်စေ၍ ဘာသာ၌ စရဏပါသောသဒ္ဓါ​​ဖြစ်စေသည်။ ဒဿနဗေဒသည် လူ့အာရုံငါးပါး၏ ခံစားတွေ့ထိမှု နိယာမမှစ၍၊ ဘာသာတွင် ပဏ္ဍိတ ဝေဒနိယာကို အခြေခံသော ဗောဓိဉာဏ်မှစ၏။ ဒဿနနှင့် ဘာသာ တို့သည် တစ်ခုနှင့်တစ်ခု မဆန့်ကျင်ကြပါ။ သို့သော် ဒဿနဗေဒ သည် သဒ္ဓါတရားများနှင့် မကိုက်ညီနိုင်၊ လိုက်မမီနိုင်သည်များတော့ ရှိနိုင်ပါ၏။

ဒဿနဗေဒပညာရှင်သည် ဘုရားဆိုတာ တည်ရှိတော်မူပါ သည်ဟုသာဝန်ခံနိုင်၏။ သူထိတွေ့နိုင်သော အာရုံငါးပါးနှင့်ဆိုင်ရာ အရာဝတ္ထုပစ္စည်းအစုစုကိုမှီငြမ်း၍ ဘုရား၏အဖြစ်တော် ပြည့်ပြည့် စုံစုံကို တိတိကျကျ တွေးခေါ်စဉ်းစားရန် မမီနိုင်ပါချေ။ သို့သော် ဒဿနဗေဒ၏ အသုံးပြုပစ္စည်းများ (ဥပမာ - ကမ္ဘာမိုးမြေ၊ လူ၊ သတ္တဝါ၊ မိုးကောင်းကင်၊ စကြဝဠာများ)နှင့် ကျိုးကြောင်းဆင်ခြင် နိုင်သော လူ့ဉာဏ်ကို သဗ္ဗညုတအရှင်တော်မြတ်၏ နှုတ်တော် မြိုက်ဆုံးမသွန်သင်ရာ၌ သန္ဓေတည်သော ဘာသာဖြင့်ပေါင်းစပ် လိုက်ပါမူ အမှန်တရားတစ်ခုသို့ ရောက်ရပါမည်။ သစ္စာတရားတစ်ခုကိုတွေ့ရမှာ ဧကန်မုချဖြစ်ပါသည်။

ထို့ကြောင့် လူတို့၏ ဘုရားရှာဖွေခြင်းခရီးမှတ်တမ်းကို ဒဿနဗေဒကို အခြေခံ၍လေ့လာကြပါမည်။ ထို့အပြင် ဤ ခေါင်းစဉ်သည် ဘာသာသမိုင်းစစ်စစ် မဟုတ်ပါ။ ဘုရားအယူအဆ အဆင့်ဆင့်ဖြစ်ပေါ်လာပုံကို အတိုချုံကာ လေ့လာခြင်းသာ ဖြစ် ပါသည်။

ဘုရားဝါဒသည် ကမ္ဘာ့ယဉ်ကျေးမှုနှင့်အတူ အာရုံတက်၍ တွက်ပေါ်လာခဲ့သည်ဟု ဆိုစမှတ်ပြုကြပါသည်။ သို့ဖြစ်ပါလျှင် ဤအယူအဆသည် မည်ကဲ့သို့ထွက်ပေါ်လာရပါသနည်းဟု အစ ချီ၍ မေးရပါမည်။ ရှေးဦးဂရိဒဿနပညာရှင် အရစ်တိုတဲ (Aristotle)က (၁) လူ့အာရုံငါးပါး၌ ထင်ဟပ်လာသည့် လောက ကမ္ဘာနှင့် စကြဝဠာကြီးဆိုင်ရာ အကြောင်းအရာများ (cosmic phenomena)နှင့်၊ (၂) လူ့အတွင်းစိတ်ခံစားမှုများ (ဥပမာ - မည်သူ ကမှ ပြောမပြဘဲ ဩတပစိတ်မှာ အမှားနှင့် အမှန်ကို ခွဲခြားသိနိုင် q8:e: voice of conscience with regard to what is right and wrong)မှ ထွက်ပေါ်လာခဲ့ပါသည်ဟု ဖြေခဲ့လေသည်။

ဗီဟင်းမစ်တ်(Wilhem Schmidt)ပြောသကဲ့သို့ လူ့သမိုင်းအစမှ ဘုရားဝါဒကိုရှင်းပြရန် သူတို့ မြင်တွေ့ကြသော စကြဝဠာလောက ကမ္ဘာကြီး၏ အံ့ဖွယ်ရာများမပါလျှင် မဖြစ်နိုင် ပါချေ။မှန်ပါသည်။ နေ့စဉ်အသက်တာ၌ လူသည် လောကကမ္ဘာ ကြီးနှင့် ထိတွေ့နေရ၏။ လောကစကြဝဠာကြီး၏ အဖြစ်အပျက် များသည် လူ့စွမ်းပကားကို ကျော်လွန်နေကြောင်း ရိပ်စားမိ၏။ အချိန်မှန်မှန်၊ စည်းမှန်မှန် ပြောင်းလဲလည်ပတ်နေသော နွေ၊ မိုး၊
ဆောင်းဥတုရာသီသုံးပါးသည်လည်းကောင်း၊ သစ်ပင်ပန်းမာန်နှင့် သက်ရှိသတ္တဝါကြီးငယ်မရွေးတို့၏ ပေါက်ဖွားလာရခြင်းသည် လည်းကောင်း၊ အံ့မခန်းသည့်ကောင်းကင်မှ ကြယ်နက္ခတာရာများ၊ ကျယ်ပြောလှသော ဂါလာဆီအဖွဲ့အစည်းကြီးများ၊ လေမုန်တိုင်း၊ မိုးကြိုးနှင့် လျှပ်စီးလက်ခြင်းများသည်လည်းကောင်း၊ ကမ္ဘာတခုလုံး သိမ့်သိမ့်တုန်အောင် လှုပ်နိုင်စွမ်းသည်တော်လည်းသံနှင့် မြေငလျင် သည်လည်းကောင်း၊ လောကတခွင်ကိုအေးမြစေ၍ သက်ရှိအပေါင်း ကို သက်ရေတိုက်ကျွေးတတ်သော မိုးရွာခြင်းသည်လည်းကောင်း လူသားများအတွက် အံ့မကုန်ဖြစ်ရလေသည်။

ဤအဖြစ်အပျက် အကြောင်းအရာများသည် လူကိုအမှီ မပြုသော်လည်း လူ့အသက်အတွက် အခြေခံကျသော အကြောင်း အရာများ ဖြစ်ကြလေသည်။ အံ့ဩခြင်းနှင့် ချီးမွမ်းဖွယ်ရာများသည် လူသားကို အတွေးတစ်ခုအစပြုစေသည်။ ထိုအတွေးမှာဤအရာများဖြစ်ပေါ်လာရခြင်း (Effect)၏အကြောင်းတရား (Cause) (သို့) ဤအကြောင်းအရာများ၏ မူလဇစ်မြစ် (သို့) ပြုလုပ်သူ
အရှင်သခင်ရှိ/မရှိပင်ဖြစ်၏။ အရစ်တိုတဲ(Arisrotle)ဆိုသကဲ့သို့ ဒဿနဗေဒ၏ ပစ်မှတ်သည် အကြောင်းဟူသောသဘောနှင့် အကျိုးဟူသော သဘောဖြစ်၏။ ဤသို့ဖြင့် ပထမဦးဆုံးအကြောင်း တရား (သို့) ပထမဆုံးပြုလုပ်သူ (First Mover) ထံသို့ ဆိုက်ဆိုက် ရောက်ရလေသည်။ ဤပထမဆုံးပြုလုပ်သူကို တွေ့ခြင်းသာလျှင် လောကစကြဝဠာကြီးအတွင်းမှ အမှန်တရား၏ အခြေခံအကြောင်း အရာဖြစ်လေသည်။

လူသည် အပေါ်ယံမဟုတ်ပဲ သမ္မာဒဿနကျကျ စဉ်းစား ပါလျှင် သဘာဝအဘိဓမ္မာကို တွေ့ရပေမည်။ ဥပမာ- သစ်ပင်ကြီး သည် သစ်တုံးတစ်တုံးထက် သာလွန်ပါ၏ ဆိုရာတွင် သစ်ပင်၌ အသက်ရှိခြင်း၊ တည်တံ့ခိုင်မြဲခြင်း၊ ရွေ့ရှားမှုမရှိခြင်း၊ မူလအရင်းခံ ဖြစ်ခြင်း၊ စွမ်းပကားစသည့် သစ္စာတရားများကြောင့်ဖြစ်၏။ ထိုသို့ဖြင့် သစ်ပင်ဆိုသည့် ရုပ်ဝတ္ထုအလွန်မှ သဘောတရားတစ်ခုကို တွေ့လာ ရ၏။ အဆုံးတွင် ရုပ်အလွန်မှ ထိုသဘောတရားသည် သစ်ပင်၏ အမြစ်၊ ပင်စည်၊ အကိုင်း၊ အခက်၊ အရွက်၊ အဖူး၊ အံ၊ အပွင့်၊ အသီး၊ အစေ့တို့၌ ဖေါ်ပြနေလေပြီတည်း၊ ဤအတွေးနှင့် ခံယူ ချက်များကြောင့် ပင် လူတို့သည် သဘာဝအဘိဓမ္မာထဲတွင် ပြုလုပ်သူ၊ စီမံသူတစ်ဦးရှိရမည်ဟု မှတ်ချက်ချခဲ့ကြ၏။ ထိုပုဂ္ဂိုလ်ကို စွမ်းအင်ရှင်၊ ဖန်ဆင်းရှင်ဟုခေါ်ကြ၏။

တဖန် ရှေးပဝေသဏီမှ ဘုရားဝါဒများတွင် ကောင်းကင် စကြာဝဠာကြီးသည် သန့်ရှင်းပါ၏ အယူအဆများလည်းရှိခဲ့ပါ သည်။ ထိုလူတို့အတွက် သဘာဝတရားကြီးကို သဘာဝဓမ္မ (natural) စစ်စစ်အဖြစ် မမြင်နိုင်စွမ်းကြသေးပါ။ သူတို့မြင်ရ သည်မှာ စကြဝဠာကြီး၏ အဆုံးအပိုင်းအခြားမရှိခြင်း(အနန္တ)၊ လက်တွေ့ (သို့) အသိဉာဏ်ကို ကျော်လွန်နေခြင်း (transcendent)၊ စွမ်းပကားသင်္ကေတအဖြစ်မြင်၍ အရာအားလုံးထက် သာလွန်ကြောင်း မှတ်ထင်၏။ မြင့်မားခြင်း၊ အစအဆုံးမရှိခြင်း များကိုလည်း သတိပြုမိကြ၏။ ထို့ကြောင့် ကောင်းကင် (sky) သည် ဘုရားများ၏ နေရာသာဖြစ်ရမည်။ တချို့သော အခွင့်ထူးခံလူများ သည်လည်း သေပြီးပါက ထိုကောင်းကင်သို့သွားကြ၏ဟု ဆိုကြ လေသည်။ ထိုစကြဝဠာကြီး၏ အားလုံးသောသဘာဝတရားကြီး သည် မကုန်မဆုံးနိုင်သော ဘုရား၏ ဘုန်းတော်ထင်ရှားရာဖြစ်၏။ ကြယ်နက္ခတ်တာရာ၊ လေမုန်တိုင်း၊ မိုးခြိမ်းသံ၊ လျှပ်စီးလက်ခြင်း၊ သက်တန့်၊ မိုးရွာခြင်းအားလုံးသည် ဘုရားဘုန်းတော်ထင်ရှားပြရာ များသာဖြစ်၏ဟု ယုံကြည်ကြ၏။

ဘီစီ (၄)ရာစုလောက်ထိ ဤမိုးကောင်းကင်ကို ကိုးကွယ် ကြသော အယူအဆသည် ဂရိပြည်နှင့် ၄င်းအုပ်စိုးရာ တိုင်းပြည်နေရာဒေသများ၌ ထွန်းကားနေခဲ့သေးကြောင်း တွေ့ရပါသည်။ ဤအချိန်အခါတွင် နေဘုရား၊ လဘုရား၊ ကြယ်ဘုရား စသည် ဖြင့်လည်း လက်ခံနေခဲ့၏။ နက္ခတ်ဗေဒပညာသည် လူတို့အား ဘုရားကြည်ညိုခြင်းကို လှုံ့ဆော်ပေးသလို ကောင်းကင်ကို လေ့လာ မှတ်သားခြင်းမှ လူကို ချမ်းမြေ့ခြင်းဖြစ်စေ၏ဟုပင် ဂရိအတွေး အခေါ်ပညာရှင် ပလေတို (Plato)က ဆိုလေ၏။ အရစ်တိုတဲလ် (Aristotle)ကမူ ရှုမငြီး၊ အံ့မကုန်သည့် စကြဝဠာကြီးကို ကြည့်မိ သူတိုင်း ထိုစကြဝဠာကြီးမှ ကြယ်နက္ခတ်တာရာများ၊ ဂြိုဟ်ကြီး ဂြိုဟ်ငယ်များကို ဘုရားများ (သို့) ဘုရား၏ လက်ရာများဟု တွက်ဆကြပေလိမ့်မည် ဟုဆိုလေသည်။ နောက်ပိုင်းတွင် သူ၏ ဘုရားအယူအဆ၌ သူက ဘုရားဆိုသည်မှာ တစ်ပါးတည်းအနန္တ ဖြစ်၍ လောကစကြဝဠာကြီး၏ ခိုင်မြဲသောထာဝရ ဖန်ဆင်းရှင် (The First Unmoved Mover)" ဟု ဆိုလေ၏။

လူတို့သည် သူတို့ဘဝအတွက် အရေးပါအရာရောက် သော ပုဂ္ဂိုလ် (သို့) အရာဝတ္ထုများကို ဘုရားအဖြစ်ဖြင့် ဦးထိပ်ထား ကိုးကွယ်ကြသည်များလည်းရှိ၏။ ကျောက်ဆောင်သည် မာကျောမာကျော ၏။ ခိုင်ခန့်၏။ လေဒဏ်၊ မိုးဒဏ်၊ နေဒဏ်ကိုတုန်လှုပ်ခြင်းမရှိ။ ရွေ့လျားပြောင်းလဲခြင်းမရှိ။ ထိုကျောက်ဆောင်ကို တန်ခိုးရှင် (သို့) ဘုရားအဖြစ်မြင်လာ၏။ ထို့ကြောင့်ပင် ရှေးအခါမှာ ကျောက်ကိုဘုရားအဖြစ် ကိုးကွယ်သူများ ရှိခဲ့လေသည်။

တချို့သော အဆိုများအရမူ ဘု ရားအယူအဆသည် သဘာဝဓမ္မ၏ အဖြစ်အပျက်အကြောင်းအရာများကို တွေ့၍
ကြောက်ရွံ့ ထိတ်လန့်ကာ လူ၏အားထားရာမဲ့မှုကြောင့် အစပြု ပါသည်ဟု ဆိုကြ၏။
ထို့ကြောင့် လကြတ်ခြင်း၊ နေကြတ်ခြင်း၊ ကြယ်ကြွေခြင်း၊ တော်လည်းခြင်း၊ ငလျင်လှုပ်ခြင်း၊ မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း နှင့် တခြားထူးဆန်းသော စိတ်လက်မချမ်းမြေ့ဖွယ်ရာများကြောင့် ရှေးခေတ်လူတို့သည် ဒူးဆတ်ဆတ်တုန်ကာ ကြောက်ရွံ့ကြကုန်၏။ ထိုသို့ဖြင့် ဒူးထောက်ရိုကျိုးလက်စုံမိုးကာ ရှိခိုးဦးညွတ်ကြ၏။ ပူဇော်သက္ကာအမျိုးမျိုး၊ တံစိုးလက်ဆောင်အသွယ်သွယ်ဖြင့် ပူဇော် ပသကြကုန်၏။ အကြောက်နှင့်အမျှော်စွဲများကြောင့်သာ ဖြစ်၏။
ဤအားထားရာမဲ့မှုမှစပြီး ပတ်ဝန်းကျင် ကမ္ဘာလောက၌ အကောင်းအဆိုးကို ဖြစ်စေနိုင်သော စွမ်းအင်ရှင်ယုံ ကြည်မှု အမျိုးမျိုးကို လူ့စိတ်တွင်း၌ ဖြစ်ပေါ်စေခဲ့၏။ လူသားရာဇဝင် ခေတ်ဦးလောက်တွင် လူသားတိုင်း သဘာဝဆိုင်ရာ အင်အားစုများ ကို လုံးဝအလျှော့ပေးရခြင်းများကြောင့် သူတို့၏ ယုံကြည်ရာများ အစပြုစေ၏။ ဤသို့ဖြင့် ကြောက်စိတ်မှ ပေါ်ထွက်လာသောအားကိုးရာရှာဖွေလိုသည့်ဆန္ဒဖြင့် တောများ၊ တောင်များ၊ သစ်ပင်များ၊ ဥယျာဉ်များ၊ ရေ၊ မီး၊ တိရိစ္ဆာန်မျိုးစုံ၊ ထိုမှတဆင့် နတ်အမျိုးမျိုး၊ ဘီလူး စသည်ဖြင့် ကိုးကွယ်လာကြလေသည်။

ဘာသာသမိုင်းများတွင် ဘုရား ဆိုသည် ယုံကြည်ရာ ပေါ်ပေါက်လာပုံ အခြားတစ်မျိုးလဲရှိပါသေးသည်။ လူအသီးသီး တို့၏ ထင်မြင်ချက်မှာ ပတ်ဝန်းကျင်လောကကြီး တစ်ခုလုံးသည် ကာယများနှင့်သာမကပဲ နာမကာယ (သို့) ဝိညာဉ်များဖြင့်လည်း ပြည့်လျက်ရှိ၏။ ၄င်းနာမ် (သို့) ဝိညာဉ်များသည် ရုပ်အခြေခံမှ ကင်းကွာလျက်သော်လည်းကောင်း တည်ရှိ၏။ ထိုသောအခါ သဘာဝဓမ္မ၏ ဆန့်ကျင်ဘက်ဖြစ်သော အင်အားစုများနှင့် မျက်နှာချင်းဆိုင်လာရသောအခါ ထိုနာမ်ကာယများကို ကိုးကွယ်
သော (Animism) ဘာသာတစ်ခုအနေဖြင့် ဖြစ်ထွန်းလာသည်။ ထိုသို့ဖြင့် ဘုရားကို ဝိညာဉ်နာမ်သက်သက်အဖြစ် ယုံကြည်ခဲ့ကြ သည်။ ထို့ နောက်ပိုင်းတွင် သဘာဝအင်အားစုများ (သို့) တန်ခိုးတော်ရှင် (သို့) ဘုရားကို လူသား၏ပုံသဏ္ဍာန်နှင့် ဂုဏ်အင်္ဂါတို့ဖြင့် အစားထိုး လာကြပြန်လေသည် (Anthropomorphism: Anthropos = လူ၊ Morphe = ပုံသဏ္ဍာန်)။

အာ၊ အော့တို၏ အဆိုအရ ဘုရားနှင့် ဘာသာအယူအဆ သည် အံ့ဖွယ်ရာများနှင့် ချီးမွမ်းဖွယ်ရာများ၊ သေသူများကို ကိုးကွယ်ခြင်း၊ မိစဉ်ဖဆက်ဘိုးဘွားဝိညာဉ်များအပါအဝင် အခြား
သော နာမ်ဆိုင်ရာ၊ ဝိညာဉ်ဆိုင်ရာ တန်ခိုးပါဝါကို သဘာဝဖြစ်ရပ် များတွင် အစားထိုးယုံကြည်မှု၊ လူသားပုံသဏ္ဍာန် ဂုဏ်အင်္ဂါဖြင့် ပြည့်သော ဘုရားအဖြစ်ယုံကြည်မှု၊ ရုပ်ထုကိုးကွယ်ခြင်း စသည်ဖြင့် အဆင့်ဆင့် ဖြစ်ပေါ်ပြောင်းလဲလာပါသည်။

တဖြည်းဖြည်းနှင့် ဘုရားဆိုသည်ကို ဘုရားများ အနေနှင့် လက်ခံလာကြ၏။ လူမျိုးတစ်စုနှင့်တစ်စု မတူကြခြင်းသည် ဘုရားများစွာရှိခြင်း အရိပ်အမြွက်ပင်ဖြစ်၏ဟု ဆိုလေသည်။ အတွေးအခေါ်ပညာရှင် အေပီကုရု (Epiurus)အတွက်မူ လောက ကမ္ဘာကြီး၏ ဖေါက်ပြန်မှုကင်းမဲ့ခြင်းသည် မရေမတွက်နိုင်အောင် များပြားလှသည် ပျက်စီးယိုယွင်းတတ်သောအရာများ ကို မပျက်စီး မယိုယွင်းမကုန်ဆုံးနိုင်သော အရာများမှ ညီညီမျှမျှထိန်းချုပ် ထားခြင်းဖြစ်၏ဟု ဆိုလေသည်။

ဘီစီ (၈) ရာစုနှစ် ၃၀ ရာစုနှစ်များတွင် ကမ္ဘာ့အနောက် ခြမ်းမှာကဲ့သို့ ကမ္ဘာ့အရှေ့ခြမ်း၌လည်းဘုရားနှင့် လူ့ ဒုက္ခ အကြောင်းရင်းတို့ကို ရှာဖွေရန်စိတ်သန်ခဲ့ကြ၏။ အိန္ဒိယနိုင်ငံတွင်း သို့ ဝင်ရောက်လာသော အာရပ်လူမျိုးစုများသည် (Second
millenium, ဘီစီ ဒုတိယထောင်စုနှစ်ခန့်) သူတို့နှင့်အတူ ဘုရားအများကိုးကွယ်ခြင်း (Polytheism) သယ်လာခဲ့ကြ၏။ ဤသည် ကား ဟိန္ဒူဘာသာ၏ အစလည်းဖြစ်၏။ လောကသဘာဝဓမ္မ၏ ဆန့်ကျင်ဘက်ဖြစ်သော စွမ်းအင်များနှင့် ရင်ဆိုင်နေရသော ထိုလူတို့ သည် ထိုအင်အားစုများကို ဘုရားများအဖြစ် ကိုးကွယ်နေခဲ့ကြ၏။ တစ်ဦးစီ၏ လိုအပ်ချက်ပေါ်မူတည်၍ ဘုရားများကိုရွေးကာ ဦးညွတ် ကြ၏။ ဆုတောင်းကြ၏။ တချို့၏အဆိုရမူ ထိုလူတို့သည် ဒေဝဟုခေါ်သော နတ် (သို့) ဘုရား (၃၃)ပါးကို ကိုးကွယ်ကြ၏။ သူတို့ထဲတွင် အကြီးဆုံးဘုရားမှာ (Indra) ဣန္ဒြဖြစ်၍ သူ့ကို လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီး၊ မုန်တိုင်းတို့နှင့် တင်စားခေါ်ဝေါ်ကြလေသည်။ ဒီယုပိတာ (Dyauth Pita)သည် စကြဝဠာ၏ဘုရားဟုလည်း
ကောင်း၊ အာစုရာ (Asura)ကို ကောင်းကင်ဘုရား၊ အို (Agni)၊ အာတွန် (Atman)နှင့် ဗိဿနိုး (ဗိသျှနူး၊ Vishnu)ဘုရားများ ကိုလည်း ကိုးကွယ်ကြ၏။ နောက်ပိုင်းတွင် ကရိရှနား (Krisna) သည် အကြီးဆုံးသောဘုရားအဖြစ် ယုံကြည်ကြလေသည်။

ထိုမှတဆင့် ပြောင်းလဲလာသောအခါ ဘုရားကို တစ်ဆူ တည်းအဖြစ်၊ သန့်ရှင်းတော်မူသောအရှင်၊ ဖန်ဆင်းရှင်၊ ထာဝရ ဘုရား၊ အစိန္တေယျ၊ အပ္ပမေယျ၊ အတုမဲ့၊ အတုလံဘုရားအဖြစ်ယုံကြည်ကြလေသည်။

နိဂုံးချုပ်ဆိုရပါမူ ရှေးပဝေသဏီမှ အစပြုခဲ့သော ဘုရား ဝါဒကို လူရိုင်းဘာသာဟုလည်း အထင်မသေးအပ်ပေ။ ဆရာ ရှမစ်သ် က ပဝေသဏီမှ လူသားသည် ဘုရားဆိုသည် အန္တ တန်ခိုးတော်ရှင်ကို ရုပ်မဲ့၊ ခန္ဓာမဲ့၊ နာမ်သက်သက်အဖြစ် ယုံကြည်ခဲ့ ကြပါသည်။ ထို့အပြင် ထိုလူသားတို့ကို ယုတ္တိမရှိသော၊ ကြောင်းကျိုး ဆက်စပ်ဆင်ခြင်မှု့ မစွမ်းသော ခေတ်ဟောင်းအတွေးအခေါ်ရှင် များ၊ မှောက်မှားသော၊ တယူသန်အစွဲအလမ်းကြီးမားသူများ ဟုလည်း မခေါ်အပ်ပါဟု ဆိုလေသည်။ သူကပင်ဆက်၍ စိတ်ဝင် စားစရာကောင်းသော ရှေးဘာသာများမှ အချက်များကို ထိုလူသား တို့၏ သဘာဝဓမ္မကြီးမှ အံ့ဖွယ်ရာများမှတဆင့် တွေ့မြင်ခဲ့ကြသော ခံယူချက်များအဖြစ် လက်မခံလျှင် ရှင်းပြရန် အလွန်ခက်ခဲပေ လိမ့်မည်။ တိတိကျကျပြောရပါမူ ထိုရှေးပဝေသဏီမှ ဘာသာအယူ အဆ အားလုံးနီးပါးလိုပင် အန္တအဖြစ်တော်ရှင်ကို ယုံကြည် သက်ဝင်၍ ဦးညွှတ်ရှိခိုးကိုးကွယ်ခဲ့ကြ၏။ မကြာခဏဆိုသလိုပင် ထိုအနံ့နှံအဖြစ်တော်ရှင်ကို ဘုရား (သို့) ဖန်ဆင်းရှင်ဟု အသိ အမှတ်ပြုကြပါသည်ဟု ဆို၏။

ဘုရားယုံကြည်မှု အယူအဆသည် ခေတ်အဆက်ဆက် ပြောင်းလဲတိုးတက်လာခဲ့ပါ၏။ သို့သော် တသဝေမတိမ်း လက်ခံလာခဲ့သော တိုးတက်ခြင်းများနှင့်အတူအစဉ်အဆက်ယုံကြည်ရာများ တို့သည် ပြောင်းလဲခြင်းများနှင့် အမြဲအတူရှိနေသည်မှာတော့ အံ့ဩစရာပါပေ။ ခေတ်သစ်အတွေးအခေါ်ဟုဆိုသော်လည်း ထိုခေတ်သစ်အတွေးထဲ၌ပင် ရှေးခေတ်က သန္ဓေတည်ခဲ့သော အကြောင်းအရာများစွာ ပါနေတတ်ပြန်ပါသည်။ ထိုသန္ဓေ သည် ကား ဘုရား အယူအဆပင် ဖြစ်လေသည်။

ဆရာတော်မာကုတင်ဝင်း

 

Add new comment

1 + 0 =